News

POST TYPE

IT

MyanDuty မိုဘိုင်းလ် App ရေးဆွဲသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခြင်း
14-Feb-2017 tagged as နည်းပညာ App

ပြည်တွင်းကွန်ပျူတာ တက္ကသိုလ်များနှင့် နည်းပညာ တက္ကသိုလ်များမှ ကျောင်းသားလူငယ်များက နည်းပညာ ထုတ်ကုန်များ၊ မိုဘိုင်းလ် App များကို ရေးဆွဲထုတ်လုပ်လာနိုင်ကြပြီ ဖြစ်သည်။ မြို့ကြီးများရှိ ကျောင်းများတင်မက နယ်မြို့များရှိ ကျောင်းများမှ ကျောင်းသားများကပါ အကန့်အသတ်များကြားမှပင် နည်းပညာရပ်များကို လေ့လာပြီး တီထွင်လာနိုင်ကြပြီ ဖြစ်သည်။ ပြည်တွင်းမှ ကျောင်းသားလူငယ်များကို Samsung Tech Instituteက မိုဘိုင်းလ် App ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ပြီး ယင်းပြိုင်ပွဲဝင် မိုဘိုင်းလ် App များအနက်မှ ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) မှ တတိယနှစ် ကျောင်းသား၊ ကျောင်းသူသုံးဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် MyanDuty မိုဘိုင်းလ် App သည် အခွန်ဆောင်ရမည့် ရာခိုင်နှုန်းများကို အလွယ်တကူ တွက်ချက်နိုင်မည့် မိုဘိုင်းလ် App တစ်ခု ဖြစ်သည်။ နယ်မြို့များရှိ ကျောင်းသားများ၏ နည်းပညာရပ်များကို လေ့လာရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် နည်းပညာရပ်များအပေါ် စိတ်ပါဝင်စားမှု အခြေအနေများကို MyanDuty မိုဘိုင်းလ် App ရေးဆွဲသည့် ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) ကျောင်းသား၊ ကျောင်းသူ သုံးဦးနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) က ပြီးခဲ့တဲ့ Samsung Tech Institute က လုပ်တဲ့ မိုဘိုင်းလ် App ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ရှိတယ်။ အဲ့ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့တဲ့ App နာမည်နဲ့ ဘာတွေလုပ်လို့ရမလဲ ဆိုတာ ပြောပေးပါ။

MyanDuty : Myan Duty လို့ ခေါ်ပါတယ်။ သူက ဘာတွေလုပ်လို့ရလဲ ဆိုတော့ ကျွန်တော်တို့ နယ်စပ်တွေမှာ သွင်းကုန်ထုတ်ကုန်တွေအတွက် Custom ကို အခွန်ဆောင်ရတယ်။ အဲ့ဒီလိုဆောင်တဲ့ချိန်မှာ ရာခိုင်နှုန်းတွေ ပုံသေနည်းတွေနဲ့ တွက်ရတယ်ဗျ။ ပစ္စည်းတစ်ခုနဲ့ တစ်ခုက ရာခိုင်နှုန်း မတူတာတွေကို ပုံသေနည်း အဆင့်ဆင့် တွက်ရတယ်။ ကုန်အမျိုးအစားတွေ ကအများကြီးကို တွက်ရတော့ အချိန်တော်တော်ကြာတယ်ပေါ့။ အဲ့ဒါတွေကို ဒီ App က အချိန်တိုအတွင်း မှန်ကန်စွာ တွက်ချက်နိုင်မှာပါ။

Voice : ဒီမိုဘိုင်းလ် App ရေးဆွဲတဲ့ နေရာမှာကျတော့ ဘယ်လိုအခက်အခဲတွေ ဖြစ်ခဲ့သလဲ။ 

MyanDuty : အခက်အခဲကတော့ ကျွန်တော်တို့ လိုအပ်တဲ့ အချက်အလက်တွေ လိုက်ကောက်တဲ့ အချိန်မှာ အချက်အလက် အစစ်အမှန်တွေရဖို့ နည်းနည်းတော့ အခက်ခဲ ရှိခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်တော့် အဖေ အကူအညီနဲ့ အချက်အလက်တွေ ရခဲ့ပါတယ်။

Voice : ပြိုင်ပွဲပြီးတာက ကာလတစ်ခု ကြာခဲ့ပြီ။ လက်ရှိမှာရော ဒီ App ကို အပြင်မှာ တကယ်သုံးနိုင်ဖို့ ဘယ်လိုဆက်သွားဖို့ လုပ်နေသလဲ။

MyanDuty : ဒီ App ကို ဆက်သွားဖို့တော့ အစီအစဉ်တော့ လောလောဆယ် မရှိသေးဘူးဗျ။

Voice :  ဒီ App မှာ အချက်အလက်တွေ ထည့်ဖို့က ဘယ်လိုလုပ်ခဲ့ရသလဲ။ ဌာနဆိုင်ရာတွေဆီက အချက်အလက်တွေကိုရော ဘယ်လိုရယူခဲ့သလဲ။

MyanDuty : အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပါပဲ။ အဖေ့အကူအညီနဲ့ အဖေ့အသိတွေက တစ်ဆင့် ဌာနဆိုင်ရာဆီက အချက်အလက်တွေ ရရှိလာတာပါ။

Voice : Samsung က လုပ်တဲ့ပွဲတွေက အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ခွဲပြီး အချိန်တစ်ခု စခန်းသွင်း သင်ကြားပေးတာမျိုးနော်။ သင်တန်းကာလနဲ့ ပြိုင်ပွဲပြိုင်တဲ့ ကာလတွေမှာ ကျောင်းက ဘာတွေအထောက်အပံ့ပေးလဲ။

MyanDuty : ကျောင်းက ကျွန်တော်တို့ နားမလည်တာတွေ မသိတာတွေ ပြန်ရှင်းပြနိုင်အောင် ဆရာမ တစ်ယောက် ကျွန်တော်တို့နဲ့အတူ လွှတ်ပေးတယ်ဗျ။ ကျောင်းဆရာမတွေ အားလုံး ဝိုင်းဝန်းအားပေးမှုတွေတော့ ရှိခဲ့ပါတယ်။

Voice : အခု မိုဘိုင်းလ် App တွေကို စပြီးထုတ်လုပ်နိုင်ပြီ။ ကျောင်းမှာရော ဒါတွေကို စိတ်ပါဝင်စားတဲ့သူတွေ ဘယ်လောက်အထိ ရှိနေပြီလဲ။ 

MyanDuty : နည်းပညာတွေကို စိတ်ဝင်စားတဲ့သူ တော်တော်လေး များလာတယ် ပြောရမယ်ဗျ။ ပထမနှစ်ဆို တစ်ခန်းလုံးနီးပါးပဲ။ ဘယ်လိုရေးလဲ၊ ဘယ်မှာလေ့လာလို့ရမလဲ လာမေးကြတယ်။ ဝမ်းသာစရာပေါ့။

Voice : အဖွဲ့အနေနဲ့ လုပ်ရတဲ့အခါကျတော့ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။ အဖွဲ့လိုက် လုပ်ဆောင်ရတာနဲ့ တစ်ယောက်ချင်း လုပ်ရတာမှာ ဘယ်လိုတွေ ကွာခြားသလဲ။

MyanDuty : အဖွဲ့အနေနဲ့ အခက်အခဲတော့ မရှိပါဘူး။ တစ်ယောက်တည်း လုပ်တာထက်စာရင် အဖွဲ့နဲ့ လုပ်ရတာက ပိုကောင်းတယ်။ မတူညီတဲ့ စိတ်ကူးတွေ ရှုထောင့်တွေ ပြီးတော့ တာဝန်တွေခွဲပြီး လုပ်လိုက်တော့ အချိန်ကုန် လူပင်ပန်း သက်သာတဲ့အပြင် App ကောင်းတစ်ခု ထွက်နိုင်ခြေ ပိုများတယ်။ တစ်ယောက်တည်းကျတော့ တစ်သတ်မှတ်တည်း Idea တစ်ခုတည်းနဲ့ ဆိုတော့ App ကောင်း တစ်ခု ထွက်နိုင်ခြေ နည်းတယ်လို့ ထင်တယ်။

Voice : ဒီမိုဘိုင်းလ် App ပြိုင်ပွဲမှာ ပထမဆုကို ဆိုရင်လည်း နယ်ကျောင်းက ကျောင်းသားတွေပဲ ရသွားတာနော်။ နယ်ကျောင်းက ကျောင်းသားတွေ အဓိက လိုအပ်တဲ့ အထောက်အပံ့တွေက ဘာတွေလိုအပ်မလဲ။

MyanDuty : ကွန်ပျူတာကျောင်းတွေအတွက် လိုအပ်တဲ့ အထောက်အပံ့ကို ပြောရမယ် ဆိုရင်တော့ အင်တာနက်လိုင်းနဲ့ ကွန်ပျူတာ အရေအတွက်ပေါ့။ ကျွန်တော်တို့ကျောင်းတော့ မကြာခင် ရတော့မှာပါ။ ကွန်ပျူတာလည်း ပြည့်စုံပါတယ်။

Voice : ပြိုင်ပွဲဝင်ခဲ့တဲ့ အဖွဲ့အတိုင်း ဆက်ပြီး မိုဘိုင်းလ် App တွေ ထုတ်လုပ်ဖို့ ရှိမလား။ ဒီအဖွဲ့ ရေရှည်ဆက်သွားဖို့ ဘယ်လိုတွေ စီစဉ်ထားသလဲ။

MyanDuty : ပြိုင်ပွဲဝင်တဲ့ အဖွဲ့ရယ်လို့တော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ အခုဆို ကျောင်းမှာ ပြိုင်ပွဲက အဖွဲ့ရော ရှေ့နှစ်က အဖွဲ့တွေ ပေါင်းပြီးတော့ အဖွဲ့တစ်ဖွဲ့ ပြန်ဖွဲ့ထားတယ်။ ဒီအဖွဲ့ အနေနဲ့တော့ App တွေ Develop လုပ်ဖို့ ရှိပါတယ်။

Voice : ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) မှာ မိုဘိုင်းလ် App ပြပွဲအနေနဲ့ ဒီနှစ်မှာ စပြီး ပြနိုင်ပြီပေါ့။ နောက်နှစ်တွေမှာ ပိုပြီးတိုးတက်လာအောင် ဆိုရင် ကျောင်းက ဘာတွေလုပ်ပေးဖို့ လိုအပ်မလဲ။

MyanDuty : ကျောင်းက အခု Second Term ဆိုရင်တော့ Programming ပြိုင်ပွဲတွေ၊ အကြီးအတန်းတွေကျတော့ Project လုပ်ပြီး Product Show တွေ ပြဖို့အစီအစဉ်တွေတော့ ရှိပါတယ်။

Voice : ကွန်ပျူတာကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ ပညာရပ်တွေ လေ့လာရတဲ့အပေါ်မှာ ဖြည့်စွက်ပြီး ဘာပြောဖို့ ရှိဦးမလဲ။

MyanDuty :  ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆိုရင်တော့ အခုသင်နေတဲ့ ဘာသာရပ်တချို့ကို ကျောင်းသားတွေက လက်တွေ့မှာ အသုံးမကျဘူးလို့ ထင်ကြပြီး လိုက်မလုပ်ကြဘူး။ ဥပမာ Software Engineering တို့၊ သင်္ချာတို့ဆိုရင် အခုတော့ အသုံးမဝင်သေးပေမယ့် နောင် Program ကြီးတွေ ရေးတဲ့အချိန်မှာ ဒီ Software Engineering သဘောတရားတွေရော၊ သင်္ချာက ပုံသေနည်းတွေရော လိုအပ်လာမှာပါ။အဲ့ဒီအတွက် မပျင်းမရိဘဲနဲ့ လေ့လာသင့်ပါတယ်။      

မောင်မန်း

ABOUT AUTHOR

(မောင်မန်း)