News

POST TYPE

IT

CU (Kyaing Tong) မိုဘိုင်းလ် App ရေးဆွဲသူ မောင်မင်းသန့်နှင့် တွေ့ဆုံခြင်း
07-Feb-2017 tagged as နည်းပညာ App

ပြည်တွင်း၌ ရန်ကုန်နှင့် မြို့ကြီးများမှ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားလူငယ်များနှင့် နည်းပညာ စိတ်ပါဝင်စားသူ လူငယ်များက နည်းပညာထုတ်ကုန်များ၊ မိုဘိုင်းလ် App များကို ရေးဆွဲထုတ်လုပ်လာနိုင်နေပြီ ဖြစ်သည်။ သို့ရာတွင် နယ်စပ်ဒေသများနှင့် နည်းပညာ ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများရှိ လူငယ်များ အတွက်မူ အခက်အခဲအချို့ ရှိနေဆဲပင် ဖြစ်သည်။ အခက်အခဲများ၊ အကန့်အသတ်များကြားမှ ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ အချင်းချင်း ဆက်သွယ်နိုင်မည့် CU (Kyaing Tong) မိုဘိုင်းလ် App ကို ရေးဆွဲသည့် တတိယနှစ်ကျောင်းသား မောင်မင်းသန့်နှင့် မိုဘိုင်းလ် App ရေးဆွဲသည့် အတွေ့အကြုံများ၊ အခက်အခဲများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြပေးအပ်ပါသည်။

Voice : ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) မှာ ရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အချင်းချင်း ဆက်သွယ်လို့ရမယ့် မိုဘိုင်းလ် App ကို ရေးဆွဲထားတယ်လို့ သိရတယ်ဗျ။ ဒီ App က ဘယ်လိုအသုံးပြုနိုင်မှာလဲ။

MT : Application မှာ ဆရာ ဆရာမတွေက သင်ခန်းစာတွေနဲ့ ပုံတွေကို သူ့ဆိုင်ရာဆိုင်ရာ အကန့်ထဲကနေ တင်ပေးလို့ရမှာပါ။ ဥပမာ ပထမနှစ် english ဆိုရင် ပထမနှစ်ထဲ အရင်ဝင်ပေါ့၊ ပထမနှစ် အကန့်ထဲမှာဆိုရင် ဘာသာတွေ ပြန်ခွဲထားတာပါ။ ၇ ဘာသာ ရှိတယ်ပေါ့ဗျာ။ အဓိက က App ထဲမှာ ဆရာမတွေက စာတွေ တင်ပေးလို့ရမယ်၊ Tutorial ရှိမယ်ဆိုရင် အသိပေးလို့ ရတယ်၊ Assignment တွေ ပေးလို့ရတယ်ဗျ။ ကျောင်းသားက နားမလည်ရင် Comment က ပြန်မေးလို့ရတယ်ပေါ့။ Star ဆိုတာလေးလည်း ပါတယ်ဗျ။ Facebook က Like သဘောမျိုးပေါ့။ ကျောင်းတွင်း မဲပေးမှုတွေမှာ အသုံးပြုလို့ရမယ်။ Facebook အကောင့်နဲ့ Login ဝင်ဖို့လိုမယ်။ ဆရာမ အကောင့်တွေကတော့ Admin သဘောမျိုး ပုံတွေ စာတွေ တင်လို့ရတယ်။ ကျောင်းသားတွေကိုတော့ တင်ခွင့်မပေးထားဘူး။

Voice : ဒီ App က ကျောင်းသားနဲ့ ဆရာအကြား ဆက်သွယ်မှုကို ဘယ်လောက်အထိ အထောက်အပံ့ပေးနိုင်မယ် ထင်လဲ။ ဒီ App ကို အသုံးပြုရင် ဘယ်လိုကောင်းတဲ့အချက်တွေ ရှိလာမလဲ။

MT :  Application သုံးမယ် ဆိုရင်တော့ ဆရာ၊ ဆရာမက အကယ်၍ ကျောင်းမှာ စာတွေသင်လို့ မပြီးလို့ အိမ်စာတွေ ဘာတွေပေးမယ်။ Assignment တွေကို အတန်းထဲမှာ ပေးဖို့ကျန်သွားတာတို့၊ ပေးဖို့ အချိန်မရှိတာတို့ ဆိုရင် အဆောင်ကနေပဲ တင်ပေးလိုက်ရုံပါ။

နောက်တစ်ခုကတော့ ကျွန်တော်တို့ ကျိုင်းတုံမှာ အရမ်းအေးတယ်ဗျ။ အဲ့ဒီတော့ ရာသီဥတု ဖောက်ပြန်လို့ အရမ်းအေးတဲ့အချိန်ဆို ကျောင်းပိတ်ပေးရတာမျိုး ရှိတယ်။ အဲ့ဒီလို ပိတ်ပေးလိုက်ရလို့ ကျောင်းက သင်ရိုးသင်လို့မကုန်မှာ စိုးရိမ်စရာ မလိုဘဲနဲ့ ဆရာမတွေကလည်း အဆောင်ကနေတင်ပေး၊ ရှင်းပေး ကျောင်းသားတွေကလည်း အိမ်ကနေ လေ့လာလို့ ရတာပေါ့။ စာတွေကို ၁၀၀ ရာခိုင်နှုန်း နားလည်တာ မဟုတ်ရင်တောင်မှ တချို့တစ်ဝက် နားလည်တယ် ဆိုရင်တောင်  ကျောင်းပြန်ဖွင့်လို့ ပြန်သင်မယ်ဆို မြန်ဆန်တာပေါ့ဗျာ။ သင်ရိုးတွေ မကုန်မှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။

Voice : အခုဆိုရင် ရန်ကုန်၊ မန္တလေးတို့အပြင် နယ်ကျောင်းအချို့မှာပါ နည်းပညာ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲတွေ ရှိလာတယ်။ ကျိုင်းတုံကျောင်းမှာရော ဒီလိုပြိုင်ပွဲတွေ ရှိသလား။

MT : ပြိုင်ပွဲတော့ မရှိသေးဘူးဗျ။ ပြပွဲတော့ ဒီနှစ်မှ စလုပ်ဖြစ်တယ်။ ထုတ်ကုန်သိပ်မရှိသေးတော့ ကျောင်းဈေးရောင်းပွဲလေးနဲ့ ပေါင်းလုပ်ဖြစ်တယ်ဗျ။

Voice : နယ်မှာကျတော့ ပညာရပ်တွေကို လေ့လာတဲ့ နေရာမှာ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။ ဒီအခက်အခဲတွေကိုရော ဘယ်လိုဖြေရှင်းခဲ့သလဲ။

MT : နယ်မှာ အင်တာနက် အခက်အခဲတော့ နည်းနည်းတော့ ရှိတယ်။ အခုတော့ ကျောင်းကစီစဉ်နေပါပြီ။ ကျွန်တော် ဒီ App နဲ့ ပတ်သက်တာတွေ များသောအားဖြင့် Google ကနေ ကြည့်ယူပါတယ်။ ကျောင်းက ဆရာမတွေကိုလည်း မေးယူပါတယ်။ တခြားအခက်အခဲတော့ သိပ်မရှိဘူးဗျ။

Voice : Android ပိုင်းကိုရော ဘယ်လိုလေ့လာခဲ့သလဲ။

MT : ကျွန်တော် Samsung က ခေါ်ယူတဲ့ ပြိုင်ပွဲ ဝင်ပြိုင်တုန်းက စလေ့လာမိတာပါ။ ပြီးတော့မှ စိတ်ဝင်စားတာနဲ့ ဆက်လေ့လာဖြစ်တာပါ။

Voice : ပြည်တွင်းမှာက နည်းပညာလုပ်ငန်းခွင်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေက အရင်ကထက် စာရင်တော့ များလာတာပေါ့လေ။ ဒါပေမဲ့ နယ်တွေမှာကျတော့ နည်းပညာလုပ်ငန်းခွင်က ရှားပါးတယ် ဆိုတာထက် ပိုခက်ခဲတဲ့ အခြေအနေတော့ ရှိတာပေါ့။ ဒါကို ဘယ်လိုကျော်ဖြတ်ဖို့ စဉ်းစားထားသလဲ။

MT : ကျွန်တော့် အမြင်တော့ အခုတော့ ရှိလာတယ်လို့ မြင်ပါတယ်။ ကျွန်တော်က တာချီလိတ်ကပါ။ တာချီလိတ်မှာတော့ IT နဲ့ ပတ်သက်တဲ့ လုပ်ငန်းတချို့ ရှိမယ်လို့ မြင်ပါတယ်ဗျ။ အဆင်မပြေရင်တော့ ကျောင်းပြီးရင် မြို့ကြီးတက်ပြီး ကြိုးစားရမှာပေါ့။

Voice : လက်ရှိမိုဘိုင်းလ် App က ကျိုင်းတုံကျောင်း တစ်ခုတည်း အတွက်ပဲလား။ အခြားကျောင်းတွေကရော ယူပြီး အသုံးပြုလို့ ရနိုင်မလား။ အဲ့ဒီလို ယူသုံးမယ်ဆိုရင် Server ပိုင်း အခက်အခဲတွေ ဘာတွေရှိလာမလဲ။

MT : Server က အခုတော့ ကျွန်တော် အခမဲ့ရတဲ့ Server တွေ သုံးထားတယ်ဗျ။ အခမဲ့ဆိုတဲ့ အတိုင်းပဲ အကန့်အသတ်တွေ ရှိနေတော့ လောလောဆယ် ကျွန်တော်တို့ ကျောင်းတစ်ကျောင်းစာ အတွက်ပဲ စဉ်းစားထားတယ်။ အကယ်၍ App က တဖြည်းဖြည်း Function တွေ စုံလာတာနဲ့အမျှ Server ဝယ်မယ်။ ပြီးတော့ တခြားကျောင်းတွေက ကျောင်းသားတွေနဲ့ ပေါင်းပြီး အားလုံးသုံးလို့ ရအောင်တော့ စီစဉ်မယ်လို့ စဉ်းစားထားတယ်။

Voice : လက်ရှိမှာက ကျောင်းတက်နေတုန်းပေါ့လေ။ ကျောင်းပြီးသွားတဲ့အခါ ပြည်ပထွက်ခွာပြီး လုပ်ကိုင်ဖို့ စိတ်ကူးရှိသလား။ 

MT : ပြည်ပတော့ ထွက်ပြီး ပညာတော့ သင်ချင်တယ်။ အလုပ်အကိုင်ကတော့ ပြည်တွင်းမှာပဲ လုပ်ဖို့ စဉ်းစားထားပါတယ်။

Voice : ကွန်ပျူတာကျောင်းကနေ ကျောင်းပြီးလာတဲ့ ကျောင်းသားတွေထဲက အများစုက နည်းပညာ လုပ်ငန်းခွင်ရဲ့ ပြင်ပနယ်ပယ်ကို ရောက်သွားတယ်လို့ ပြောလို့ရတဲ့ အခြေအနေမှာ ရှိတယ်။ တချို့လည်း ပြည်ပထွက်ခွာ အလုပ်လုပ်ကြတယ်ပေါ့။ ဒီတော့ တိုင်းပြည်က လူ့စွမ်းအားအရင်းအမြစ်တွေကို ဆုံးရှုံးနေတယ်လို့ ဆိုနိုင်မလား။ ဒီအပေါ်မှာ သဘောထားအမြင် ဘယ်လိုရှိမလဲ။

MT : ဆုံးရှုံးတယ်လို့တော့ မဆိုလိုဘူးဗျ။ ကျွန်တော်တို့ တိုင်းပြည်တိုးတက်ဆဲ ကာလမှာတော့ မြန်မာနိုင်ငံမှာ IT နဲ့ ပတ်သက်တဲ့ လုပ်ငန်းခွင်တွေ နည်းနေသေးတဲ့အတွက် ပြည်ပသွား အလုပ်လုပ်သူတွေ များပါတယ်။ ဒါပေမဲ့ ဒီအခိုက်အတန့်မှာ ပြည်ပအလုပ်လုပ်နေတဲ့သူတွေ တစ်ချိန်မြန်မာပြည်ကို နည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်အတွေ့အကြုံတွေနဲ့ ပြန်လာမယ်ဆိုရင် ကျွန်တော့်အမြင် ပြောရမယ်ဆိုရင်တော့ ဆုံးရှုံးသွားတယ်လို့ မမြင်ပါဘူး။ ဒီနေ့အချိန်မှာလည်း လုပ်ငန်းခွင်နယ်ပယ်က တစ်စထက်တစ်စ ရှိလာပြီလို့ မြင်ပါတယ်။

Voice : ပြည်တွင်းက နည်းပညာပိုင်း လေ့လာနေတဲ့ ကျောင်းသားလူငယ်တွေကို ဘာများမျှဝေချင်သေးသလဲ။

MT : ပြည်တွင်းကျောင်းသား ကျောင်းသူတွေကိုတော့ Language တစ်ခုဆို တစ်ခုကိုပဲ အဆုံးထိ သွားပါလို့။ ပြောချင်ပါတယ်။ ကျောင်းပြီးသွားတယ်။ ကျောင်းကသင်ပေးတဲ့ Language ကို သိရုံပဲသိပြီး ကျောင်းပြီးမှ အသည်းအသန် ပြန်လေ့လာတာမျိုးဆို အချိန်အလကားကုန်တယ်။ ဒါကြောင့် တစ်ခုကို ကျွမ်းကျင်ပြီဆိုမှ နောက်လေ့လာချင်တာ လေ့လာကြပါလို့ အကြံပေးလိုပါတယ်။ တခြားတော့ ပြောစရာ မရှိပါဘူး။

မောင်မန်း

ABOUT AUTHOR

(မောင်မန်း)