News

POST TYPE

IT

မြန်မာ့အကြိုက် စမတ်ဖုန်း
04-Feb-2017

အကယ်၍ တစ်ယောက်ယောက်က “ဘာဖုန်းသုံးလဲ”ဟူ၍ မေးလာလျှင် မည်သို့ ဖြေဆိုကြမည်နည်း။ လူအများစုသည် Apple, Samsung, Sony, LG, Huawei, HTC နှင့် ASUS စသဖြင့် မိမိတို့အသုံးပြုရာ မိုဘိုင်းလ်ဖုန်းများ၏ အမှတ်တံဆိပ်များကို စုံစီနဖာ ပြောဆိုကြမည်ဖြစ်သည်။ မည်သို့ ဖြေဆိုကြသည်ဖြစ်စေ ၎င်းတို့ဖြေဆိုလိုက်သည့် အဖြေများ အားလုံးမှာ စမတ်ဖုန်းများ၏ အမည်များပင် ဖြစ်နေမည်ဆိုသည်မှာ သေချာနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤနိုင်ငံသည် မြန်မာနိုင်ငံဖြစ်ပြီး မြန်မာလူမျိုးများသည် စမတ်ဖုန်းများ အသုံးပြုရသည်ကို နှစ်သက်ကြသောကြောင့်ပင်ဖြစ်သည်။

“ဖုန်းစကိုင်ကတည်းက iPhone 5 လေး စကိုင်ဖြစ်တယ်။ ခုထိ ကိုယ်နိုင်သလောက်ပေါ့လေ  စမတ်ဖုန်းတွေပဲ ကိုင်ဖြစ်သွားတယ်။ ကိုယ်စကိုင်တဲ့အချိန်မှာ စမတ်ဖုန်းတွေ ခေတ်စားနေပြီဆိုတော့  Keypad ဖုန်းတွေကိုင်ဖို့ မစဉ်းစားခဲ့မိဘူး။ အဲ့တုန်းကလည်း ကိုယ်နိုင်တဲ့ ပမာဏလေးနဲ့ iPhone စဝယ်ဖြစ်သွားတာ”ဟု ဆိုလာသူမှာ အငယ်တန်း အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုမျိုးသက်ဖြစ်သည်။
 
ကိုမျိုးသက်ကဲ့သို့ပင် တန်ဖိုးနည်း ဆင်းမ်ကတ်များ စတင် ရောင်းချချိန်တွင်မှ မိုဘိုင်းလ်ဖုန်း စတင်  ကိုင်ဆောင်သူများမှာ စမတ်ဖုန်းများ ဈေးသင့်တင့်၍ နည်းပညာများ မြင့်မားလာချိန်နှင့် တိုက်ဆိုင်နေသောကြောင့် စမတ်ဖုန်းများကို အသုံးပြုရန် ပိုမို အာရုံကျခဲ့ကြသည်။ ထို့ကြောင့် ပြည်တွင်းတွင် စမတ်ဖုန်း အသုံးပြုသူ အရေအတွက်မှာ အလျင်အမြန် တိုးပွားလာခဲ့ပြီး Feature Phone ဟုခေါ်သည့် Keypad ဖုန်းများ ကိုင်ဆောင် အသုံးပြုသူများမှာ ကျေးလက်ဒေသများမှ လွဲ၍ မြို့ပြဒေသများတွင်မူ အလွန်ပင် နည်းပါးခဲ့သည်။

ကိန်းဂဏန်းတွေက ပြောတဲ့ မြန်မာ့အကြိုက်

နောက်ဆုံးရ အချက်အလက်များအရ မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဖုန်း အသုံးပြုသူ အရေအတွက်၏  ၇၀ ရာခိုင်နှုန်းကျော်မှာ စမတ်ဖုန်းကိုသာ အသုံးပြုနေကြသည်ဟု GSMA အဖွဲ့မှ အာရှဒေသဆိုင်ရာ  အကြီးအကဲ Alasdair Grant က ဆိုသည်။ 

“ဒီနိုင်ငံမှာ စမတ်ဖုန်း ပိုင်ဆိုင်မှုနှုန်း အရမ်း တိုးတက်လာနေပါတယ်။ ၂၀၁၆ နှစ်ကုန်မှာ ၇၀ ရာခိုင်နှုန်း အထိ ရှိလာပါတယ်။ မိသားစုအလိုက် ကြည့်မယ်ဆိုရင် ဖုန်းပိုင်ဆိုင်ထားတဲ့ မိသားစုတိုင်းက  အိမ်ထောင်ဦးစီးတိုင်းဟာ စမတ်ဖုန်း ကိုင်ကြပါတယ်”ဟု ၎င်းက ဆိုသည်။ 

ယင်းကြောင့်ပင်လျှင် မြန်မာနိုင်ငံသည် ကမ္ဘာတွင် စမတ်ဖုန်း ပိုင်ဆိုင်မှု အချိုး အမြင့်ဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေသည်။ စမတ်ဖုန်း ပိုင်ဆိုင်မှု (Smartphone Penetration) အချိုးကို အာရှဒေသတွင်း နိုင်ငံများဖြစ်သည့် တောင်ကိုရီးယား (၈၈ ရာခိုင်နှုန်း)၊ မလေးရှား (၆၅ ရာခိုင်နှုန်း)၊ တရုတ် (၅၈ ရာခိုင်နှုန်း)၊ ဂျပန် (၃၈ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၃၅ ရာခိုင်နှုန်း)၊ အင်ဒိုနီးရှား (၂၁ ရာခိုင်နှုန်း) နှင့် ဖိလစ်ပိုင် (၂၂ ရာခိုင်နှုန်း)တို့နှင့်  နှိုင်းယှဉ်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၏ စမတ်ဖုန်း ပိုင်ဆိုင်မှု အချိုးမှာ သိသိသာသာ မြင့်မားကြောင်း တွေ့ရှိရသည်။ 

ထို့အပြင် ထူးခြားချက်တစ်ခုမှာ ဈေးနှုန်း အတားအဆီးများ မရှိပါက မြန်မာပြည်ရှိ လူအများစုသည် Keypad ဖုန်းများနှင့် တန်ဖိုး အလွန်နိမ့်ပါးသည့် စမတ်ဖုန်းများကို ဝယ်ယူရန် စိတ်ဝင်စားမှု မရှိကြကြောင်းလည်း အစီရင်ခံစာ အများအပြားက ဆိုကြသည်။

“ကျွန်တော် ဆိုင်စဖွင့်တဲ့ ၂၀၁၄ လောက်ကတည်းက ခုထိ Keypad ဖုန်း သုံး၊ လေး၊ ငါးမျိုးပဲ တင်ဖူးတယ်။ နိုကီယာနဲ့ တခြား တရုတ်တံဆိပ်လေးတွေပါ။ အဲဒီတုန်းကတော့ နည်းနည်း ရောင်းလိုက်ရပေမယ့် ခုဆိုဆိုင်မှာ တင်ထားတာတောင်မှ စိတ်ဝင်တစား လာကြည့်မယ့်သူ မရှိဘူး။ လူတွေက ဖုန်းဆိုတာနဲ့ စမတ်ဖုန်းပဲ တန်းဝယ်ကြတော့တယ်”ဟု Star Mobile မှ ကိုဇော်မင်းကလည်း ဆိုသည်။

ဆွဲဆောင်နိုင်တဲ့ ဖုန်း

မြန်မာနိုင်ငံတွင် လူငယ်များနှင့် လူလတ်တန်းစား သက်လတ်ပိုင်း ဝန်ထမ်းများမှာ ပိုမိုခေတ်မီသူများ ဖြစ်သည့်အတွက် အရည်အသွေးမြင့်မြင့် ဒီဇိုင်းလှလှ တံဆိပ်ကောင်းကောင်း စမတ်ဖုန်းများ ပိုမို အသုံးပြုကြသည်။ ထို့အပြင် လူငယ်များ သာမက အသက်အရွယ် ကြီးမြင့်သူများပင်လျှင် ဖုန်းဝယ်ယူရာတွင် ဖုန်းများ၏ အရည်အသွေးနှင့် ဈေးနှုန်းကို ပိုမို ချိန်ညှိစဉ်းစားလာကြပြီး စမတ်ဖုန်းများကို ပိုမို ရွေးချယ်လာကြသည်။

“စမတ်ဖုန်းတွေ လူကြိုက်များလာတာက ဆင်းမ်ကတ် နှစ်ကတ်သုံးလို့ ရတာကြောင့်ရယ်  နည်းပညာပိုင်း မြင့်တာကြောင့်ရယ် Keypad ဖုန်းတွေ ကိုင်တာကို အောက်တယ်လို့ ထင်တာကြောင့်ရယ်ပေါ့။ ခုခေတ်က ဖေ့စ်ဘုတ်တို့ Viber တို့ ခေတ်စားတယ် မဟုတ်လား။ တချို့ဆို စမတ်ဖုန်း ဘာညာသိတာ မဟုတ်ဘူး။ ဖေ့စ်ဘုတ် သုံးလို့ရတဲ့ ဖုန်းပေးပါဆိုပြီး လာဝယ်ကြတာ။ သုံးတတ်အောင်တောင် တော်တော်  သင်ပြယူရတယ်”ဟု ကိုဇော်မင်းက ဆိုသည်။

အင်တာနက်နှင့် လူမှုကွန်ရက် အသုံးပြုမှုများတွင် ပျော်မွေ့နေမှုများက စမတ်ဖုန်းများ ပိုမိုသုံးစွဲရန်  တွန်းအားပေးနေပြီး စမတ်ဖုန်းများ ပိုင်ဆိုင်သောကြောင့် အင်တာနက်နှင့် လူမှုကွန်ရက်များကို ပိုမို အသုံးပြုမှု ဖြစ်စေသည်ဟု GSMA အဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ ထို့အပြင် မိုဘိုင်းလ် ဖုန်းဈေးနှုန်းများ  အထိုက်အလျောက် ကျဆင်းလာခြင်းနှင့် စမတ်ဖုန်းများ၏ စွမ်းဆောင်နိုင်စွမ်း ပိုမို မြင့်မားလာခြင်းများကြောင့် စမတ်ဖုန်းဝယ်ယူမှုများ ပိုမို များပြားလာစေသည်။

လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း ရွေးချယ်စရာ ဖုန်းအမျိုးအစားများ များပြား စုံလင်လာသော်လည်း ဈေးနှုန်းပိုင်းဖြင့် အချိုးချ တိုင်းတာကြည့်မည်ဆိုပါက နာမည်ကျော် အမှတ်တံဆိပ် စမတ်ဖုန်းများ၏  ဈေးနှုန်းများမှာ သာမန် လူတန်းစားများအတွက် အတန်ငယ် အလှမ်းဝေးနေဆဲ ဖြစ်သည်။ သို့သော်လည်း ပြည်တွင်းရှိ ဖုန်းသုံးစွဲသူများမှာ ကိုယ့်အထွာနှင့် ကိုယ် မိမိတို့တတ်နိုင်သည့်အင်အားဖြင့် ဝယ်ယူနေကြဆဲဖြစ်သည်။

“ကျွန်တော်တို့ ဆောက်လုပ်ရေး ဆိုက်တွေထဲမှာဆို အလုပ်ကြမ်းသမားကအစ အားလုံး ဖုန်းကိုယ်စီနဲ့။ ထမင်းစားချိန်တွေ ဘာတွေဆို အင်တာနက်လေး သုံးလိုက် ဂိမ်းလေးဆော့လိုက်နဲ့ပေါ့။ ဖုန်းဆိုတာထက် Entrainment Gadget လို့ဆိုရင် ပိုမှန်မယ်။ စမတ်ဖုန်းတွေကို လူတွေ ကြိုက်လာကြတာလည်း ဒါကြောင့်ပဲလို့ ထင်မိတယ်”ဟု ကိုမျိုးသက်က ဆိုသည်။

ကြိုက်လှပါသည် ဆိုသော်လည်း 

လူတိုင်းနီးပါး စမတ်ဖုန်းများ ကိုင်ဆောင်လာကြပြီး အင်တာနက် အသုံးပြုမှုလည်း များပြားလာနေကြသော်လည်း အများစုမှာ နည်းပညာ ဗဟုသုတများနှင့် အတန်ငယ် အလှမ်းဝေးနေဆဲဖြစ်ပြီး စမတ်ဖုန်းများကြောင့်ပင် ဘေးထွက်ဆိုးကျိုးများလည်း ရှိနေပြန်သည်။ 

“ဖုန်းဘေလ် အရမ်းကုန်တာနဲ့ ခဏခဏ ဟန်းတာကိုတော့ စိတ်ပျက်မိတယ်။ ဖေ့စ်ဘုတ်ကလည်း နေ့တိုင်း ကြည့်နေတော့ ဖုန်းဘေလ်က မကုန်ချင်လည်း ကုန်တာပဲ။ ဒီလိုဖုန်းကြီး ဝယ်ထားပြီး ဖေ့စ်ဘုတ် မသုံးဘဲ ဘယ်လို လုပ်နေနိုင်မှာလဲ”ဟု Huawei စမတ်ဖုန်း အသုံးပြုသူ တတိယနှစ် ရူပဗေဒ ကျောင်းသား ကိုသက်ဖြိုးအောင်က ဆိုသည်။

စမတ်ဖုန်း အသုံးပြုသူ အများစုအနေနှင့် မိုဘိုင်းလ် အော်ပရေတာ ကုမ္ပဏီများ၏ Package ဈေးနှုန်းများ အပြိုင်အဆိုင်ချ၍ အင်တာနက် ပိုမို သုံးစွဲလာစေရန် ဆွဲဆောင်မှုများကြောင့် လူမှုကွန်ရက်နှင့် အင်တာနက် App များ၊ ဂိမ်းများကို ပိုမို အသုံးပြုဖြစ်လာကြပြီး ကုန်ကျစရိတ်လည်း ပိုမိုကုန်ကျ လာနေသည်။

ထို့အပြင် အခြား ပြဿနာမှာ လက်ရှိ စမတ်ဖုန်း အသုံးပြုသူများ အသုံးပြုနေသော ဖုန်းအချို့တွင်  တရားဝင် ကုမ္ပဏီမှ တင်သွင်းသည့် ဖုန်းမဟုတ်ဘဲ နယ်စပ်မှ တင်သွင်းလာသည့် တရုတ်နိုင်ငံအတွက် သီးသန့် ထုတ်ထားသည့် ဖုန်းများလည်း ပါဝင်နေသည့်အတွက် ပြည်တွင်းတွင် အသုံးပြုရ အဆင်မပြေခြင်းနှင့် ပျက်စီးလွယ်ခြင်း၊ အာမခံ မရှိခြင်းများ မကြာခဏ ကြုံတွေ့ရသည်။

ဖုန်းကုမ္ပဏီများမှ တရားဝင် ဖွင့်လှစ်ထားသည့် Showroom များမှလွဲ၍ ပြင်ပဆိုင်များတွင်မူ ကုမ္ပဏီမှ တိုက်ရိုက်သွင်းသော ဖုန်းများနှင့် အောက်လမ်းမှသွင်းလာသည့် ဖုန်းများ အားလုံးကို ရောနှောတင်၍  ရောင်းချကြသည့်အတွက် ယင်းကဲ့သို့သော ပြဿနာများနှင့် မကြာခဏ ကြုံရလေ့ရှိကြောင်း Millennium မိုဘိုင်းလ်ဖုန်း ပြုပြင်ရေးမှ လုပ်ငန်းရှင် ကိုမျိုးမင်းဦးကလည်း ဆိုသည်။

သို့သော်လည်း တရုတ်နိုင်ငံထုတ် စမတ်ဖုန်းများမှာ ဈေးကွက်အတွင်းရှိ အခြား ထုတ်ကုန်များနှင့် နှိုင်းယှဉ်ပါက တန်ဖိုးနှုန်း ချိုသာမှုကြောင့် အခြေခံ လူတန်းစားများနှင့် ကုန်အမှတ်တံဆိပ် အစွဲအလမ်း မထားတတ်သည့် ဖုန်းအသုံးပြုသူများ အတွက်မူ ဦးစားပေး ရွေးချယ်စရာ ထုတ်ကုန်များအဖြစ် ရေပန်းစားနေကြဆဲဖြစ်ပြီး ပြည်တွင်း ဖုန်းဈေးကွက်၏ ၆၀ ရာခိုင်နှုန်းခန့်ကို တရုတ်ဖုန်းများက ကြီးစိုးထားသည်ဟုလည်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

လူသုံးအများဆုံးမှ အကျိုးအရှိဆုံးသို့ 

ဘေးထွက် ဆိုးကျိုးများ ရှိသကဲ့သို့ ဖုန်းအသုံးပြုသူများ အနေနှင့် နည်းပညာ ဗဟုသုတ နည်းပါးမှုများကြောင့် စမတ်ဖုန်းများကို ဖုန်းပြောဖြစ်ရုံ ဖေ့စ်ဘုတ်သုံးရုံ ဂိမ်းဆော့ရုံ သက်သက်သာ အသုံးပြုနေကြခြင်းကိုလည်း အိုင်စီတီ ပညာရှင် အသိုင်းအဝိုင်းက ဝေဖန် ထောက်ပြနေကြသည်။

“အခု ဖုန်းတွေက တန်ဖိုးနိမ့်တာတွေမှာလည်း တန်ဖိုးနိမ့်တဲ့အလျောက် နည်းပညာတွေ ပါတယ်။ မြင့်တာတွေမှာလည်း မြင့်တဲ့အလျောက် နည်းပညာတွေပါတယ်။ လူတွေက အပြည့်အ၀ အသုံးမချနိုင်ကြဘူး။ အဓိကကတော့ နားမလည်ကြဘူး။ မသိကြဘူး။ စမတ်ဖုန်းတွေကို ဂိမ်းဆော့ဖို့ ဖေ့စ်ဘုတ်သုံးဖို့လောက်ပဲ သုံးနေကြတော့တယ်”ဟု ကိုမျိုးမင်းဦးက ဆိုသည်။ 

စမတ်ဖုန်းများကို e-Government စနစ်မှစ၍ သတင်း ဖတ်ရှုခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့်  မိုဘိုင်းလ် ငွေပေးချေရေး စနစ်များအထိ ကဏ္ဍအများအပြားကို အကျိုးရှိရှိ အသုံးချနိုင်သော်လည်း လက်ရှိတွင် ယင်းသို့ အသုံးမချနိုင်သေးခြင်းမှာ ဝမ်းနည်းဖွယ် ကောင်းသည်ဟု ၎င်းကဆိုသည်။

“လူဘယ်နှယောက် သုံးသုံး၊ ကမ္ဘာမှာ ဘယ်အဆင့် ရောက်ရောက်ပါ။ အကျိုးရှိတဲ့ နေရာတွေမှာ မသုံးဘဲ ဖေ့စ်ဘုတ်မှာ Like တွေ၊ Share တွေ လုပ်နေရုံဆိုရင်တော့ ပိုက်ဆံ အပိုကုန်ရုံပဲရှိမှာပေါ့”ဟု အိုင်တီပညာရှင် ကိုသီဟစောကလည်း ထောက်ပြသည်။ 

အစိုးရ၊ မိုဘိုင်းလ် ဖုန်းကုမ္ပဏီများ၊ Developer များနှင့် အော်ပရေတာများ ပူးပေါင်း၍ လူအများ မိုဘိုင်းလ်ဖုန်းများကို ပို၍ အကျိုးရှိစွာ အသုံးပြုတတ်လာစေရန် အသိပညာ ပေးသင့်သည်ဟု ၎င်းကဆိုသည်။ ဤကဲ့သို့ ရေလိုက်လွဲကာ အသုံးပြုနေခြင်းသည် အော်ပရေတာများ ဝင်ငွေတိုးလာရုံမှအပ မည်သူ့အတွက်မှ အကျိုးမရှိဟု သူက ဝေဖန်သည်။

“သုံးတတ်တာ မသုံးတတ်တာ အပထား၊  မြို့နေ လူအများစုက Keypad ဖုန်းကိုင်တာကို အောက်တယ်လို့ကို ထင်ကြတယ်လေ။ ဒီတော့ ဝယ်နေကြဦးမှာပဲ။ ပညာပေးနိုင်ရင်တော့ ကောင်းတာပေါ့”ဟု ကိုဇော်မင်းက ဆိုသည်။

သေချာသည်ကမူ မြန်မာပြည်အတွင်း စမတ်ဖုန်း သုံးစွဲမှုနှုန်းမှာ ယခုထက်ပို၍ သိသိသာသာကို မြင့်တက်လာဦးမည်ဖြစ်ပြီး စမတ်ဖုန်း ဝယ်လိုအား အထူးမြင့်မားနေဦးမည် ဖြစ်သည်။ လက်ရှိတွင် အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယအပြင် ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ တန်ဖိုး ချိုသာသည့် စမတ်ဖုန်း  အမှတ်တံဆိပ်များလည်း ပြည်တွင်းသို့ ပိုမိုဝင်ရောက်လာနေပြီး လာမည့် နှစ်အနည်းငယ်အထိ အဆိုပါရေစီးကြောင်းမှာ ပြောင်းလဲသွားဖွယ် မရှိပေ။ အကြောင်းမှာ အကောင်းကြိုက်တတ်သည့် မြန်မာများအတွက် စမတ်ဖုန်းများသည် နှစ်လိုဖွယ်ထုတ်ကုန်တစ်ခု ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

မိုးဇွန်


  • VIA