News

POST TYPE

IT

Myanmar Cinema Ticket မိုဘိုင်းလ် App ရေးဆွဲသူများနှင့် တွေ့ဆုံခြင်း
24-Jan-2017 tagged as နည်းပညာ App

အင်တာနက် အသုံးပြုနိုင်ခြင်းနှင့် နည်းပညာ တိုးတက်လာခြင်းတို့နှင့်အတူ ပြည်တွင်းကွန်ပျူတာတက္ကသိုလ်များမှ လူငယ်များက မိုဘိုင်းလ် App များကို ရေးသားထုတ်လုပ်လာနိုင်ကြသည်။ နေ့စဉ်လူမှုဘဝအတွက် အသုံးဝင်မည့် App များ၊ စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုနိုင်မည့် မိုဘိုင်းလ် App များအပြင် အစိုးရ လုပ်ငန်းများအတွက် အထောက်အပံ့ပေးနိုင်မည့် မိုဘိုင်းလ် App များကိုပင် ရေးသားထုတ်လုပ်လာနိုင်ကြသည်။ မိုဘိုင်းလ် App များ ရေးသားထုတ်လုပ်နေကြသည့်သူများ အနက်မှ အွန်လိုင်းမှ ရုပ်ရှင်လက်မှတ်များ ဝယ်ယူနိုင်မည့် Myanmar Cinema Ticket မိုဘိုင်းလ် App ရေးဆွဲနေသည့် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) မှ ကျောင်းသားများနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice : ကွန်ပျူတာတက္ကသိုလ် (မန္တလေး) က ပြီးခဲ့တဲ့ Samsung Tech Institute က လုပ်တဲ့ မိုဘိုင်းလ် App ပြိုင်ပွဲမှာ တတိယ ရရှိခဲ့တယ်။ အဲ့ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့တဲ့ App နာမည်နဲ့ ဘာတွေလုပ်လို့ရမလဲ ဆိုတာ ပြောပေးပါ။

MCT : ကျွန်တော်တို့က ကွန်ပျူတာတက္ကသိုလ် (မန္တလေး) က Samsung Tech Institute ကို တက်ရောက်ခဲ့တဲ့ UM 1617 အဖွဲ့ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေကတော့ ကျွန်တော် စိုင်းဆိုင်လျှန်း၊ စိုင်းညီညီထွန်း၊ စိုးလင်းအောင်ပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ MCT (Myanmar Cinema Ticket) ဆိုတဲ့ App နဲ့ယှဉ်ပြိုင်ပြီး တတိယဆု (Second Runner Up) ရခဲ့ပါတယ်။ ဒီ App ကတော့ Online ကနေ ရုပ်ရှင်လက်မှတ် ဝယ်ယူနိုင်မယ့် App ပဲ ဖြစ်ပါတယ်။ ဒီ App မှာဆိုရင် အခုရုံတင်နေသော ဇာတ်ကားများ၊ နောက်လာမည့် ဇာတ်ကားများ၊ ဇာတ်လမ်း Trailar များ ကြည့်နိုင်ပြီး ပြသနေတဲ့ ဇာတ်ကားကိုလည်း တစ်ခါတည်း လက်မှတ်ဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်ရုံကို ဆက်သွယ်ရန် ဖုန်းနဲ့လိပ်စာ အပြည့်အစုံအပြင် ရုပ်ရှင်ရုံရဲ့ တည်နေရာကိုလည်း GPS နဲ့ Internet သုံးပြီး Map နဲ့ သွားနိုင်အောင် လုပ်ပေးထားပါတယ်။

Voice : ဒီမိုဘိုင်းလ် App ရေးဆွဲတဲ့ နေရာမှာကျတော့ ဘယ်လိုအခက်အခဲတွေ ဖြစ်ခဲ့သလဲ။ 

MCT : အခက်အခဲတော့ အများကြီးပဲ။ အဓိကတော့ လိုင်းပေါ့။ ကျွန်တော်တို့ App က ရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ App ဖြစ်တာကြောင့် လိုင်းတော်တော် သုံးရတယ်။ Data တွေ တော်တော်များများ Online က ရှာရတယ်။ 

Voice : ရေးထားတာက လပိုင်းလောက်တော့ ကြာခဲ့ပြီ။ လက်ရှိမှာရော ဒီ App ကို အပြင်မှာ တကယ်သုံးနိုင်ဖို့ ဘယ်လိုဆက်သွားဖို့ လုပ်နေသလဲ။

MCT : ပြိုင်ပွဲပြီးတော့ ကျွန်တော် အပြင်မှာ တကယ်အသုံးပြုလို့ရအောင် ဆက်လုပ်နေပါတယ်။ ပြိုင်ပွဲမှာ ကျွန်တော်တို့ App မှာ Server မရှိသေးပါဘူး။ Server တွေနဲ့ ဆက်လုပ်နေပါတယ်။ ပြိုင်ပွဲတုန်းက ဒိုင်တွေရဲ့ အကြံပေးချက်တွေကိုယူပြီး ဆက်လက်မွမ်းမံနေပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။

Voice : ဒီ App မှာ အချက်အလက်တွေထည့်ဖို့က ဘယ်လိုလုပ်ခဲ့ရသလဲ။ ရုပ်ရှင်ရုံတွေနဲ့ရော ဘယ်လိုတွေ ချိတ်ဆက်ခဲ့သလဲ။

MCT : ဒီ App ရေးဖို့ အချက်အလက်တွေကို ကျွန်တော်တို့က Online က Data ပဲ ရှာထားသေးတာပါ။ ရုပ်ရှင်ရုံနဲ့ မချိတ်ရသေးပါဘူး။

Voice : ကွန်ပျူတာတက္ကသိုလ် (မန္တလေး) မှာရော ပြိုင်ပွဲတွေ လုပ်ပေးတာ ရှိလား။ ဒီပြိုင်ပွဲတွေကနေ ပရောဂျက်တွေ ထွက်လာဖို့ ဘယ်လောက်အထောက်အကူ ဖြစ်ခဲ့သလဲ။ ဒီလိုပွဲတွေ လုပ်ဖို့ကျတော့ရော ဘယ်လိုအခက်အခဲတွေ ရှိသလဲ။ 

MCT : ကျောင်းမှာတော Mobile နဲ့ သက်ဆိုင်တဲ့ App ပြိုင်ပွဲတော့ မရှိပါဘူး။ ကျောင်းကနေ သင်ပေးတဲ့ Java တို့၊ Database တို့၊ Logic ပိုင်းတို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒီပွဲကို ပြိုင်ဖို့ဆိုရင် Java အခြေခံနဲ့ Database တို့ နားမလည်ခဲ့ရင် အခက်တော့ တော်တော်တွေ့မှာပါ။ Idea  ကောင်းကောင်းလည်း ရှိဖို့လည်း လိုပါတယ်။

Voice : Androidပိုင်းကို လေ့လာဖို့ကျတော့ရော ဘယ်လိုလေ့လာခဲ့သလဲ။

MCT : Android ပိုင်းကို Samsung က ခေါ်ပေးတဲ့ ဆရာအောင်ထိုက်က အခြေခံကို သင်ပေးပါတယ်။ ပြီးတော့ ကိုယ်လိုချင်တဲ့ပုံစံကို Online ကရှာ၊ ဆရာကိုလည်း မေးရင်း လုပ်ခဲ့ရပါတယ်။

Voice : အင်တာနက်အတွက် ကုန်ကျစရိတ်ကရော ဒီလိုနည်းပညာတွေ လေ့လာနေတဲ့ ကျောင်းသားတွေအတွက် ဘယ်လောက်အခက်အခဲ ဖြစ်စေသလဲ။ 

MCT : အခုတော့ Samsung က ထောက်ပံ့ပြီး လုပ်ပေးတော့ ကျွန်တော်တို့ Internet  နဲ့ တခြားအခက်အခဲ မရှိခဲ့ပါဘူး။ အခုမှစပြီး ကိုယ်တိုင်လေ့လာ ကိုယ်တိုင်လုပ်မယ့်သူတွေ ဆိုရင်တော့ Internet တော်တော်သုံးရမှာပါ။ နည်းပညာသမား လူငယ်တွေ ခုမှစပြီးလုပ်မယ်ဆိုရင် Java နှင့် Database ကို သေချာလေ့လာပြီး Android ကို လုပ်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။

Voice : ကျောင်းသားတွေ အနေနဲ့ ကျောင်းသင်ခန်းစာအပြင် လေ့လာချင်တာမျိုးဆိုရင် ဘယ်လိုဟာတွေကို စိတ်ဝင်စားမှု ပိုသလဲ။ လက်ရှိလည်း ကျောင်းတက်နေတဲ့သူ ဆိုတော့ သူငယ်ချင်းတွေ ဘယ်လိုအပိုင်းကို စိတ်ဝင်စားကြသလဲ။ 

MCT : အဲ့ဒါတော့ သေချာမပြောတတ်ဘူးဗျ။ ကွန်ပျူတာကျောင်းသား ဆိုရင် Coding ပိုင်း၊ Design ပိုင်း၊ Web ပိုင်း၊ Network ပိုင်း၊ Mobie App ပိုင်း စသည်ဖြင့် သွားလို့ရတယ်။ တချို့က ကွန်ပျူတာကျောင်း တက်ပြီးတော့ အနုပညာပိုင်းတို့၊ အားကစားပိုင်းတို့ စိတ်ဝင်စားတဲ့လူလည်း ရှိတာပေါ့။ 

Voice : ကိုယ်ပိုင်ပရောဂျက် တစ်ခုလည်း လုပ်ခဲ့ပြီးပြီ။ ဒီနှစ် ဘယ်လိုထုတ်ကုန်တွေ ထပ်ပြီးလုပ်ဖို့ ရှိမလဲ။

MCT : အခုနှစ်မှာ ကျွန်တော်တို့ MCT App ကို အပြီးအစီးလုပ်ပြီး ကုမ္ပဏီတွေနဲ့ ချိတ်လို့ရအောင် လုပ်မယ်။ ထုတ်ကုန်အသစ် ဆိုရင်တော့ ကျောင်းအတွက် ကျောင်းခေါ်ချိန်ကောက်တဲ့ App နဲ့ Touring Myanmar App ကို လုပ်ဖို့ရှိပါတယ်။

Voice : ကွန်ပျူတာကျောင်းသား တစ်ယောက် အနေနဲ့ ပညာရပ်တွေ လေ့လာရတဲ့အပေါ်မှာ ဖြည့်စွက်ပြီး ဘာပြောဖို့ ရှိဦးမလဲ။

MCT : ဒီ MCT မှာ ကျွန်တော်က Idea နဲ့ Management ပိုင်း အဓိက လုပ်ရတာပါ။ ဒါပေမဲ့လည်း Design နဲ့ Coding လည်း ထပ်လုပ်ကူရတာပေါ့။ အဓိကကတော့ Software တစ်ခု လုပ်တဲ့အခါမှာ Team Work လိုအပ်ပါတယ်။ ကွန်ပျူတာကျောင်းသား တစ်ယောက် (Software  ယူတဲ့လူ) အနေနဲ့ဆိုရင် ကျောင်းက သင်ပေးတာ အားလုံးပါ ပါတယ်။ ဥပမာ- Management ပိုင်းလား၊ Design ပိုင်းလား၊ Coding ပိုင်းလား၊ Web ပိုင်းလား အကုန်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အပိုင်းနဲ့ သွားလို့ရတယ်။ အားလုံးကို အနည်းနဲ့ အများတော့ သိသင့်ပါတယ်။ လေ့လာတဲ့အချိန်မှာ ကိုယ်သိသမျှ တတ်သမျှကို အချင်းချင်း Share စေချင်ပါတယ်။ ဒါမှ Knowledge ပိုတိုးတက်မှာပါ။ Software တစ်ခုရေးရင် တစ်ယောက်တည်း ရေးလို့တော့ ရပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ အကောင်းဆုံး မဖြစ်နိုင်ပါဘူး။ Team နဲ့ လုပ်မှပါ။ သူ့အပိုင်းနဲ့သူ ကျွမ်းကျင်သူတွေကို Management လုပ်သူက သေချာစီစဉ်ပြီး Team Work နဲ့လုပ်မှ Software ကောင်းကောင်း ထွက်မှာပါ။ ကွန်ပျူတာ ကျောင်းသားတိုင်း Programmer လုပ်မယ့်သူ၊ Computer Software, Mobile App တို့ရေးပြီး အသက်မွေးဝမ်းကျောင်းမယ့်လူ ဆိုရင် Team Work အလုပ်လုပ်တတ်ဖို့နဲ့ ကိုယ်စိတ်ဝင်စားတဲ့ဟာကို သေချာကျွမ်းကျင်အောင် လေ့လာထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။

မောင်မန်း

ABOUT AUTHOR

(မောင်မန်း)