News

POST TYPE

IT

အမေရိကန်ရေတပ်မှ ရေငုပ်သင်္ဘောများသည် ရေအောက်ဟက်ကာများ ဖြစ်လာမည်ဟုဆို
05-Aug-2016
ဝါရှင်တန်၊ သြဂုတ် ၄

အမေရိကန်ပြည်ထောင်စုသည် အခြားနိုင်ငံများကို ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်း၊ ခိုးဖောက်ခြင်း စသည့် ဟက်ကာတို့၏ လုပ်ငန်းများကို ပင်လယ်သမုဒ္ဒရာများအောက်တွင် စေလွှတ်ထားသည့် ရေငုပ်သင်္ဘောများက တစ်ဆင့် ပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း The Washington Post သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် ထောက်လှမ်းရန် ခက်ခဲသော ပုံဖျက်ထားသည့် ရေငုပ်သင်္ဘောများဖြင့် မိမိတို့ ရန်သူဟု သတ်မှတ်ထားသော နိုင်ငံများကို ရေအောက်က တစ်ဆင့် ထောက်လှမ်းကာ ကွန်ပျူတာစနစ်များကို ခိုးဖောက်နေသည်မှာ ကြာပြီဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

USS Annapolis ကဲ့သို့ ရေတပ်မှ ရေငုပ်သင်္ဘောကြီးများသည် ရေအောက်တွင် ချထားသည့် ဖိုင်ဘာဆက်သွယ်ရေး ကြိုးများနှင့် အနီးကပ်ဆုံးနေပြီး အင်တာနက်လမ်းကြောင်းပေါ် တက်လာသမျှသော အချက်အလက်တိုင်းကို ခိုးဖောက်ကြည့်နေကြောင်း The Washington Post သတင်းက ရေးသားထားသည်။ 

ရေငုပ်သင်္ဘောများပေါ်တွင် တပ်ဆင်ထားသော အင်တီနာတိုင်များသည် ဖိုင်ဘာကြိုးများက တစ်ဆင့် ဖောက်ယူရရှိသည့် အချက်အလက်များကို လေထုအတွင်းသို့ ထပ်ဆင့်ထုတ်လွှင့်ပြီး မြေပြင်အခြေစိုက် စခန်းများသို့ ပေးပို့နေကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ရေတပ်မှ ရေငုပ်သင်္ဘောများ ထိုသို့ ခိုးဖောက်ပြီး ဒေတာများကို ယူနေသည်မှာ ကြာပြီဖြစ်ကာ ဒုတိယကမ္ဘာစစ် ကတည်းက ပစိဖိတ်သမုဒ္ဒရာအတွင်း ပုန်းအောင်းပြီး ရန်သူ ဂျပန်သင်္ဘောများကို ထောက်လှမ်း၍ မြေပြင်ကို သတင်းများ ပေးပို့ခဲ့ကြသည်။

၁၉၆၀ မှ ၁၉၇၀ ခုနှစ်များ ကတည်းက အမေရိကန်ရေတပ်သည် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက် ဒေသအတွင်း ဆက်သွယ်ရေး ကြိုးလိုင်းကြီးများချကာ ရေငုပ်သင်္ဘောများက တစ်ဆင့် ထောက်လှမ်းမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

USS Halibut ရေငုပ်သင်္ဘောကြီးကလည်း ဆိုဗီယက်တို့ ချထားသည့် ရေအောက်ဆက်သွယ်ရေး လိုင်းများကို အသုံးပြုပြီး အမေရိကန် ထောက်လှမ်းရေးဌာနကို သတင်းအချက်အလက်များ ပေးပို့ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ယခုခေတ်တွင် လူလိုက်ပါခြင်း မရှိသည့် UUVs ဟု ခေါ်သည့် ရေငုပ်သင်္ဘောငယ်များကို အသုံးပြုပြီး ရေအောက်က တစ်ဆင့် ခိုးဖောက်ရရှိသော ဒေတာများကို မြေပြင်သို့ ပေးပို့နေကြောင်း The Washington Post သတင်းတွင် ရေးသားထားသည်။