News

POST TYPE

IT

နှစ်လိုဖွယ်ကောင်းသည့် စက်ရုပ်အမျိုးသမီး တရုတ်တီထွင်
10-Jan-2017 tagged as တရုတ် စက်ရုပ် AI


ဘေကျင်း၊ ဇန်နဝါရီ ၁၀

“ကျားကျား”ဟု အမည်ပေးထားသော အလွန် နှစ်လိုဖွယ်ကောင်းသည့် စက်ရုပ်မလေးကို မကြာသောကာလတွင် တရုတ်နိုင်ငံ နယ်ပယ် အသီးသီး၌ လူတို့ကိုယ်စား အစားထိုး အသုံးပြုနိုင်ရန်အတွက် တိုးမြှင့်တီထွင်ကာ ပွဲထုတ်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၊ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ ချန်ရှောင်ပင်း ဦးဆောင်သည့် အင်ဂျင်နီယာအဖွဲ့ တစ်ဖွဲ့သည် ယမန်နှစ်ကတည်းက ကျားကျားကို တီထွင်ခဲ့ပြီးနောက်၊ ယခုအခါတွင် ပိုပြီးပြည့်စုံသည့် လူသားနှင့်မခြား ဧည့်ခံ ဖျော်ဖြေမှုများ ပေးနိုင်မည့် အနေအထားဖြင့် ပွဲထုတ်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ရှန်ဟိုင်းရှိ UBS ဘဏ်အဖွဲ့က ကြီးမှူးကျင်းပသော စီးပွားရေး ညီလာခံတွင် ချန်က သူ တီထွင်ထားသည့် စက်ရုပ်မလေး ကျားကျားကို ဂုဏ်ယူစွာဖြင့် ပွဲထုတ်ခဲ့ခြင်း ဖြစ်သည်။

လာမည့် ဆယ်စု တစ်စုအတွင်း AI ဟုခေါ်သည့် ဉာဏ်ရည်တုဖြင့် လုပ်ဆောင်နိုင်စွမ်းသော ကျားကျားကဲ့သို့ စက်ရုပ်များ ပေါ်ထွက်လာပြီးလျှင် စားသောက်ဆိုင်များ၊ ဘိုးဘွား ရိပ်သာများ၊ ဆေးရုံနှင့် အိမ်များတွင် အသုံးချလာနိုင်ကြောင်း ချန်က ပြောကြားသည်။

သူက လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း ဆော့ဖ်ဝဲမျိုးစုံ ထည့်သွင်းထားသော စက်ရုပ်ပေါင်း များစွာသည် တရုတ်နိုင်ငံတွင် အသုံးပြုလာကြလိမ့်မည်ဟု ခန့်မှန်းထားသည်။

တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားသော ဆံပင် အနက်ရောင်နှင့် ကျားကျားသည် ရုတ်တရက် ကြည့်လိုက်လျှင် လူသား တစ်ဦးကဲ့သို့ ထင်မှားစရာဖြစ်ပြီး၊ မေးလိုက်သည့် သာမန် မေးခွန်းလေးများကိုလည်း တုံ့ပြန် ဖြေကြားပေးနိုင်ရန် စီစဉ်ထားသည်။

ကျားကျားအား ရာသီဥတု အခြေအနေနှင့် သာမန် စကားများကို ပြောကြား ဖြေဆိုနိုင်စေရန် စီစဉ်ပေးထားပြီး၊ သူမသည် မေးမြန်းသူ၏ အနေအထား ယောက်ျား၊ မိန်းမ စသည်ကို ခွဲခြားသိရှိကာ လိုက်လျောညီထွေ ဖြစ်စေရန် ပြန်လည် ဖြေကြားနိုင်သည်။

အနာဂတ်တွင် ဤကဲ့သို့သော လူသားအတိုင်း တီထွင်ထားသည့် စက်ရုပ်များ ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်စရာ အနေအထားကို ချန်အား မေးမြန်းရာတွင် သူက ကျားကျားကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပြီး တီထွင်သွားရန် ရည်စူးထားကြောင်း၊ ယခုလို စက်ရုပ်များ ပေါ်ပေါက်လာခြင်းမှာ လူ့ဘောင် အဖွဲ့အစည်းကို ထိခိုက်နိုင်စရာအကြောင်း မရှိကြောင်း ပြောကြားသည်။