News

POST TYPE

IT

Myanmar Culture မိုဘိုင်းလ် App ရေးသားသည့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ကျောင်းသားများနှင့် တွေ့ဆုံခြင်း
10-Jan-2017 tagged as နည်းပညာ IT

ပြည်တွင်း၌ ကွန်ပျူတာတက္ကသိုလ်များရှိ ကျောင်းသားများကို Samsung က မိုဘိုင်းလ် App သင်တန်းများနှင့် ပြိုင်ပွဲများ ကျင်းပပြီး နည်းပညာထုတ်ကုန်များ ထွက်ရှိနိုင်ရန် အထောက်အပံ့ ပေးနေသည်။ ယင်းအပြင် ကွန်ပျူတာ တက္ကသိုလ်များကလည်း ကျောင်းသားများ၏ တီထွင်ဖန်တီးနိုင်မှုများကို ပိုမိုအထောက်အပံ့ပေးနိုင်ရန်အတွက် နည်းပညာ ထုတ်ကုန်ပြပွဲများ ပြုလုပ်ပေးနေသည်။ လူငယ်ကျောင်းသားများ၏ တီထွင်မှုများ တိုးတက်လာသည်နှင့်အမျှ ပြည်တွင်းနည်းပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ပေသည်။ ကွန်ပျူတာတက္ကသိုလ် တောင်ငူမှ ကျောင်းသားများက မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အနုပညာ၊ လက်မှုပညာနှင့် ရိုးရာအားကစားများကို လေ့လာနိုင်မည့် မိုဘိုင်းလ် App တစ်ခုကို ရေးသားခဲ့သည်။ မြန်မာ့ရိုးရာ ဓလေ့စရိုက်များကို လေ့လာနိုင်မည့်အပြင် ရိုးရာအားကစားများ တိမ်ကောလာသည်ကို ပြန်လည်ဖော်ထုတ်နိုင်မည့် မိုဘိုင်းလ် App တစ်ခု ဖြစ်သည့်အတွက် Myanmar Culture မိုဘိုင်းလ် App ရေးသားသူ မောင်လင်းလင်းထွန်း၊ မောင်ထက်အောင်ခန့်၊ မောင်ထက်အောင်လှိုင်တို့ အဖွဲ့အား တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : မြန်မာ့ရိုးရာ ကစားနည်းတွေနဲ့ မြန်မာ့ဓလေ့တွေကို မိုဘိုင်းလ် App အဖြစ် ထုတ်လုပ်ထားတယ်လို့ သိရတယ်ဗျ။ ဒီ App မှာ ဘာတွေလုပ်လို့ရမလဲ။ ဘယ်လိုမျိုး မြန်မာ့ရိုးရာဓလေ့တွေ ပါဝင်မလဲ။

MC : ဟုတ်ကဲ့ခင်ဗျ ဒီ App မှာဆိုရင် ကျွန်တော်တို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေ အကြောင်းကို စုံစုံလင်လင် ထည့်သွင်းပေးထားပါတယ်။ အထူးသဖြင့် မြန်မာ့ ပန်း ၁၀ မျိုး အနုပညာ၊ မြန်မာ့လက်မှုပညာ၊ မြန်မာ့ကလေး ကစားစရာ၊ မြန်မာ့ကလေး ကစားနည်း၊ မြန်မာ့ရိုးရာ အားကစား၊ မြန်မာခေတ်အဆက်ဆက် သုံးစွဲလာတဲ့ ငွေကြေးအကြောင်းတွေ၊ မြန်မာ့ရိုးရာအကတွေနဲ့ မြန်မာ့တူရိယာတွေ အကြောင်းတွေကို စုံစုံလင်လင် ဖော်ပြပေးထားပါတယ်။ 

Voice : ဒီ App ကို ရေးဖို့ ဘယ်လိုစိတ်ကူးရခဲ့သလဲ။ အဖွဲ့အနေနဲ့ လုပ်ခဲ့တာလား။

MC : ဟုတ်ကဲ့ အဖွဲ့အနေနဲ့ လုပ်ခဲ့တာပါ။ ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ် အနေနဲ့ SAMSUNG ကနေ ကျင်းပပေးတဲ့ Samsung Tech Institute ၂၀၁၆ သင်တန်းကို စေလွှတ်ခဲ့တယ်ဗျ။ ကျွန်တော်တို့အဖွဲ့နဲ့ ကွန်ပျူတာတက္ကသိုလ် စုစုပေါင်း ၂၅ ဖွဲ့ ပါဝင်တယ်ဗျ။ အဖွဲ့ဝင်အားလုံး သင်တန်းပြီးတာနဲ့ Project တစ်ခု လုပ်ရပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ် လူငယ်တွေ အများအားဖြင့် မြန်မာ့ရိုးရာကစားနည်းတွေကို မေ့ကုန်ကြပါပြီ။ နည်းပညာတွေကလည်း ခေတ်နဲ့အညီ တိုးတက်လာတော့ အများအားဖြင့် ဖုန်းကိုယ်စီ သုံးနေတာပဲ တွေ့ရပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့အဖွဲ့က မြန်မာလူငယ်ကလေးတွေ ရိုးရာယဉ်ကျေးမှုတွေကို သိရှိစေဖို့ ဒီ App ကို ရေးဖြစ်ခဲ့တာပါ။

Voice : မြန်မာ့ရိုးရာကစားနည်းတွေ၊ မြန်မာ့လက်မှုအတတ်ပညာတွေကို ဒီဘက်ခေတ် လူငယ်တွေ သိပ်မသိကြတော့ဘူး။ မြင်သာတာဆိုရင် လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲတွေမှာ ရိုးရာအားကစားတွေ သိပ်မတွေ့ရတော့ဘူး။ ဒါတွေကို ဒီ App က ဘယ်လောက်ထောက်ပံ့ ပေးနိုင်မယ်ထင်လဲ။

MC : ဟုတ်ကဲ့ဗျ ဘယ်လောက်ထိ ထောက်ပံ့ပေးနိုင်လဲဆိုရင် ဒီ App မှာ စိတ်ဝင်စားစရာ ပုံလေးတွေနဲ့ပါ ပြောပြထားတော့ လူငယ်တွေအနေနဲ့ စိတ်ဝင်စားလာမယ်။ ပိုပြီးတာ့ သိချင်လာတဲ့အခါမှာ လူကြီးတွေကိုလည်း မေးလာမယ်လို့ မျှော်လင့်မိပါတယ်။ ဥပမာ- ဒီ App လေးကို သုံးရင်းနဲ့ ထုပ်ဆီးတိုးတဲ့ ကစားနည်းလေးကို တွေ့သွားပြီး ဆော့ချင်ရင်ပဲဖြစ်ဖြစ်၊ ကစားနည်းမသိလို့ပဲ ဖြစ်ဖြစ် ဆော့လို့လွယ်အောင် ကစားပုံ ကစားနည်း အဆင့်ဆင့်နဲ့ စည်းမျဉ်း စည်းကမ်းလေးတွေ ထည့်ပေးထားတော့ သူတို့အတွက် လွယ်လွယ်ကူကူ လူစုပြီး အဆင်သင့် ဆော့ရုံပဲဗျ။ 

Voice : မြန်မာတူရိယာတွေ၊ အကတွေအထိပါ ဒီထဲမှာ ထည့်မယ်လို့ဆိုတော့ အချက်အလက်တွေကို ဘယ်လိုစုဆောင်းသလဲ။ 

MC : အချက်အလက်တွေကို ကျွန်တော်တို့ Internet  ကနေ ရှာရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့စာတွေ၊ ပုံနှိပ်စာအုပ်တွေနဲ့ ကျွန်တော်တို့ သိသလောက် ဗဟုသုတတွေ ပေါင်းပြီး ရခဲ့တာပါ။ အခက်အခဲတော့ နည်းနည်းရှိတာပေါ့။

Voice : မြန်မာလူငယ်တွေ အနေနဲ့ ကိုယ့်နိုင်ငံရဲ့ ဓလေ့၊ ထုံးစံ၊ ယဉ်ကျေးမှုတွေကို သိနိုင်မှု အားနည်းလာတယ်လို့ ထင်လား။ ပြည်ပယဉ်ကျေးမှုက လွှမ်းမိုးတာ ပိုလာတဲ့ အခါမှာပေါ့။

MC : ဟုတ်ကဲ့ ကျွန်တော်တို့ အဲ့လိုမျိုး တွေးမိလို့လည်း ဒီ App လေးကို ရေးခဲ့တာပါဗျ။ နည်းပညာ တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့လို လူငယ်တွေက နည်းပညာရဲ့ ဆိုးမွေကောင်းမွေတွေကို ခံနေရတယ်ဗျ။ အဲ့ဒါမှာပဲ သူတို့ အပြင်ထွက်မဆော့ချင်တော့လေ။ အဲ့ဒီလို ဖုန်းသုံးနေရင် ဒီ App ကို သုံးမိရင်လည်း မြန်မာ့ရိုးရာဓလေ့တွေကို စိတ်ဝင်စားလာမယ်ဆိုရင်ပဲ အဆိုးထဲက အကောင်းပဲပေါ့ဗျာ။ 

Voice : မြန်မာ့ယဉ်ကျေးမှုနဲ့ ဓလေ့တွေကို ဖော်ပြဖို့ဆိုတော့ မြန်မာလူငယ်တွေအတွက် အပြင်ပေါ့လေ။ အင်္ဂလိပ်ဗားရှင်း ထုတ်ဖို့ရော အစီအစဉ်ရှိလား။

MC : ဟုတ်ကဲ့ ရှိပါတယ်။ ကျွန်တော်တို့ စလုပ်ကတည်းက ထုတ်ချင်ခဲ့တာပါ။ သင်တန်းကလည်း တစ်လတည်း ဆိုတော့ အချိန်သိပ်မရခဲ့ဘူး။ ကျွန်တော်တို့ ရည်ရွယ်ချက်ကလည်း လူငယ်တွေအတွက်တင် မဟုတ်ဘဲ နိုင်ငံတကာက ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုတွေ အကြောင်းကို စိတ်ဝင်စားလာအောင် ပြချင်ခဲ့တာပါ။

Voice : ဒီနည်းပညာတွေကို လေ့လာတော့ရော ဘယ်လိုလေ့လာခဲ့လဲ။ အခုမြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ဖော်ပြပေးမယ့် App ကို ရေးဖို့ကျတော့ရော ဘယ်လိုအခက်အခဲတွေ ရှိခဲ့သလဲ။

MC : လေ့လာတာက ကျွန်တော် ခုနက ပြောသလိုပဲ။ Samsung Tech Institute 2016 မှာ ဆရာ၊ ဆရာမတွေ သင်ပေးတာရော၊ ကိုယ့်ဘာသာကိုယ် self_studies တွေကို Internet က ရှာပြီး လေ့လာ ခဲ့တာပါ။ အခက်အခဲ အနေနဲ့ကတော့ သိပ်ပြီး ထွေထွေထူးထူး မရှိပါဘူး။ ကျွန်တော်တို့ သုံးယောက်မှာ တစ်ယောက်က Coding ရေးတယ်။ ကျွန်တော်က Design ဆွဲတယ်။ ကျန်တဲ့တစ်ယောက်က Information ရှာပြီး ညီညီညွှတ်ညွှတ် လုပ်ခဲ့တော့ အဆင်ပြေပါတယ်ဗျ။ ဓာတ်ပုံတချို့ပဲ အခက်အခဲ ဖြစ်ခဲ့တာပါ။ 

Voice : အရင်နှစ်တွေကနဲ့ မတူတော့တာက ကွန်ပျူတာကျောင်းသားတွေက နည်းပညာ ထုတ်ကုန်တွေကို တကယ်ကို ထုတ်လုပ်လာနိုင်ကြတယ်။ အရင်ကထက်လည်း အထောက်အပံ့တွေ ပိုများလာတယ်။ ဒီအခြေအနေမှာ ရှေ့ကို ပိုပြီးလုပ်နိုင်ဖို့ဆိုရင် ဘယ်လိုအထောက်အပံ့တွေ လိုအပ်မလဲ။

MC : နယ်ကျောင်းတွေအတွက် အနေနဲ့က အထောက်အပံ့တွေ ပိုလိုအပ်တာပေါ့။ ကိုယ့်ဘာသာ လေ့လာနေတဲ့သူတွေ အတွက်ကျတော့ Internet ကတော့ အဓိကပေါ့ဗျာ။

Voice : နယ်ကျောင်းတွေအတွက်ကျတော့ နည်းပညာတွေကို လေ့လာတဲ့နေရာမှာ အခက်အခဲဆိုရင် ဘာတွေရှိမလဲ။

MC : အခက်အခဲတွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအခက်အခဲတွေကို အခက်အခဲလို့ မမြင်ရင် ဖြေရှင်းချက်တော့ ရှိမှာပဲလေ။ အဲ့ဒီဖြေရှင်းချက်ကို ကြိုးစားပြီး ဘယ်လိုရှာဖွေရမလဲ ဆိုတာ ကျွန်တော်တို့လို လူငယ်တွေ တာဝန်ပါ။ ဒါမှ ကျွန်တော်တို့ ဘယ်လိုအခက်အခဲမျိုးမဆို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေမှာပါ။ 

Voice : ကွန်ပျူတာတက္ကသိုလ်ကျောင်းတွေက လူငယ်တွေ၊ သူငယ်ချင်းတွေ အတွက်ရော နည်းပညာတွေ လေ့လာတာနဲ့ ပတ်သက်ပြီး ဘာဖြည့်စွက်ပြီး ပြောဖို့ရှိမလဲ။

MC : ကျောင်းသားတွေက မိဘတိုက်တွန်းလို့ပဲ ဖြစ်ဖြစ်၊ အမှတ်ကြောင့်ပဲဖြစ်ဖြစ် ကွန်ပျူတာတက္ကသိုလ်ကို ရောက်လာကြပြီးတော့ သူတို့ ဘာလုပ်ချင်မှန်း မသိကြဘူး။ အများစုက ရည်ရွယ်ချက် ပျောက်နေတယ်ပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့က ညီငယ်၊ ညီမငယ်တွေကို အဲ့ဒီလို မဖြစ်စေချင်ဘူးဗျ။ ဒီနယ်ပယ်က အရမ်းကျယ်ပြန့်တဲ့အတွက် ကိုယ်လုပ်ချင်တာကို တစိုက်မတ်မတ် လေ့လာမယ် ဆိုရင်တော့ အကျိုးကျေးဇူးတွေ ရရှိမှာပါ။

မောင်မန်း

ABOUT AUTHOR

(မောင်မန်း)