News

POST TYPE

IT

မောင်းသူမဲ့ MASH လေကြောင်းသူနာပြုယာဉ်များကို ၂၀၂၀ ပြည့်နှစ် မတိုင်မီ အသုံးပြုမည်
06-Jan-2017 tagged as နည်းပညာ

ဂျေရုဆလင်၊ ဇန်နဝါရီ ၅

နှစ်ပေါင်း ၁၅ နှစ်အကြာ လေ့လာသုတေသနများ ပြုလုပ်ခဲ့ကာ၊ အကြိမ် ၂၀၀ ကျော် ပျံသန်းခဲ့ပြီးနောက် တစ်စင်းလျှင် ဒေါ်လာ ၁၄ သန်းကျော် တန်မည့် မောင်းသူမဲ့ MASH သူနာပြု လေယာဉ်များကို၂၀၂၀ ပြည့်နှစ် မတိုင်မီ ဈေးကွက်အရောက်ပို့မည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

AirMule ဟု အမည်ပေးထားသော တင်ကျီးငှက်အသွင် မောင်းသူမဲ့ သူနာပြုလေယာဉ်သည် တစ်နာရီလျှင် ၁၁၅ မိုင်နှုန်း ပျံသန်းနိုင်ပြီး အလေးချိန် တန်ဝက်အထိ သယ်ဆောင်ပျံသန်းနိုင်မည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ယင်းသူနာပြုယာဉ်များကို Urban Aeronautics ဆိုသည့် စစ်လေယာဉ်များ ထုတ်လုပ်ပေးနေသော အစ္စရေး ကုမ္ပဏီတစ်ခုက ထုတ်လုပ်ပေးမည်ဖြစ်ပြီး စစ်မြေပြင်တွင် ဒဏ်ရာရသူများကို ဘေးကင်းစွာဖြင့် သယ်ယူပို့ဆောင်ပေးနိုင်ရန် တီထွင်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ခေတ်သစ်တိုက်ပွဲများသည် ဓာတုလက်နက်များကို အသုံးပြုလာခြင်းကြောင့် ဒဏ်ရာရသူများ သယ်ဆောင်ရေးမှာ ပြဿနာတစ်ရပ် ဖြစ်လာကြောင်း၊ ထို့ကြောင့် စက်ရုပ်အသွင် လုပ်ဆောင်နိုင်စွမ်းများကို ပိုမိုတီထွင်လာရခြင်း ဖြစ်ကြောင်း Urban Aeronautics ကို ထူထောင်သူ CEO ရာဖီ ယိုလီက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက သူနာပြုယာဉ်ကို စေလွှတ်စမ်းသပ်ခဲ့ရာတွင် ဆင်ဆာနှင့် ဒေတာများ ပေးပို့မှု ပြဿနာ အနည်းငယ်နှင့် ရင်ဆိုင်ခဲ့ရပြီး ထိုစနစ်များကို ပြန်လည်ပြုပြင်နေပြီဟု ယင်းက ဆိုသည်။

အနာဂတ်တွင် မောင်းသူမဲ့ သူနာပြုယာဉ်များဖြင့် လူများသယ်ဆောင်ခြင်း၊ ဆင်းသက်ရန် ခက်ခဲသည့် နေရာများကို သွားရောက်ကူညီခြင်းများကို စခန်းက ထိန်းကျောင်းလုပ်ဆောင်သွားမည် ဖြစ်သည်။

တင်ကျီးငှက်ဟု အမည်ဝှက်ပေးထားသော သူနာပြုလေယာဉ်ကို ဒီဇင်ဘာ ၃၀ ရက်နေ့က အစ္စရေးနိုင်ငံ မြောက်ပိုင်း မက်ဂစ်ဒို လေတပ်တွင် စမ်းသပ်ခဲ့ပြီး မိုးပျံကားတစ်စင်းအဖြစ် မှတ်ချက်ပြုနိုင်သည်အထိ အောင်မြင်ခဲ့ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။