News

POST TYPE

IT

မာ့ခ် ဇပ်ကာဘတ် အိမ်ဖြူတော်ကို တက်လှမ်းတော့မည်လားဟု ဝေဖန်မှုများ ထွက်ပေါ်
06-Jan-2017 tagged as Facebook

ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၅

ဘာသာရေးနှင့် နိုင်ငံရေးကို စိတ်ဝင်စားပုံ မပြခဲ့သည့် ကမ္ဘာကျော် ဆိုရှယ်မီဒီယာကြီး တစ်ခုကို ထူထောင်ခဲ့သူ မာ့ခ် ဇပ်ကာဘတ်က ၂၀၁၇ နှစ်ဦးတွင် ဘာသာရေးနှင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုများ ဖော်ထုတ်လာသည့်အပြင် အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်းစုံကို လှည့်လည်ပြီး နည်းပညာ ကွာဟမှုများကို ကွင်းဆင်းစစ်ဆေး စည်းရုံးဆောင်ရွက်မည် ဆိုသဖြင့် မကြာမီ အိမ်ဖြူတော်သို့ တက်လှမ်းလာမည့်သူ ဖြစ်လာမည်လားဟု စဉ်းစားစရာ ဖြစ်လာကြောင်း USA Today သတင်းတွင် ရေးသားထားသည်။

ဇန်နဝါရီလ ၃ ရက်နေ့က ဇပ်ကာဘတ်သည် အမေရိကန်ပြည်ထောင်စု ပြည်နယ် ၃၀ ကို ပထမဦးစားပေး အနေနှင့် လှည့်လည်ပြီး ၂၀၁၇ ခုနှစ်တွင် ဒစ်ဂျစ်တယ် တော်လှန်ရေးသည် အချို့သာ အကျိုးရှိပြီး အများစုမှ အကျိုးမခံစားကြရသေးခြင်း အတွက် စိန်ခေါ်မှုများကို လှည့်လည်စုံစမ်းမည်ဟု ပြောကြားမှုအပေါ် သတင်းမီဒီယာများက ဝေဖန်ပြောကြားမှုများ ဖြစ်လာခဲ့ကြောင်း The Sun သတင်းတွင်လည်း ဖော်ပြထားသည်။

ခရစ္စမတ်နေ့က ဇပ်ကာဘတ်သည် ဘာသာမဲ့တစ်ဦး မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်နယ်များကို လှည့်လည်ပြီး အမေရိကန်ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုများ ၂၀၁၇ ခုနှစ် တစ်နှစ်လုံး ပြုလုပ်သွားမည် ဆိုခြင်းက နိုင်ငံရေး လှုပ်ရှားစည်းရုံးမှုတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြသည်။ 

၂၀၁၆ ခုနှစ် ဧပြီလက သမ္မတလောင်း ထရမ့်သည် အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုကြားတွင် တံတိုင်းခတ်ပြီး ခိုးဝင်နေမှုကို တားဆီးမည်ဆိုသည့် ပြောဆိုချက်အား သူက ဆန့်ကျင်ခဲ့သေးသည်။

“တံတိုင်းကြီးခတ်ပြီး အားလုံးနဲ့ အဆက်အသွယ် ဖြတ်တောက်မယ်ဆိုတာ လူသားတွေကို ပိုင်းခြားပြီးတော့ တခြားကမ္ဘာက လူသားတွေလို ဖြစ်သွားအောင် လုပ်လိုက်သလို ဖြစ်ပါလိမ့်မယ်။ သူတို့ကိုလည်း မပြောမဆိုရ၊ လွတ်လပ်စွာ မထုတ်ဖော်ရ၊ ကုန်သွယ်မှုတွေ လျှော့ချမယ်ဆိုတာတွေ အပြင် အင်တာနက် သုံးစွဲနိုင်ခွင့်တွေ ဖြတ်တောက်မယ် ဆိုတာတွေက ကမ္ဘာကြီး တစ်ခုလုံးကို ဆက်သွယ်မှုတွေ လွှမ်းခြုံနိုင်ရမယ်ဆိုတဲ့ အပေါ် ဆန့်ကျင်ရာ ရောက်နေပါတယ်” ဟု သူက ဆိုခဲ့ဖူးသည်။

အမေရိကန်ပြည်ထောင်စု ပြည်နယ်များကို လှည့်လည်မည်ဆိုသည့် ဇပ်ကာဘတ်၏ ပြောဆိုချက်အပေါ် နိုင်ငံရေး လှုပ်ရှားစည်းရုံးမှုများ လုပ်ဆောင်နေခြင်းလား ဆိုသည့် မေးခွန်းနှင့် ပတ်သက်ပြီး သူက မိမိအနေနှင့် ကမ္ဘာကြီးနှင့် ဆက်သွယ်ပြီး လူတိုင်းအသံကို ကြားရစေရန်သာ ဖြစ်ကြောင်း၊ လူတိုင်း၏ အသံကို ကြားချင်သောကြောင့် ယခုနှစ်တွင် နေရာအနှံ့ လှည့်လည်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဇပ်ကာဘတ်သည် ဆိုရှယ်မီဒီယာ Facebook လုပ်ငန်းကြီးကို ဖွံ့ဖြိုးတိုးတက်စေရန် ကြံဆောင်နေသည့်အပြင် AI ဟု ခေါ်သည့် နည်းပညာဖြင့် လုပ်ငန်းများကို ဦးဆောင်မည့် စနစ်ကိုပါ ထွန်းကားရန် ကြံဆောင်နေသူ ဖြစ်ကာ နေရာအနှံ့ လှည့်လည်ခြင်းသည် သူထူထောင်ခဲ့သည့် လုပ်ငန်းကြီးများကို ပိုပြီးခိုင်မာစေရန် ထူထောင်နေခြင်း ဖြစ်ကြောင်း AFP သတင်းတွင်လည်း ထောက်ပြဝေဖန်ထားသည်။