News

POST TYPE

IT

Programme NYE အဖွဲ့ တည်ထောင်သူများနှင့် တွေ့ဆုံခြင်း
03-Jan-2017 tagged as နည်းပညာ

ပြည်တွင်းနည်းပညာကျောင်းများမှ ပညာရှင် လူငယ်များကို နှစ်စဉ် မွေးထုတ်ပေးနေပြီး ကျောင်းတွင်းပြိုင်ပွဲများ၊ Product Show များ ကျင်းပပေးခြင်းများဖြင့်လည်း လူငယ်ပညာရှင်များကို မြေတောင်မြှောက်ပေးနေသည်။ ပြည်တွင်းနည်းပညာကျောင်းများမှ လေ့ကျင့်သင်ကြားပေးခြင်းနည်းတူ နည်းပညာ ဟောပြောပွဲများကို ပြည်တွင်းလုပ်ငန်းရှင်များအား ဖိတ်ကြားဟောပြောစေခြင်းဖြင့် ကျောင်းများနှင့် လက်တွေ့လုပ်ငန်းခွင်ကို ချိတ်ဆက်ပေးနိုင်ရန်လည်း ဆောင်ရွက်နေကြသည်။ ယင်းသို့ ပြည်တွင်းနည်းပညာကျောင်းများနှင့် လုပ်ငန်းရှင်များအကြား ချိတ်ဆက်နိုင်ရန်နှင့် ပြည်ပအတွေ့အကြုံရှိ နည်းပညာရှင်များ၏ အတွေ့အကြုံများကို မျှဝေပေးနိုင်ရန်အတွက် နည်းပညာကျောင်းများတွင် ဟောပြောပွဲများ ကျင်းပပြုလုပ်ပေးနေသည့် Programme NYE အဖွဲ့ တည်ထောင်သူများနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပြည်တွင်းနည်းပညာကျောင်းတွေမှာ နည်းပညာနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ လိုက်ပြီး လုပ်ပေးနေတယ်လို့ သိထားတယ်ဗျ။ ဘယ်လိုစိတ်ကူးနဲ့ အခုလို လုပ်ပေးလဲ အရင်ပြောပြပေးပါဦး။

NYE : နည်းပညာတက္ကသိုလ်တွေမှာ တက်ရောက်ပညာဆည်းပူးနေကြတဲ့ အနာဂတ်ကို ဖန်တီးမယ့် မျိုးဆက်သစ် အင်ဂျင်နီယာ ညီငယ် ညီမငယ်များကို ကျွန်တော်တို့သိတဲ့ အသိ၊ ကျွန်တော်တို့ တတ်နိုင်တဲ့ ငွေကြေးခွန်အားနဲ့ ကျွန်တော်တို့တုန်းကလို အောက်ကျနောက်ကျ ချို့ချို့ငဲ့ငဲ့ မဖြစ်ရလေအောင် ကူညီနိုင်ဖို့ ရည်ရွယ်ပြီး Programme NYE ကို ၂၀၁၄ အစောပိုင်းမှာ စတင်ဖွဲ့စည်းပြီး 27, 28 June 2014 မှာ ပထမဆုံး NYE Tech Talk ကို ရန်ကုန်နည်းပညာတက္ကသိုလ်မှာ စတင်ကျင်းပခဲ့ပါတယ်။

Voice : ကျောင်းတွေမှာ အခုလို လိုက်ပြီးပြောပေးတဲ့အတွက် ဒီက ကျောင်းသားတွေအတွက် ဘယ်လောက်အထိ အထောက်အပံ့ ဖြစ်စေမယ်လို့ မျှော်မှန်းထားသလဲ။

NYE : NYE Tech Talk တွေရဲ့ အဓိက ရည်ရွယ်ချက်က Academic ကျောင်းသင်ပညာနဲ့ Industry လုပ်ငန်းခွင်ကို ဆက်စပ်ပေးချင်တာပါ။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ လက်ရှိလုပ်ကိုင်နေတဲ့ ပညာရှင်တွေ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ဟောပြောစေပါတယ်။ အဲဒီလို Technical ပိုင်း နည်းပညာနဲ့ ပတ်သက်တာတွေအပြင် Soft Skill လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး အပိုင်းကိုလည်း ဟောပြောမိတ်ဆက်ပေးပါတယ်။ စာတွေ့လက်တွေ့ ပေါင်းစပ်နိုင်တဲ့အပြင် ကိုယ်ရည်ကိုယ်သွေးပိုင်းကောင်းမှ ထူးချွန်ထက်မြက်ပြီး အောင်မြင်တဲ့ Engineer ကောင်း တစ်ယောက် ဖြစ်မှာပါ။ ရန်ကုန်နည်းပညာတက္ကသိုလ်မှာတော့ ၅ ကြိမ်မြောက် ဟောပြောတာ ဖြစ်လာပြီ ဖြစ်တဲ့အတွက် ကျောင်းသားတွေဟာ မေးရဲမြန်းရဲ ပြောရဲဆိုရဲ ဖြစ်လာပါပြီ။ Softskill ပိုင်းမှာလည်း သိသာတဲ့ အောင်မြင်မှုတွေ တွေ့ရပါတယ်။

Voice : ပြည်ပကနေမှ ပြန်လာပြီး ဒီကိုပြန်ရောက်တဲ့ အချိန်မှာ ဒီလို Tech Talk ပွဲတွေ လုပ်ပေးတာ ဆိုတော့ အခက်အခဲတွေ ဘာတွေရှိခဲ့သလဲ။

NYE : အစောပိုင်း နှစ်တွေမှာတော့ အခက်အခဲတွေ များခဲ့ပါတယ်။ ဟောပြောပွဲ ကျင်းပဖို့ ရဖို့အတွက် အဆင့်ဆင့် ခွင့်ပြုချက်ရဖို့ပါ။ 2nd NYE Tech Talk နောက်ပိုင်းတော့ ဟောပြောခွင့်ရဖို့ အခက်အခဲ မရှိပါဘူး။ ကျောင်းကအုပ်ချုပ်သူများ၊ ဌာနမှူးများနဲ့ ဆရာ၊ ဆရာမများရဲ့ ကူညီမှုကြောင့် အဆင်ပြေ ချောမွေ့ပါတယ်။ ဒါက ကျောင်းတွေဘက်က အတွေ့အကြုံပါ။ ကျွန်တော်တို့ NYE ဘက်က ဟောပြောမယ့် သူတွေကို စီစဉ်ရတဲ့ အခက်အခဲကတော့ နိုင်ငံခြားက ပြန်လာရပြီး ဟောပြောရတဲ့အတွက် ဟောပြောမယ့်သူတွေကို ၃ လကနေ ၆ လ ကြိုတင်စီစဉ်ရပါတယ်။ ဒါတောင် တချို့က အချိန်ကပ်မှ အခြားပြဿနာတွေ ပေါ်လာလို့ မပြောဖြစ်တာမျိုး ရှိနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့က ပြည်ပမှာပဲ အနေကြာပြီ ဖြစ်တာရော၊ ခဏတာပဲ ပြန်လာပြီး စီစဉ်ရတာကြောင့်ရော ပြည်တွင်းက လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်မှုမှာ အားနည်းနေပါသေးတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပိုချိတ်ဆက်မိပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို ပိုသိလာမှ ပညာရေးနဲ့ လက်တွေ့လုပ်ငန်းခွင် ပိုပြီးဆက်စပ်မှု ရှိအောင် ကျွန်တော်တို့ဘက်က ကူညီပေးနိုင်မှာပါ။

Voice : ကျောင်းတွေကရော ဒီလိုပွဲတွေလုပ်ဖို့အတွက် ဘယ်လို ပူးပေါင်းဆောင်ရွက်ပေးကြသလဲ။ 

NYE : တက္ကသိုလ်တွေဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှုတွေက တကယ်ကို အားရစရာ ကောင်းပါတယ်။ တက္ကသိုလ်တွေဘက်က ဟောပြောပွဲအတွက် ခန်းမတွေ စီစဉ်ပေးပါတယ်။ အထက်ကို ခွင့်ပြုမိန့် တက်ရမယ် ဆိုရင်လည်း သူတို့ကပဲ ကူညီဆောင်ရွက်ပေးပါတယ်။ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေကလည်း ပွဲစီစဉ်တဲ့ နေရာမှာ ကူညီဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ ဒီတစ်ခေါက်ဆိုရင် တက္ကသိုလ် ၄ ခုမှာ ကျင်းပနိုင်ခဲ့ပါပြီ။ NYE Tech Talk (Electronics) @ MTU (မန္တလေး), 24th Dec 2016 NYE Tech Talk (CSE) @ UCST (တောင်ငူ), 27th Dec 2016 NYE Tech Talk (CSE) @ UIT (ရန်ကုန်), 29th Dec 2016 5th NYE Tech Talk (Electronics) @ YTU (ရန်ကုန်), 30th/31st Dec 2016 NYE Tech Talk (Mechanical) @ YTU (ရန်ကုန်), 31st Dec 2016

Voice : ဒီ NYE Tech Talk ပွဲတွေလုပ်ဖို့ အတွက် အဖွဲ့ဝင် ဘယ်နှယောက် ပါဝင်ခဲ့သလဲဗျ။ ဒီဟာကိုရော ဘယ်လို စုစည်းဖြစ်ခဲ့တာလဲ။

NYE : ကျွန်တော်တို့ Programme NYE အဖွဲ့ကို ပထမဆုံး စတင်ဖွဲ့စည်းတုန်းကတော့ YTU ကနေ ၂၀၀၃ ခုနှစ်မှာ B.E (Electronics) နဲ့ ကျောင်းပြီးခဲ့တဲ့ ကိုသီဟကျော်၊ ကိုရဲမြင့်၊ ကိုအောင်ကိုကိုသက် သူငယ်ချင်း သုံးယောက်ပါ။ မြန်မာပြည်က နည်းပညာတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေကို ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကူညီမယ်ဆိုပြီး စတင်ခဲ့တာပါ။ နောက်ပိုင်းမှာ စိတ်တူကိုယ်တူ မိတ်ဆွေသူငယ်ချင်းတွေ ပူးပေါင်း ကူညီပါဝင်လာကြပါတယ်။ အခုလောလောဆယ်မှာတော့ ဦးစီးပြီး ဆောင်ရွက်နေသူက ၁၀ ယောက် ဝန်းကျင်လောက် ရှိပါတယ်။

Voice : ပြည်တွင်းနည်းပညာ လုပ်ငန်းနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေက အရင်ကထက် များပြားလာတယ် ဆိုပေမယ့် လုပ်ခလစာလိုမျိုးမှာကျတော့ နည်းနေမလား။ ဘယ်လိုအမြင် ရှိမလဲဗျ။ 

NYE : ကျွန်တော်တို့အဖွဲ့က လုပ်ငန်းရှင်တွေနဲ့ စကားပြောဖြစ် ဆွေးနွေးဖြစ်တဲ့အခါမှာ အဲဒီလုပ်ခ လစာကိစ္စကိုလည်း ပြောဖြစ်ပါတယ်။ လုပ်ခလစာ နည်းနေတဲ့ အကြောင်းအချက်တွေကတော့ အမျိုးမျိုး ရှိတယ်လို့ ဆိုကြပါတယ်။ တခြားအကြောင်းတွေဖြစ်တဲ့ ပေါ်လစီတွေ မငြိမ်လို့၊ လုပ်ငန်းရှင်တွေ စီးပွားရေး မကောင်းလို့ လစာကောင်းကောင်း မပေးနိုင်တာတို့၊ ကျွန်တော်တို့ လုပ်ပေးနိုင်တာထဲက ပြောရရင်တော့ ကျောင်းပြီးခါစ ဘွဲ့ရအင်ဂျင်နီယာတွေရဲ့ အရည်အသွေးနဲ့  Productivity ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးဖို့ပါပဲ။ မြန်မာပြည်မှာ ဘွဲ့ရပေါများပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်အင်ဂျင်နီယာ ရှားပါးနေတာမို့ တစ်ယောက်ခန့်ရုံနဲ့ ပြီးရမယ့်နေရာမှာ ၂ယောက် ၃ယောက် ခန့်နေရတော့ လစာကလည်း အချိုးကျ နည်းသွားတယ်လို့ ပြောကြပါတယ်။ ပြည်တွင်းမှာ ရှိနေသူတွေသာ ကျွမ်းကျင်လုပ်သားကောင်းတွေ ဖြစ်လာရင် လုပ်ငန်းရှင်တွေကလည်း လုပ်ခလစာ များများပေးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ အခုဆိုရင် နိုင်ငံခြားက ပြန်လာတဲ့ ဒါမှမဟုတ် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားတွေကို လုပ်ခလစာ အများကြီးပေးပြီး အလုပ်ခန့်နေကြရတာပါ။ စနစ်ပျက်ကြီး တစ်ခုကနေ ဖြတ်သန်းလာရတဲ့ ကျွန်တော်တို့အတွက် အခက်အခဲကိုတော့ ကာလအပိုင်းအခြားတစ်ခုအထိ ခံစားရဦးမှာပါ။ တဖြည်းဖြည်းနဲ့တော့ ကောင်းတဲ့ဘက်ကို တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

Voice : လူငယ်တွေက ပြည်ပထွက်ခွာ အလုပ်လုပ်ကြတာ ရှိတယ်။ ပညာအတွက်ရော ငွေကြေးအတွက်ရောပေါ့။ ပြည်တွင်းမှာ သူတို့အတွက် သင့်တော်ပြီး သူတို့ တကယ်လုပ်ကိုင်နိုင်မယ့် လုပ်ငန်းခွင် နယ်ပယ်ကို ဘယ်လောက်အထိ မြှင့်တင်ပေးဖို့ လိုဦးမလဲ။

NYE : မြန်မာနိုင်ငံ အနေနဲ့ ကံကောင်းတဲ့ အချက်တစ်ခု ရှိပါတယ်။ နည်းပညာ ဖွံ့ဖြိုးဖို့ တစ်ဆင့်ချင်း သွားစရာ မလိုဘဲ နောက်ဆုံးပေါ် နည်းပညာတွေကို တိုက်ရိုက်ထိတွေ့ခွင့် ရှိတာပါ။ ဥပမာ- ကိုယ်ပိုင်ကွန်ပျူတာရှိမှ အင်တာနက်ကို ကောင်းကောင်းသုံးနိုင်မယ့်ခေတ်ကို ကျော်ပြီး ဖုန်းမှာ သုံးနိုင်တဲ့ အင်တာနက်ခေတ်ကို တန်းရောက်သွားတာမျိုးပေါ့။ ဒီလိုနောက်ဆုံးပေါ် နည်းပညာတွေကို လူငယ်တွေ အကျိုးရှိရှိ အသုံးချနိုင်မယ်၊ အစိုးရပိုင်းအနေနဲ့လည်း မူဝါဒတွေ မှန်မှန်ကန်ကန် ချမှတ်မယ်ဆိုရင် သူတို့တကယ်လုပ်ကိုင်နိုင်မယ့် လုပ်ငန်းခွင် နယ်ပယ်တွေကို မြှင့်တင်ဖို့ဆိုတာ သိပ်ပြီးကြာမှာ မဟုတ်ပါဘူး။ 

Voice : NYE Tech Talk တွေကို ကျင်းပပေးနေတဲ့ အဖွဲ့အနေနဲ့ရော ပြည်တွင်းနည်းပညာလောကမှာ ကျင်လည်ကြမယ့် လူငယ်တွေအတွက် ဖြည့်စွက်ပြီး ဘာများပြောချင်လဲဗျ။

NYE : အခြားတက္ကသိုလ်များမှာ NYE Tech Talk Event တွေ ကျင်းပပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ နိုင်ငံခြား အတွေ့အကြုံ ရှိသူများလည်း မိမိရဲ့ မိခင်ကျောင်းကို ပြန်လည်ကူညီရင်းပေါ့။ NYE Tech Talk ရဲ့ ပွဲတိုင်းကရတဲ့ အတွေ့အကြုံတွေ၊ အကြံပြုချက်များကြောင့် မှန်ကန်တဲ့အ ခြေခံမူ ရှိပြီးသား ဖြစ်တာကြောင့် NYE အဖွဲ့နဲ့ ပူးပေါင်းချင်တယ်ဆိုရင် NYE က ကြိုဆိုလျက်ပါ။ ကျွန်တော်တို့အဖွဲ့က လူကိုယ်တိုင် မကူညီနိုင်ရင်တောင် အကြံကောင်းတွေ ပေးနိုင်ပါလိမ့်မယ်။

မောင်မန်း

ABOUT AUTHOR

(မောင်မန်း)