News

POST TYPE

IT

ဂီတသံက ဘီယာအရသာကို ပြောင်းလဲနိုင်သည်ဟုဆို
02-Jan-2017 tagged as နည်းပညာ

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၁

ဘီယာအရသာကို ကောင်းစွာ ခံစားလိုလျှင် နောက်ခံတေးဂီတများကိုလည်း ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် ပြည့်ဝသည့် အရသာမျိုးကို ခံစားရရှိနိုင်ကြောင်း ပညာရှင်များ၏ ထုတ်ဖော်ပြောကြားချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။ 

အသံကြောင့် ဘီယာအရသာ ပြောင်းတတ်ပုံကို ဘရပ်ဆဲလ်မြို့ရှိ Vrije တက္ကသိုလ်မှ စိတ်ပညာရှင် ဖီးလစ် ရီနိုဆို ကာဗယ်ဟို ဦးဆောင်သည့် ပညာရှင်များက သုတေသနပြုလျက်ရှိပြီး Oxford တက္ကသိုလ်မှ ပညာရှင်များကလည်း ပူးပေါင်းသုတေသနပြုလျက် ရှိကြောင်း ယင်းသတင်းက ဆိုသည်။

စန္ဒရားအသံနှင့် ပုလွေသံများကို သာယာဖွယ်ကောင်းအောင် တီးမှုတ်ခြင်းသည် ဘီယာအရသာကို ပိုချိုစေပြီး၊ ကြေးတူရိယာများ ဖြစ်သည့် လေမှုတ်ကိရိယာများကို ကျယ်လောင်စွာ တီးမှုတ်သံများက ဘီယာကို ပိုပြီး အရသာခါးစေကြောင်း ပညာရှင်များက ထုတ်ဖော်နိုင်ခဲ့သည်။ 

ဂီတကို ဖော်ဆောင်ရာတွင် အသံကို စူးရှမြင့်မားစေသည့် ခေါင်းလောင်းသံ၊ ဗုံသံနှင့် ဘင်သံများသည် ဘီယာကို ချဉ်စေကြောင်း၊ လူစည်ကား ရှုပ်ထွေးသည့် ဘီယာဆိုင်များတွင် ဆူညံသံများက ဘီယာကို အိမ်တွင် တိတ်ဆိတ်စွာ သောက်သုံးရသလောက် အရသာ မကောင်းကြောင်း သုံးသပ်ထားသည်။

သီချင်းများ နားထောင်သည့် အခါတွင်လည်း အယ်လ်တန်ဂျွန်၏ သီချင်းသံများက ဘီယာအရသာကို ချိုစေပြီး၊ လီလီအယ်လန်၏ သီချင်းများက ဘီယာကို ခါးစေကာ၊ အသံအမြင့်ဆုံး ဆိုနိုင်သည့် ဆလီနာဂိုမက်ဇ်၏ အသံက ဘီယာကို ချဉ်သွားစေကြောင်း ယင်းတို့က ဆိုသည်။

ဘီယာ သောက်သုံးကြသည့်အခါ နောက်ခံဂီတနှင့် သီချင်းများကြောင့် အရသာ ပြောင်းလဲသွားတတ်ခြင်းကို မသိကြသဖြင့် အမျိုးမျိုးသော ဝေဖန်မှုများ ထွက်ပေါ်တတ်ကြောင်း၊ သာယာနာပျော်ဖွယ်ကောင်းသည့် ငြိမ့်ညောင်းသော ဂီတသံများသည် ဘီယာအရသာကို ပိုပြီးကောင်းစေနိုင်သည်ဟု အဖြေထွက်ကြောင်း Reuters တွင် ရေးသားထားသည်။

သုတေသီများသည် ဘယ်လ်ဂျီယံ ဘီယာပရောဂျက်အဖွဲ့၊ ဗြိတိန်နိုင်ငံမှ The Editors ဆိုသည့် တီးဝိုင်းနှင့် ပူးပေါင်းကာ လေ့လာသုတေသန ပြုလုပ်နေကြခြင်း ဖြစ်ပြီး၊ Salvation ဆိုသည့် သီချင်းသည် ဘီယာနှင့် လုံးဝ မလိုက်ဖက်သော သီချင်းဖြစ်ကြောင်း ပြောကြားသည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ ချာလ်စ်စပင့်စ်ကလည်း အေးငြိမ့်သည့် သီချင်းနှင့် ဂီတသံများက ဘီယာအရသာကို ပိုပြီးချိုမြစေကြောင်း ထောက်ခံပြောဆိုထားသည်။

E01