POST TYPE

IT

အနမ်းတွေ ပို့နိုင်မည့် ကစ်ဆင်းဂျားစက်တီထွင်
28-Dec-2016 tagged as Kissenger

လန်ဒန်၊ ဒီဇင်ဘာ ၂၇

အလုပ်နားရက်များ ဖြစ်သော်လည်း ချစ်သူများနှင့် မတွေ့နိုင် မဆုံနိုင်လောက် အောင်ဖြစ်နေသူများအတွက် အဝေး တစ်နေရာက အနမ်းများကို ပေးပို့နိုင်မည့် စက် တစ်မျိုးကို လန်ဒန်ရှိ City University မှ Ph.D ပရောဂျက် ကိုင်နေသည့် ကျောင်းသူ တစ်ဦးက တီထွင်ခဲ့ကြောင်း Spectrum နည်းပညာ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ကစ်ဆင်းဂျား (Kissenger) ဟု အမည် ပေးထားသော အနမ်းပို့စက်ကို (mobile kiss messenger) ဆိုသည့် အဓိပ္ပာယ်ဖြင့် တီထွင်ထားခြင်းဖြစ်ပြီး အနမ်းများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ခံစားနိုင်စေရန် ရည်စူးတီထွင်ထားခြင်းဖြစ်ကြောင်း တီထွင်သူ အမ်မာယန်ကျန်းဆိုသူက ပြောကြားသည်။

အနမ်းစက်ကို အသုံးပြုမည့်သူများသည် iPhone ကို အထူး ပြုလုပ်ထားသည့် စက်ပစ္စည်း တစ်မျိုးနှင့် တွဲဖက် အသုံးပြုရမည်ဖြစ်ပြီး ယင်းစက်ကို ကစ်ဆင်းဂျားဟု အမည်ပေးကာ ပလတ်စတစ်အိမ်စနစ် အခြေခံ နည်းပညာ တစ်ခုဖြစ်ကြောင်း ယန်ကျန်းက ဆိုသည်။

ကစ်ဆင်းဂျားစက်ကို အသုံးပြုမည့်သူသည် စက်ထဲတွင် iPhone ကို ထည့်ပြီးနောက် ဆော့ဖ်ဝဲဖြင့် ဗီဒီယိုကတစ်ဆင့် မိမိအနမ်း ဖလှယ်မည့်သူကို ပထမဆုံး ဆက်သွယ်ရမည်ဖြစ်သည်။

တစ်ဖက်သူကလည်း ကစ်ဆင်းဂျားကို အသုံးပြုပြီး ပြန်လည် ဆက်သွယ်ကာ အသင့်ဖြစ်ချိန်တွင် ချစ်သူများသည် မိမိတို့ နှုတ်ခမ်းများကို သတ်မှတ်ထားသည့် ဆီလီကွန်ပြားနေရာတွင် ဖိနှိပ် နမ်းလိုက်သည်နှင့် ဆင်ဆာများက စတင် လုပ်ဆောင်မည်ဖြစ်သည်။

တစ်ဖက်မှ ဖိနမ်းလိုက်သည့် ခံစားချက်ကို အခြားတစ်ဖက် ဆီလီကွန်ပြားက တုံ့ပြန်မှု ပေးပြီး နှစ်ဦး ရင်ဆိုင် နမ်းရသကဲ့သို့ ကစ်ဆင်းဂျားစက်က ခံစားမှုရသကို ပေးစွမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း၊ iPhone မျက်နှာပြင်တွင်လည်း မိမိတို့ ချစ်ရသူများ၏ မျက်နှာများကို မြင်တွေ့နေရမည် ဖြစ်သည့်အပြင် အသံများကိုပါ ထပ်ဆင့် ခံစားနိုင်မည်ဖြစ်ကြောင်း Spectrum တွင် ရေးသားထားသည်။

ကစ်ဆင်းဂျားကို အသုံးပြုခြင်းဖြင့် ချစ်သူများသည် ဝေးကွာနေကြသော်လည်း ချစ်ခင်မှုစိတ်ကို ပိုပြီး ရရှိစေရုံမက မိသားစုများ ဖြစ်ပါကလည်း တွယ်တာစိတ်ကို ပိုဖြစ်စေနိုင်ကြောင်း ယန်ကျန်းက ပြောကြားသည်။

ယန်ကျန်းသည် သူမ တီထွင်ထားသော ကစ်ဆင်းဂျားစက်ကို လန်ဒန်တွင် ကျင်းပ ပြုလုပ်နေသည့် စက်ရုပ်များနှင့် ဆက်ဆံခြင်းဆိုင်ရာ နိုင်ငံတကာ ညီလာခံတွင် တင်ပြပြီး သရုပ်ပြသွားခဲ့ခြင်း ဖြစ်သည်။

ယခု တီထွင်ထားသည့်စက်သည် သဘာဝကျသည့် ခံစားမှုမျိုး တစ်ခု မဟုတ်သေးသော်လည်း မကြာသောကာလတွင် ပကတိအတိုင်း စိတ်ခံစားမှုများကို ဖော်ထုတ် ဆက်ဆံနိုင်မည့် စက်များ ပေါ်ပေါက်လာနိုင်စေရန် ကြိုးစား ဆောင်ရွက်နေကြောင်း၊ ယခုတီထွင်မှုသည် သူ၏ Ph.D ပရောဂျက် တစ်ခု အနေနှင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ယန်ကျန်းကပြောကြားသည်။

E-01