News

POST TYPE

IT

လေထုထဲမှ ရေသန့်ထုတ်စက် အစ္စရေး တီထွင်
26-Dec-2016 tagged as နည်းပညာ

ဂျေရုစလင်၊ ဒီဇင်ဘာ ၂၅

လေထုထဲရှိ ရေငွေ့များကို စုပ်ယူပြီးနောက် အငွေ့ပျံစေသောနည်းဖြင့် ရေသန့် ပြန်လည်ထုတ်ယူနိုင်သော စက်တစ်မျိုးကို အစ္စရေးနိုင်ငံမှ Water-Gen ဆိုသည့် ကုမ္ပဏီက အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း Business Insider သတင်းတွင် ဖော်ပြထားသည်။

နွေရာသီတွင် ဝန်းကျင်ရှိ ရေငွေ့များထဲမှ ရေဖော်ထုတ်နိုင်သည့် သဘောတရားကို ရေခဲထည့်ထားသည့် ဖန်ခွက်များဖြင့် လက်တွေ့စမ်းသပ်နိုင်ပြီး၊ ထိုသဘော တရားကို အခြေခံကာ စက်ပစ္စည်းတစ်မျိုးကို ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

လေထုထဲမှ ရေသန့်ထုတ်သည့် စက်ကို သာမန်စွမ်းအင်ဖြင့် မောင်းနှင်ထုတ်လုပ်နိုင်ရန် စီစဉ်ထားပြီး၊ ရေရှားပါးသည့် နိုင်ငံများတွင် အချိန်တိုအတွင်း ဖြေရှင်းပေးနိုင်ရန် ရည်စူးလုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ အာယီ ကိုဟာဗီက ပြောကြားသည်။

Water-Gen ကုမ္ပဏီသည် အစ္စရေးနိုင်ငံ နည်းပညာကုမ္ပဏီ ခုနှစ်ခုအနက် တစ်ခုဖြစ်ပြီး ယင်းတို့ တီထွင်ထားသော ရေသန့်ထုတ်စက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြရန် စီစဉ်ထားသည်။

ကုမ္ပဏီအနေနှင့် ရေသန့်ထုတ်စက် အရွယ်အစား သုံးမျိုး တီထွင်ရန် ရည်ရွယ်ထားပြီး စက်သုံးမျိုးစလုံးကို လျှပ်စစ်မီးရသည့် နေရာများတွင် ပလပ်ထိုးပြီး အလွယ်တကူ အသုံးပြုနိုင်ကြောင်း ရှင်းပြထားသည်။

အပူချိန် ၈၀ ဒီဂရီဝန်းကျင် ရရှိပြီး လေထုစိုထိုင်းဆ ၆၀ ရာခိုင်နှုန်းခန့် ရှိသည့် နေရာများတွင် တစ်နေ့လျှင် စက်ကြီးတစ်လုံးသည် ရေ ၈၂၅ ဂါလန်အထိ ထုတ်ပေးနိုင်မည် ဖြစ်သည်။

အလယ်အလတ် စက်သည် တစ်နေ့လျှင် ၁၁၈ ဂါလန်နှင့် အသေးစားစက်သည် တစ်နေ့လျှင် ၄ ဂါလန်ခန့်အထိ ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ကိုဟာဗီက ပြောကြားသည်။

“လေထုစိုထိုင်းဆ ပိုများပြီး ပူအိုက်စွတ်စိုမှုရှိတဲ့ နေရာတွေမှာ ရေများများ ထုတ်ပေးနိုင်တယ်။ ရာသီဥတုက သိပ်အေးပြီး ခြောက်သွေ့နေရင်တော့ ရေထွက်နည်းလိမ့်မယ်” ဟု ယင်းက ဆိုသည်။

Water-Gen စက်များကို စမ်းသပ်မှုအနေနှင့် မွမ်ဘိုင်း၊ ရှန်ဟိုင်းနှင့် မက္ကစီကိုစီတီတို့တွင် စမ်းသပ်လျက်ရှိပြီး ပူအိုက်စွတ်စိုမှုအား ပိုများသည့် လက်တင်အမေရိက၊ အရှေ့တောင်အာရှနှင့် အာဖရိကတို့တွင် ရေထုတ်အား ပိုမိုကောင်းမွန်ကြောင်း Business Insider တွင် ရေးသားထားသည်။ 

ကမ္ဘာ့ရာသီဥတု ပြုပြင်ပြောင်းလဲနေမှုကြောင့် ကမ္ဘာ့လူဦးရေ များစွာတွင် သောက်သုံးရေ ရရှိရေးမှာ ပြဿနာတစ်ခု ဖြစ်လာနိုင်ပြီး အစိုးရများအနေနှင့် ထိုပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် မိမိတို့ ရေသန့်ထုတ် စက်များသည် အရေးပါလာလိမ့်မည်ဟု Water-Gen မှ ဥက္ကဋ္ဌ မက်ဆင်းပါဆစ်က ဆိုသည်။