News

POST TYPE

IT

နည်းပညာ လုပ်ငန်းရှင်ကြီးများကို အကူအညီပေးရန် ရောက်လာခြင်း ဖြစ်ကြောင်း ထရမ့် ပြောကြား
16-Dec-2016
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅

အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ထားခြင်း ခံရသည့် ဒေါ်နယ်ထရမ့်နှင့် နည်းပညာလောကမှ နာမည်ကျော် လုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲသည် ထရမ့်က သူနားမလည်သေးသည့် လုပ်ငန်းတွင် နားလည်အောင် နာယူရမည့်အစား သူ့ကိုယ်သူ စန်းတင်ကာ သိက္ခာတင်ပြီး အကူအညီပေးရန် ရောက်လာသလို ပြောကြားခဲ့ကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။

ထရမ့်က ဆီလီကွန်တောင်ကြားမှ နည်းပညာ လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံရခြင်းကို “ဆီလီကွန် တောင်ကြားမှ ကြယ်ပွင့်များနှင့် ကခုန်ခြင်း” ဆိုသည့် သဘောမျိုးဖြင့်  စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် လုပ်ဆောင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

အမေရိကန်ပြည်ထောင်စု မန်ဟက်တန်ရှိ ထရမ့်တာဝါ ၂၅ ထပ်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နည်းပညာ လုပ်ငန်းရှင်ကြီးများနှင့် ထရမ့် တွေ့ဆုံပွဲတွင် အမေဇုန်မှ ဂျက်ဖ်ဘီဇို့စ်၊ Tesla မှ အီလန် မာ့စ်၊ Apple မှ တင်မိုသီ ကွတ်၊ Facebook မှ ရှီရိုင်း ဆင်းဘတ်၊ Alphabet  မှ လာရီ ပိတ်၊ Microsoft မှ ဆတ်ရာ နာဒဲလ်လာစသည့် နာမည်ကျော် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ထရမ့်က နည်းပညာလောကမှ သူဌေးကြီးများကို တွေ့ဆုံရာတွင် “ခင်ဗျားတို့ အုပ်စုကို ကျွန်တော်ကူညီဖို့ ဒီကိုရောက်လာတာပါ” ဟု နှုတ်ဆက်စကား စတင်ပြောကြားခဲ့သည်။

ထို့ပြင် ထရမ့်သည် သူ့စိတ်ထဲရှိသည့်အတိုင်း ဤအခန်းအတွင်း ရောက်နေသူများသည် ကမ္ဘာပေါ်ရှိ မည်သူနှင့်မျှ မတူညီကြောင်း၊ အစိုးရကို အကူအညီပေးနိုင်မည့်သူများ ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့်လည်း နည်းပညာ လုပ်ငန်းရှင်ကြီးများနှင့်အတူ ရှေ့ဆက်ရန် အသင့်ရှိနေပါကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် သမ္မတအဖြစ် မဲဆွယ်စဉ် ကာလတွင် အမေဇုန် ကုမ္ပဏီအား မယုံကြည်ရကြောင်း ပြောကြားခဲ့မှုများ၊ Apple ကုမ္ပဏီကို iPhone များအား အမေရိကန်ပြည်ထောင်စုတွင် ထုတ်ရန် တိုက်တွန်းပြောဆိုခဲ့မှုများအား သူကိုယ်တိုင် ဘာမျှမပြောခဲ့သယောင် ဆက်ဆံခဲ့သည်။

ထရမ့်နှင့် နည်းပညာ လုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲသည် မိနစ် ၉၀ ခန့်သာ ကြာမြင့်ခဲ့ပြီး တွေ့ဆုံပွဲကို ဖိတ်ကြားခံရသူများထဲမှ ပျက်ကွက်သူများ ရှိသော်လည်း Twitter ဆိုရှယ်ကွန်ရက်အဖွဲ့ကို ဖိတ်ကြားခဲ့ခြင်း မရှိပေ။

တွေ့ဆုံဆွေးနွေးမှုများကို တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း နိုင်ငံအတွင်း နည်းပညာနှင့် ပတ်သက်သည့် အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားရေး၊ တရုတ်မှ ရောက်လာသည့် နိုင်ငံအတွင်း မှီခိုနေသော အလုပ်သမားများအရေး၊ နည်းပညာရှင်များ အနေနှင့် အစိုးရကို လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရန် အကူအညီပေးရေးတို့ကို အလေးထား ဆွေးနွေးသွားခဲ့ကြောင်း The New York Times တွင် ရေးသားထားသည်။ 

E01