News

POST TYPE

IT

Time Table မိုဘိုင်းလ် App ရေးသားသူများနှင့် တွေ့ဆုံခြင်း
13-Dec-2016
ပြည်တွင်း၌ နည်းပညာလုပ်ငန်း နယ်ပယ်တွင် ရပ်တည်နိုင်ရန် ကျောင်းသားလူငယ်များက စွန့်ဦးတီထွင်အဖွဲ့များ ဖွဲ့စည်းပြီး ကြိုးစားလုပ်ကိုင်လာကြသည်။ လက်ရှိအချိန်တွင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၏ အတန်းချိန် အချိန်စာရင်းများကို ကြည့်ရှုနိုင်မည့်အပြင် ဆရာများဘက်က ကျောင်းသားများထံ အမှာစကားများ Message ပေးပို့နိုင်မည့် မိုဘိုင်းလ် App ကို ရေးသားထုတ်လုပ်ထားသည့် Ultimate Power အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး လက်ရှိ ရေးသားထုတ်လုပ်ထားသည့် Time Table မိုဘိုင်းလ် App အကြောင်းနှင့် စွန့်ဦးတီထွင် လူငယ်အဖွဲ့များအတွက် ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က အတန်းချိန် စာရင်းတွေကို ကြည့်လို့ရမယ့် Time Table ဆိုတဲ့ မိုဘိုင်းလ် App ကို ရေးဆွဲထားတယ်လို့ သိရတယ်။ ဒါကို စလုပ်ဖြစ်ခဲ့တဲ့ စိတ်ကူးကို ပြောပါဦး။

TTA : ကျွန်တော်တို့ ဒီလို App ကတော့ နိုင်ငံတကာကကျောင်းတွေမှာ ရှိတတ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာ မရှိသေးတဲ့အတွက် လုပ်ဖြစ်တာပါ။ ပထမနှစ်တွေဆို ပိုဆိုးတယ်။ ကိုယ့်ကို သင်နေတဲ့ ဆရာမတွေကို မသိသေးဘူး။ ဘယ်ဌာနမှာ စာမေးရမယ်ဆိုတာ မသိဘူး။ အဲ့ဒီပြဿနာတွေကို ဖြေရှင်းချင်တဲ့အတွက် ဒီစိတ်ကူးရခဲ့တာပါဗျ။

Voice : အဲ့ဒီတော့ ဒီ App မှာ ဘာတွေလုပ်လို့ ရမလဲဗျ။

TTA : အတန်းချိန်တွေ ကြည့်လို့ရမယ်ဗျ။ နောက်တော့ ဆရာမတွေဘက်က ကျောင်းသားတွေဆီကို မက်ဆေ့ ပို့ပေးလို့ ရမယ်။ ဆရာမတွေဘက်က အမှာစကားတွေ နားထောင်လို့ ရမယ်။ Time Table က ကျောင်းသားတွေ အတွက်ရော၊ ဆရာမတွေ အတွက်ပါ နှစ်ဖက်လုံးအတွက် လုပ်ထားပေးတာ။ ဆရာမတွေ ဘက်ကလည်း သူတို့အတွက် Time Table ရှိသွားတဲ့အတွက် အဆင်ပြေသွားတယ်။ ပြီးတော့ လုံခြုံရေး အနေနဲ့လည်း ကျောင်းသားတစ်ယောက်က ဆရာအကောင့်နဲ့ ဝင်ပြီး နှောင့်ယှက်လို့ မရအောင်လည်း စီစဉ်ထားတယ်။ 

Voice : ဒီ App အတွက် လိုအပ်တဲ့ အချက်အလက်တွေကိုကျတော့ ဘယ်လိုရယူရသလဲ။

TTA : လိုအပ်တဲ့ ဒေတာတွေကို မော်ကွန်းထိန်း ဆရာမ ဒေါ်ခင်စောလင်း ကိုယ်တိုင် အထောက်အပံ့ ပေးပါတယ်။ ဒီအပိုင်းကိုတော့ ကျောင်းက အပြည့်အဝ အထောက်အပံ့ ပေးပါတယ်။ 

Voice : အခုအချိန်မှာ ဒီလိုထုတ်ကုန်တွေ၊ Project တွေ လုပ်နိုင်ဖို့အတွက်ကို ကျောင်းတွေကနေ ဘယ်လောက်အထိ အထောက်အပံ့ ပေးနိုင်လဲဗျ။ 

TTA : ကျောင်းက အထောက်အပံ့ ပေးပါတယ်။ Android သမားတွေ အတွက်တော့ Samsung Tech Institute နဲ့ ပေါင်းလုပ်တဲ့ သင်တန်းတွေ ရှိတယ်။ နောက်တော့ ကျောင်းက CS Club ကလည်း အထောက်အပံ့ ပေးပါတယ်။ အဲ့ဒီကနေ Tutorial တွေ ချပေးတာတွေ ရှိတယ်။ ကျောင်းတွေက Project တွေ လုပ်ဖို့ အဖွဲ့တွေ ဖွဲ့ပေးတယ်။ အဲ့ဒါက အထောက်အပံ့ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် လုပ်နေရင် ပြီးမှာ မဟုတ်ဘူးဗျ။ Product Show ရှိတဲ့ အခါကျတော့ အားစိုက်ပြီး ရေးကြတဲ့အတွက် ပြီးတယ်ဗျ။

Voice : ဒီ Time Table App ကို ရေးဖို့ အချိန်ဘယ်လောက် ယူခဲ့ရသလဲဗျ။

TTA : ကျွန်တော်တို့ အဖွဲ့ဝင် ခြောက်ယောက်နဲ့ ကျောင်းပိတ်ထားတဲ့ ရက်အတွင်းမှာ နှစ်လ အချိန်ယူပြီး ရေးခဲ့ပါတယ်။

Voice : ဒီ App ကို လုပ်ခဲ့တဲ့နေရာမှာ ဘာတွေ အခက်အခဲတွေ ရှိခဲ့လဲ။

TTA : အခက်အခဲက ထွေထွေထူးထူးတော့ မရှိခဲ့ပါဘူး။ အချက်အလက်အတွက်လည်း မနှစ်က စာတွေ ဘာတွေ သေသေချာချာ တင်ထားတယ်။ ဒီပရောဂျက် အတွက်လည်း ဆရာမတွေရဲ့ ကိုယ်ပိုင် အီးမေးလ်တွေ ဘာတွေကို ယူသုံးမှာ ဖြစ်တဲ့အတွက် စာတင်တော့ ဆရာမတွေ ဘက်ကလည်း လိုလိုလားလားပဲ ပြန်ပေးပါတယ်။ ဒီအချက်အလက်တွေရဖို့ ဘာဖို့တွေမှာ အခက်အခဲ မရှိခဲ့ပါဘူး။ 

အချိန်ကလည်း ကျောင်းပိတ်ပြီး တစ်ပတ်လောက်ပဲနားပြီး ကျွန်တော်တို့ စလုပ်ခဲ့တာပါ။ Sundew Myanmar က ဆရာကိုထွန်းလင်းနဲ့ မခင်မြတ်နိုးတို့က ကျွန်တော်တို့ကို လိုအပ်တာတွေ ကူညီပေးပါတယ်။

Voice : ဒီအဖွဲ့ကိုစပြီး စုစည်းခဲ့တဲ့အကြောင်း ပြောပါဦး။ ဘယ်လိုစုစည်းခဲ့သလဲ။

TTA : ကျွန်တော်တို့ တတိယနှစ်မှာ Database Project တစ်ခု စလုပ်ရတယ်။ ကျောင်းကပေးတဲ့ ပရောဂျက်ပဲ။ အဲ့ဒီမှာ ကျွန်တော် ရွေးချယ်ခဲ့တာက Time Table ဆိုတဲ့ ခေါင်းစဉ်။ နောက်ပိုင်းကို Android App အဖြစ် ပြောင်းမယ်ဆိုတဲ့ အခါကျတော့ ကျွန်တော့် သူငယ်ချင်းတွေကလည်း Android ရေးတတ်တဲ့သူတွေ ရှိတော့ စတုတ္ထနှစ်မှာ အဖွဲ့စဖွဲ့ဖြစ်တာ။ အကုန်လုံးက ကွန်ပျူတာတက္ကသိုလ်ကပါ။ အတန်းတော့ မတူဘူး။ စတုတ္ထနှစ်နဲ့ နောက်ဆုံးနှစ်တွေပါ။ 

Voice : လူငယ်တွေ အဖွဲ့တွေဖွဲ့ပြီး လုပ်ကြပေမယ့် တာဝန်ခွဲဝေမှု မကောင်းတဲ့ အဖွဲ့တွေက ပြိုလဲကုန်ကြတာတွေ တွေ့ရတယ်။ ဒီအဖွဲ့မှာ တာဝန်ခွဲဝေမှုကိုရော ဘယ်လိုစဉ်းစားထားသလဲ။ 

TTA : ကျွန်တော်တို့ အားလုံးကတော့ Developer တွေချည်းပဲ။ အဲ့ဒီဘက်ကို အားသန်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကို ကြည့်လိုက်တော့ အားသာတဲ့ အပိုင်းလေးတွေ ရှိတယ်။ အဲ့ဒီအပေါ်မှာကြည့်ပြီး တာဝန်ခွဲပြီး ဆက်သွားခဲ့တာဗျ။ အဓိကကတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ပြီး လုပ်နိုင်ဖို့ပဲ။ အကုန်လုံးက Start-up  ဖြစ်တဲ့အတွက် သင်ယူပြီး သွားနေရမှာပဲ။ 

ကျွန်တော်တို့အဖွဲ့မှာ ဆိုရင် Project Management ကို တစ်ယောက်က တာဝန်ယူတယ်။ Android Development ကို သုံးယောက်က တာဝန်ယူတယ်။ Marketing အတွက်ကို တစ်ယောက်က တာဝန်ယူပေးတယ်။ ပြီးတော့ Designer တစ်ယောက် ရှိမယ်။ အဲ့ဒီလို တာဝန်ခွဲဝေထားတယ်။

Voice : ရေရှည်ဆက်သွားဖို့ကျတော့ အဖွဲ့တွင်း ပေါင်းစပ်လုပ်ဆောင်မှုကောင်းဖို့အတွက် ဘယ်လိုစဉ်းစားထားလဲ။

TTA : ကျွန်တော်တို့ကတော့ ပျော်ပျော်ပါးပါးပဲ တည်ဆောက်ထားတယ်ဗျ။ ကိုယ့် Product ကို ကိုယ်မွေးပြီး ဆက်သွားမှာဆိုတော့။ Start-up လုပ်တဲ့ လူငယ်အဖွဲ့တွေမှာ အများအားဖြင့် Product တစ်ခု ထွက်သွားပြီး အောင်မြင်သွားတဲ့ ဒဏ်ကြောင့်ပဲ ကွဲကြတာဗျ။ ကျွန်တော်တို့ကတော့ Product  တစ်ခု ထွက်သွားပြီးရင် နောက်ထပ် Product တစ်ခုကို ထပ်ပြီး မွေးဖို့ အဆင်သင့် စဉ်းစားထားတာ ဆိုတော့ ဒီအဖွဲ့ကို ဆက်ပြီးထိန်းသွားမှာပါ။

ဒီခြောက်ယောက်စလုံးက မိသားစုလို နေကြတာ။ အစည်းအဝေးလုပ်တဲ့ အခါမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေကြတာမျိုးလည်း ရှိတာပဲ။ ဒါပေမဲ့ အဲ့ဒီထဲကပဲ အကောင်းဆုံးဖြစ်အောင် လုပ်နေတာ။ အကုန်လုံးကိုတော့ မေးထားတာပေါ့။ ဆက်လုပ်ဖို့ပဲ စဉ်းစားထားကြပါတယ်။ အကုန်လုံးက နားလည်မှုနဲ့ပဲ တည်ဆောက်ပြီး သွားနေကြတာ။ မိဘတွေ ဘက်ကလည်း မကန့်ကွက်တော့ ဒီလိုပဲ သွားနေကြတယ်။ 

Voice : စွန့်ဦးတီထွင်တဲ့ အပိုင်းတွေမှာ ရပ်တည်နိုင်ဖို့အတွက် ကျတော့ရော ဘယ်လိုမျိုး လုပ်သလဲ။

TTA : ရပ်တည်နိုင်ဖို့အတွက်တော့ Project တွေ လိုက်တယ်ဗျ။ စစလုပ်တုန်းက လုံးဝ သုညပဲ။ Sundew Myanmar က နေရာနဲ့ အင်တာနက်လိုင်းတွေ အထောက်အပံ့ပေးတယ်။ 

ညီမတို့က ကံကောင်းတာလားတော့ မသိဘူး။ ဒီ Ultimate Power အဖွဲ့ ဖြစ်လာဖို့ကတော့ ကြိုးစားရတာပေါ့။ ရပ်တည်ဖို့ကျတော့ ဝက်ဘ်ဆိုက်တွေ ရေးကြတယ်။ အခု နှစ်လအတွင်းမှာ လေးခုလောက် ရတယ်။ ဒီဘက်က Android အဖွဲ့ကလည်း ကိုယ့် Product ကို ရေးနေကြတယ်။

Voice : ပြည်တွင်းကုမ္ပဏီတွေက သူတို့အတွက် Project  တွေ အပ်လာပြီ ဆိုပါတော့ လုပ်ဖို့စဉ်းစားလား။

TTA : လုပ်မလားဆိုတော့ ညီမတို့က အခုမှ စတင်လုပ်နေတာလေ။ ရသမျှတော့ လုပ်မှာပေါ့။  

ကျွန်တော်တို့က ကျောင်းတတ်နေကြတုန်း။ စာမေးပွဲလည်း ဖြေမှာဆိုတော့ ကျွန်တော်တို့မှာ အချိန်အခက်အခဲတော့ ရှိတယ်။ ကျောင်းဖွင့်ပြီဆိုရင် ကျွန်တော်တို့ အလုပ်ဝင်ရတဲ့ အချိန်က အချိန်ပိုင်းလောက်ပဲ ရှိတော့တယ်။ အပြင်က Project အကြီးကြီးတွေ ချပေးမယ် ဆိုရင်တော့ အဲ့ဒီဟာကို ယူပြီးရေးဖို့က တာဝန်ယူရတာ များတယ်ဗျ။ လက်ခံသင့် မခံသင့်ကတော့ အခြေအနေပေါ် မူတည်ပြီး စဉ်းစားရမှာ။

Voice : ကျောင်းခေါ်ချိန် အကန့်အသတ်တွေကိုရော ဘယ်လိုမျိုး အမြင်ရှိလဲဗျ။

TTA : ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းဆိုတာ နည်းနည်းများတယ်။ ဒါပေမဲ့ ကျောင်းက သင်ခန်းစာတွေကလည်း ကျွန်တော်တို့အတွက် ၉၀ ရာခိုင်နှုန်းကျော် အသုံးပြုနေရတယ်။ အကုန်လုံး ပြန်သုံးနေရတာ။ ကျောင်းက သင်ခန်းစာတွေကလည်း အရေးကြီးတဲ့ အခါကျတော့ ကျွန်တော်တို့ ဆရာမတွေ သင်တာတွေကိုလည်း လေ့လာရမှာအမှန်ပဲ။ အဲ့ဒီလို မလုပ်ရင် ကျွန်တော်တို့ အောင်မြင်မှာ မဟုတ်ဘူး။

ပုံမှန်ကျောင်းတက်မှပဲ အဆင်ပြေမှာ။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကတော့ ကိုယ့်ဟာကိုယ် လေ့လာရတဲ့ဟာတွေ ရှိတယ်။ ကျောင်းက သင်ပေးနေတာတွေကတော့ ကျွန်တော်တို့ အလုပ်တွေကို ၉၀ ရာခိုင်နှုန်းကျော် အထောက်အပံ့ ပေးနေတယ်။

Voice : နောက်ပိုင်း ဘယ်လို App တွေ ထပ်လုပ်ဖို့ စဉ်းစားထားသလဲဗျ။

TTA : ပြီးခဲ့တဲ့ တစ်လလောက်က Start-up Weekend Yangon ပြိုင်ပွဲမှာ တတိယဆု ရခဲ့တယ်။ အဲ့ဒီကရခဲ့တဲ့ စိတ်ကူးပေါ့ Wedding Planner ကို ဆက်ပြီးလုပ်ဖို့ ရှိတယ်ဗျ။

Voice : ဒီ စွန့်ဦးတီထွင်တဲ့လမ်းကို လျှောက်နေကြပြီ။ နောက်ကနေ လျှောက်ကြမယ့် ဂျူနီယာတွေ အတွက်ကို ဘာအကြံပေးချင်လဲ။

TTA : အဓိကကတော့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ရှိဖို့ပေါ့။ ပြီးတော့ စသာလုပ်လိုက်ပါ။ အဲ့ဒီကျတော့မှ အခက်အခဲတွေ တွေ့တဲ့အချိန်မှာ အတူတူရုန်းကန်ကြပေါ့။ ရေကူးတတ်ချင်ရင်တော့ ရေထဲကို ဆင်းမှရမယ်။                                                  

မောင်မန်း


ABOUT AUTHOR

(မောင်မန်း)