News

POST TYPE

IT

မြန်မာ့ပယင်းအတွင်းမှ ဒိုင်နိုဆောအမြီးတစ်ခု တွေ့ရှိ၊ သိပ္ပံလေ့လာမှုအတွက် အရေးပါသော တွေ့ရှိမှုဖြစ်
09-Dec-2016
မြန်မာ့ပယင်းတစ်ခု အတွင်းကနေ ဒိုင်နိုဆောအမြီးမှ အမွှေးတစ်ခုကို တွေ့ရှိခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၆၀ ခန့်က ကမ္ဘာပေါ်မှာ ကြီးစိုးခဲ့ပြီး မျိုးသုန်းပျောက်ကွယ်သွားခဲ့တဲ့ သတ္တဝါတွေနဲ့ ပတ်သက်လို့ လေ့လာရာမှာ အရေးပါတဲ့ တွေ့ရှိမှုတစ်ရပ် ဖြစ်ခဲ့ပါတယ်။

အဲဒီလို မြန်မာ့ပယင်းတစ်ခု အတွင်းကနေ ဒိုင်နိုင်ဆော အမြီးတစ်ခု တွေ့ရှိတဲ့ အကြောင်းကို Current Biology ဆိုတဲ့ သိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခုက ဖော်ပြထားခဲ့တာပါ။

ပယင်းအတွင်းမှာ ဒိုင်နိုဆောရဲ့ အစိတ်အပိုင်း အကြွင်းအကျန်တစ်ခု တွေ့ရှိတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ Current Biology ထဲက ဆောင်းပါးကို ပူးတွဲရေးသားသူ ရိုင်ယန်မက်ကဲလားက ဆိုပါတယ်။

အဆိုပါ ပယင်းလေ့လာမှုကို ပထမဆုံး စတင်ရေးသားတဲ့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က ဘူမိသိပ္ပံ တက္ကသိုလ်မှ ပါမောက္ခ လင်ဒါရှင်းဟာ အခု ဒိုင်နိုဆောအမြီး တွေ့ရှိရတဲ့ ပယင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ပယင်းဈေးကွက်ကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပယင်းဟာ သက်တမ်းအနေနဲ့ နှစ်ပေါင်း ၉၉ သန်းခန့် ရှိပြီဖြစ်ပြီး လင်ဒါရှင်း တွေ့တဲ့အချိန်မှာ ကျောက်မျက်ရတနာ ပစ္စည်းတစ်ခုအဖြစ် ရောင်းချဖို့ အရောင်တောင်တင်ထား ပြီးနေပြီ ဖြစ်ပါတယ်။

ပယင်းထဲက အရာကို ကျောက်မျက်ရတနာ ရောင်းချသူတွေက အပင်တစ်ပင်ရဲ့ အစိတ်အပိုင်း ဖြစ်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်း သေချာလေ့လာ သုတေသနပြုလိုက်တဲ့ အခါမှာတော့ စာကလေး တစ်ကောင်အရွယ်လောက် ရှိတဲ့ ဒိုင်နိုဆော မျိုးနွယ်ဝင် အကောင်တစ်ကောင်ရဲ့ အမြီးဆီက အမွှေးတစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့ရတာပါ။

စနစ်တကျ အနီးကပ် လေ့လာမှုတွေအရ ဒါဟာ ငှက်တစ်ကောင်ရဲ့အမွှေး မဟုတ်ဘဲ ဒိုင်နိုဆော တစ်ကောင်ဆီက အမွှေးဆိုတာ သေချာကြောင်းလည်း ရိုင်ယန်မက်ကဲလားနဲ့ လင်ဒါရှင်းတို့က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှာ ပယင်းတွေ ထွက်ရှိနေတာ နှစ်ပေါင်း ၂၀၀၀ ခန့်ရှိပြီ ဖြစ်ပြီး ပယင်းတွေထဲမှာ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် တည်ရှိနေတဲ့ အင်းဆက်တွေ၊ သတ္တဝါတွေရဲ့ အစိတ်အပိုင်းတွေနဲ့ အပင်တွေကြောင့် ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ သိပ္ပံပညာရှင်တွေရဲ့ အာရုံစိုက် လေ့လာစရာ ဖြစ်လာခဲ့ပါတယ်။

Ref : BBC