News

POST TYPE

IT

အသားမှ ထုတ်သည့်ကော်ဖြင့် ဒဏ်ရာများကို အမြန်ဆုံးကပ်ကာ ပျောက်ကင်းစေမည်
05-Dec-2016
ဝါရှင်တန်၊ ဒီဇင်ဘာ ၄

ဟားဗတ်၊ ဝိုက်စ်အင်စတီကျူမှ ဇီဝဗေဒ အင်ဂျင်နီယာဌာန ပညာရှင်များသည် အသားနှင့် ပင်လယ်မှ အခွံမာ အကောင်ငယ်များကို အမှုန့်ပြုလုပ်ထားသည့် ပစ္စည်းများ ရောစပ်ပြီး ကော်တစ်မျိုး တီထွင်နိုင်ခဲ့ရာ၊ ယင်းကော်သည် လူတို့၏ ဒဏ်ရာရပြီး ပျက်စီးကွဲရှသွားသည့် အသားများကို ချက်ချင်းပြန်ဆက်ကာ သက်သာစေနိုင်ခဲ့ကြောင်း New Atlas သတင်းတွင် ဖော်ပြထားသည်။

Biocompatible bioplastic ဟု ခေါ်သည့် အသားကော်ကို မကြာသောကာလတွင် ဆေးဝါးပစ္စည်းတစ်ခု အနေနှင့် အသုံးပြုနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ယင်းသတင်းက ဆိုသည်။

ဝိုက်စ်တက္ကသိုလ် တည်ထောင်သူ ဒါရိုက်တာများ ဖြစ်သည့် ဒေါ်နယ်အင်းဘားနှင့် ဂျာဗီးယား ဖာနန်ဒတ်တို့သည် Shrilk ဟု အမည်ပေးထားသည့် ဘိုင်အိုပလတ်စတစ်ကော်ကို တီထွင်နိုင်ခဲ့ပြီး ဆေးဝါးဌာနများက တစ်ဆင့် ဖြန့်ချိရန် ပြင်ဆင်နေကြသည်။

ချီတိုဆန်ဟုလည်း ခေါ်ဝေါ်သည့် ယင်းကော်ကို ဆေးဝါးအဖြစ် အသုံးပြုရန် ခွင့်ပြုချက်လည်း ရရှိပြီး၊ ယင်းကော်ကို အခြောက်ခံ အမှုန့်ပြုလုပ်ထားခြင်းကို သွေးအမြန်ဆုံး တိတ်ရန်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။

အသားတွင် ပါဝင်သည့် ပရိုတိန်း အင်ဇိုင်းများက ကော်ထုတ်ရန် အကောင်းဆုံးဖြစ်ပြီး ခွဲစိတ်ဒဏ်ရာများကို ချုပ်ရိုးအရာများ မထင်နိုင်စေရန် လုပ်ဆောင်ပေးမည် ဖြစ်သည်။

အသားမှ ကော်ထုတ်ခြင်းကို ဝက် သို့မဟုတ် အမဲသားပေါင်သားများက တစ်ဆင့် ထုတ်လုပ်မည်ဖြစ်ပြီး ပေါင်းစပ်ကော်သည် လူတို့၏ တစ်သျှူးများကို အလွယ်တကူ ပေါင်းစပ်တွယ်ကပ်ကာ အနာကိုလည်း လျင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။

ချီတိုဆန်ကော်ကို ကပ်ခွာတစ်ခု အနေနှင့် ထုတ်လုပ်ပြီး ကွဲရှသွားသည့် ဒဏ်ရာများပေါ်တွင် ဆွဲချုပ်ကာ ကပ်လိုက်ရုံဖြင့် အလွယ်တကူ အသုံးပြုနိုင်စေရန် တီထွင်ထားသည်။ 

ချီတိုဆန်ကော်ကို မှုတ်ဆေးတစ်မျိုး အနေနှင့်လည်း ထုတ်လုပ်ပြီး မီးလောင်ဒဏ်ရာများပေါ်တွင် မှုတ်ပေးထားလိုက်ရုံဖြင့်လည်း အရေပြားများ ပျက်စီးခြင်းကို အကာအကွယ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် မီးလောင်နာ ပြင်းထန်သည့် ဒဏ်ရာများကို အမြန်ဆုံး သက်သာစေနိုင်ကြောင်း ဒေါ်နယ်အင်းဘားက ပြောကြားသည်။