News

POST TYPE

IT

နှလုံးခုန်နှုန်းနှင့် အသံကို အဝေးမှ ထိန်းချုပ်အာရုံခံနိုင်မည့် ဆင်ဆာ တီထွင်
05-Dec-2016
ဝါရှင်တန်၊ ဒီဇင်ဘာ ၄

ပလတ်စတာ ကပ်ခွာကဲ့သို့သော သေးငယ်သည့် ဆင်ဆာတစ်မျိုးကို လူသား၏ နှလုံးခုံသံနှင့် အသံများအား စောင့်ကြည့်အာရုံခံနိုင်စေရန် တီထွင်နိုင်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒို ဘိုးဒါး တက္ကသိုလ်နှင့် အနောက်မြောက်ပိုင်း တက္ကသိုလ်မှ သုတေသီများ ပူးပေါင်းပြီး လူ၏ အရေပြားပေါ်တွင် ကပ်ထားလိုက်သည်နှင့် နှလုံးခုန်နှုန်းနှင့် ပြောဆိုသည့် စကားများကို အဝေးမှ စောင့်ကြည့်အာရုံခံနိုင်ပြီ ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ပညာရှင်များသည် အနာဂတ်တွင် စက်ရုပ်များကို အဝေးမှ ထိန်းချုပ်ကာ အမိန့်ပေးခြင်းနှင့် ဒရုန်းယာဉ်များကို ထိန်းချုပ်နိုင်ရန်အထိ ဤအာရုံခံ ပစ္စည်းလေးများကို ဆက်လက်တီထွင်သွားရန် စီစဉ်နေသည်။

တစ်အောင်စ၏ ၁၀၀ ပုံ တစ်ပုံခန့်သာ အလေးချိန်ရှိသည့် ယင်းအာရုံခံ ပစ္စည်းလေးသည် လူသား၏ လည်ပင်းတွင် ကပ်ထားလိုက်လျှင် ထိုသူ၏ ပြောစကားများကို အဝေးမှ ကြားနိုင်မည် ဖြစ်သည်။

လူသား၏ ပြောစကားကို အဝေးမှကြားနိုင်သဖြင့် လူသားနှင့် စက်ရုပ် ဆက်သွယ်ခိုင်းစေ အမိန့်ပေးမှုများတွင် အလွန်ထိရောက်သည့် ဆက်သွယ်ရေးပစ္စည်း တစ်ခု ဖြစ်လာရုံမက အလွန်သေးငယ်သော ကပ်ခွာသဘော ပြုလုပ်ထားသောကြောင့်လည်း အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်သည်။

ယင်းကပ်ခွာ ဆင်ဆာပစ္စည်းလေးကို ရင်သားပေါ်တွင် ကပ်ထားလိုက်ပါကလည်း ECG နှင့် EMG အချက်ပြ ဆက်သွယ်မှုများကို အလွယ်တကူ ဖမ်းယူနိုင်သောကြောင့် လူနာနှင့် ဆရာဝန် စောင့်ကြည့်ဆက်သွယ်ရေးမှာလည်း အထူးအဆင်ပြေလာမည် ဖြစ်ကြောင်း လက်ထောက်ပါမောက္ခ ဂျေဝန်ဂျုံးက ပြောကြားသည်။

အသံဖြင့် ဆက်သွယ်နိုင်သည့် အတိုင်းအတာတစ်ခု နယ်ပယ်အတွင်းမှ ဝေးကွာသွားသည့် အခါတွင် အသံများကို ကြားရန် မလွယ်ကူသည့် ကိစ္စများအတွက် ကြိုးမဲ့ Signal များကို လွှင့်ထုတ်ပေးနိုင်ခြင်းက မကြာသောကာလတွင် တိုက်ပွဲများ၌ စစ်သားများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေး အတွက်ပါ အထိရောက်ဆုံး အသုံးပြုလာနိုင်သည့် ပစ္စည်းတစ်ခု ဖြစ်လာနိုင်သည်။

အနာဂတ် ကာလတွင် စစ်သုံးပစ္စည်း အများစုသည် အဝေးမှ ထိန်းချုပ်ကာ အသုံးပြုရသည့် ပစ္စည်းများ ဖြစ်လာတော့မည် ဖြစ်သောကြောင့် အသံလှိုင်းများဖြင့် တစ်စုံတစ်ခုသော အတိုင်းအတာကို ဆက်သွယ်ပို့လွှတ် ခိုင်းစေနိုင်ခြင်းသည် အဝေးထိန်း လက်နက်များအတွက်ပါ များစွာ အထောက်အပံ့ ဖြစ်လာစေလိမ့်မည်ဟု ပညာရှင်များက သုံးသပ်ကြသည်။