News

POST TYPE

IT

တစ်မိုင်ခန့် အကွာမှ ဒရုန်းယာဉ်များကို ပစ်ချနိုင်မည့် သေမင်းရောင်ခြည် သေနတ် တီထွင်
02-Dec-2016
ဝါရှင်တန်၊ ဒီဇင်ဘာ ၁

ကမ္ဘာတစ်ဝန်းလုံးတွင် ဒရုန်းယာဉ်များဖြင့် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကို စိုးရိမ်နေရသည့် အချိန်တွင် ဒရုန်းယာဉ်ပစ် သေနတ်များကို ဗာဂျီးနီးယားနှင့် ဆစ်ဒနီအခြေစိုက် ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်နေသော နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သည့် DroneShield သည် သေမင်းရောင်ခြည် ဒရုန်းသေနတ်တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း Mail Online သတင်းတွင် ဖော်ပြထားသည်။ 

အီရတ်နိုင်ငံတွင် ဒရုန်းယာဉ်များကို လက်နက်တပ်ဆင်ပြီး တိုက်ခိုက်မှုများအား အစ္စလာမ္မစ် အကြမ်းဖက်သမားများက ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ဒရုန်းယာဉ်ပစ် လက်နက်များ (DroneGun) တို့ကို တီထွင်သည့် ကုမ္ပဏီများ အပြိုင်အဆိုင် ပေါ်ပေါက်လာကြောင်း ယင်းသတင်းက ဆိုသည်။

DroneShield အဖွဲ့က တီထွင်ထားသည့် DroneGun ကို ပစ်ခတ်နိုင်သည့် ရိုင်ဖယ်သေနတ် ပုံသဏ္ဌာန် တီထွင်ထားပြီး လူလိုက်ပါခြင်း မရှိသည့် မည်သည့်လေကြောင်းယာဉ်ကိုမဆို ၁ ဒသမ ၂ မိုင် အကွာအဝေးအတွင်း ပစ်ချဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။ 

ယခုတီထွင်ထားသည့် ဒရုန်းသေနတ်သည် ရေဒီယိုလှိုင်းများကို အသုံးပြုပြီး ဒရုန်းယာဉ်များကို ထောက်လှမ်းနိုင်ရုံမက၊ ထုတ်လွှတ်လိုက်သည့် ရေဒီယိုဖရီကွင်စီ လှိုင်းများသည် ထိန်းချုပ်မှုများကို ကမောက်ကမ ဖြစ်စေပြီး မြေပြင်ကို သက်ဆင်းရန်ပါ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

အဝေးမှ ထိန်းချုပ်နေသည့် ဒရုန်းယာဉ်များသည် သေနတ်မှ ထုတ်လွှတ်လိုက်သည့် သေမင်းရောင်ခြည်စက်ကွင်း အတွင်း ရောက်ရှိသွားလျှင် တစ်ဖက်က တန်ပြန်ထိန်းချုပ်နိုင်သည့် အနေအထားများကို ရောက်ရှိသွားနိုင်ပြီး ဖျက်ဆီးရုံမက သက်ဆင်းစေရန်ကိုပါ ဆောင်ရွက်နိုင်သည်။ 

ဒရုန်းယာဉ် အများစုသည် စေလွှတ်သူများက တစ်ခုခုကို လုပ်ဆောင်ပြီးလျှင် ပြန်လည်ခေါ်ယူနိုင်ရန် လုပ်ဆောင်ထားလေ့ ရှိသော်လည်း သေမင်းရောင်ခြည် သေနတ်များက မူလဒရုန်းယာဉ်ပေါ်ပါ GPS စနစ်များကို ဖျက်ဆီးလိုက်ရုံမက ထိန်းချုပ်မှုများ လုပ်ဆောင်နိုင်သည့် အနေအထားများ လုံးဝ ကင်းမဲ့သွားစေမည် ဖြစ်သည်။

ဒရုန်းယာဉ်သည် သေမင်းရောင်ခြည် စက်ဝန်းအတွင်း ရောက်သွားပါက ထိန်းချုပ်သူထံ ဗီဒီယိုဖြင့် ပြန်လည်ပို့လွှတ်နေသော မြင်ကွင်းများကိုပါ ဖျက်ဆီးပစ်နိုင်သည်။ 

အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့များသည် အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ဒရုန်းယာဉ်များကို ဝယ်ပြီး ထောက်လှမ်းခြင်းများ၊ ဖျက်ဆီးခြင်းများ ပြုလုပ်နေမှုကို သေမင်းရောင်ခြည် သေနတ်များဖြင့် တုံ့ပြန်တိုက်ခိုက်သွားနိုင်ပြီ ဖြစ်ကြောင်း၊ ီမသညနွကည များကို လက်ရှိအနေအထားတွင် အမေရိကန်ပြည်ထောင်စု၌ ဝယ်၍ မရနိုင်သေးကြောင်း၊ FCC (Federal Communication Commission) အဖွဲ့က အတည်ပြုပြီးမှ ဝယ်ယူသုံးစွဲခွင့်ရမည် ဖြစ်ကြောင်း Mail Online သတင်းတွင် ရေးသားထားသည်။