News

POST TYPE

IT

ဒေါ်နယ်ထရမ့် အနေနှင့် မိမိတို့ အလုပ်ကို လေးစားသင့်ကြောင်း သိပ္ပံပညာရှင်များ တိုက်တွန်း
02-Dec-2016
ဝါရှင်တန်၊ ဒီဇင်ဘာ ၁

နိုဘယ်လ်ဆုရပုဂ္ဂိုလ် ၂၂ ဦး ပါဝင်သည့် အမေရိကန် သိပ္ပံပညာရှင် ၂၃၀၀ ကျော်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံထားရသူ ဒေါ်နယ်ထရမ့်နှင့် ကွန်ဂရက်အား မိမိတို့ ပညာရှင်များ၏ လုပ်ငန်းများအပေါ် တန်ဖိုးထား လေးစားသင့်ကြောင်း ဆန္ဒထုတ်ဖော်သည့် အိတ်ဖွင့်ပေးစာကို စုပေါင်းလက်မှတ်ထိုး ရေးသားပေးပို့ခဲ့ကြောင်း NBC News သတင်းတွင် ဖော်ပြထားသည်။

အစိုးရ အနေနှင့် သိပ္ပံပညာရှင်များ၏ လုပ်ငန်းများအပေါ် ဝင်ရောက်စွက်ဖက် နှောင့်ယှက်မည်ကို အထူးစိုးရိမ်မိကြောင်း၊ သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာနေမှုများအပေါ် ပေါ်လစီများဖြင့် စွက်ဖက်မည်ကို မိမိတို့ မလိုလားကြောင်း၊ အထူးသဖြင့် ထရမ့်၏ ရာသီဥတု ပြောင်းလဲမှုအပေါ် အလေးမထားမှုက ယင်းလုပ်ငန်းများကို လုပ်ဆောင်နေသည့် ပညာရှင်များအပေါ် စိုးရိမ်စရာ ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

“ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာသည့် ရောဂါဝေဒနာများကို ကုစားရန် တီထွင်မှုများ လိုအပ်ပါသည်။ မလိုလားအပ်သော နိုင်ငံရေး ပေါ်လစီများက လေ့လာဖော်ထုတ်မှုများအား မလွှမ်းမိုးစေချင်ပါ” ဟု အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်း ၅၀ မှ သိပ္ပံပညာရှင်များက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကွန်ဂရက်နှင့် ထရမ့် အစိုးရအဖွဲ့သည် အများပြည်သူဆိုင်ရာ ကျန်းမာရေး ဥပဒေများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းမည်ကို စိုးရိမ်မိကြောင်း၊ ဥပမာအားဖြင့် လေထုသန့်ရှင်းရေးဆိုင်ရာနှင့် အန္တရာယ် ဖြစ်စေသည့် မျိုးစိတ်များ အက်ဥပဒေတို့ကို ပြဋ္ဌာန်းလိုက်လျှင် လက်တွေ့ သုတေသန လုပ်ကိုင်နေသည့် အဖွဲ့အစည်းများ အနေဖြင့် သိပ္ပံဆိုင်ရာ ဒေတာများကို စုဆောင်းရ ခက်ခဲသွားနိုင်ကြောင်း၊ အချက်အလက်များ မစုဆောင်းနိုင်ပဲ လုပ်ရကိုင်ရ ခက်သွားလျှင် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်များကိုလည်း ထိခိုက်သွားနိုင်ကြောင်း၊ အစိုးရအနေနှင့် လွတ်လပ်သော တီထွင်ဖော်ဆောင်ခွင့်များကို ပေးပြီး၊ သိပ္ပံပညာရှင်များထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်သင့်ကြောင်း ပညာရှင်များက တိုက်တွန်းထားသည်။

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ထားခြင်း ခံထားရသူ ထရမ့်သည် နိုဝင်ဘာ ၂ ရက်နေ့က ကွန်ဂရက် လွှတ်တော်ထဲတွင် ရီပတ်ဘလီကန် ပါတီဝင်များအား “ကမ္ဘာ့ပူနွေးမှု ဆိုတာ လုပ်ချင်သလို လုပ်ထားတဲ့ ဒေတာတွေနဲ့ သိပ္ပံယူဆချက် အမှားတွေပေါ်မှာ အခြေခံထားတာ” ဟု ပြောဆိုခဲ့ပြီး၊ ရာသီဥတု ပြောင်းလဲနေမှုမှာ မဟုတ်မှန်ကြောင်း၊ လူတွေကို ထိခိုက်သက်ရောက်စေလိမ့်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ထရမ့်သည် သူတက်လာလျှင် ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီကို ဖျက်သိမ်းပစ်မည်ဟု ဆိုထားရုံမက ပဲရစ် ရာသီဥတု သဘောတူညီချက်ကိုပါ ဖျက်သိမ်းပစ်မည်ဟု ကတိပြုထားသူ ဖြစ်ကြောင်း NBC News တွင် ရေးသားထားသည်။