News

POST TYPE

IT

ဆုကြေးငွေ သိန်း ၇၅၀ ကျော်အထိ ချီးမြှင့်ပေးမည့် ပရော်ဖက်ရှင်နယ်အဆင့် Mobile Legends ပြိုင်ပွဲကျင်းပမည်
25-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) အထိပေးအပ်မည့် Mobile Legends: Bang Bang Professional League Myanmar Season 4 ကို ယခုလတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ထုတ်ပြန်ကြေညာခဲ့သည်။ 

၄ ရာသီမြောက်အဖြစ် ကျင်းပမည့် MPL-MM S4 သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အကောင်းဆုံး Mobile Legends: Bang Bang အသင်းများကို တစုတစည်းတည်း ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ့အကြီးမားဆုံးမိုဘိုင်းလ် Esport ဂိမ်းပြိုင်ပွဲတစ်ခု ဖြစ်လာမည်ဖြစ်သည်။

Mobile Legends: Bang Bang ၏ တီထွင်ဖန်တီးသူ Moonton ပွဲစီစဉ် ဆောင်ရွက်သူ Game Cast Network Myanmar (GCN) နှင့် အဓိက စပွန်ဆာများဖြစ်သည့် Telenor Myanmar နှင့် OPPO Myanmar တို့မှ ပူးပေါင်းကျင်းပသည့် MPL MM-S4 ၏ လက်ရည်စစ်ပွဲ ပထမအဆင့်ကို မတ်လ ၂ ရက်နှင့် ၃ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး ၎င်း၏ ဒုတိယအဆင့်ကို မတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့များအထိကျင်းပသွားမည်ဖြစ်သည်။ ထို့နောက် Regular Season ကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ်နောက်ဆုံးအဆင့်အနေနှင့် Grand Finals ကို မေ ၁၀ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။ 

ယခုရာသီပြိုင်ပွဲတွင် ပြီးခဲ့သည့် Season 3 ချန်ပီယံ Burmese Ghouls၊ ဒုတိယဆုရရှိခဲ့သော Team Cyanide၊ တတိယဆုရရှိသွားသော Claw Esports၊ စတုတ္ထဆုရရှိသွားသော Yangon Galacticos တို့သည် MPL-MM Season 4 ကို တိုက်ရိုက်ဝင်ခွင့်ရရှိမည်ဖြစ်သည်။ ပဉ္စမဆုရရှိခဲ့သော Outworld Esports နှင့် ဆဋ္ဌမ ဆုရရှိခဲ့သော Mega Myanmar တို့သည် လက်ရည်စစ်ပွဲစဉ် ဒုတိယအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရရှိမည်ဖြစ်သည်။ 

အဆိုပါ လိဂ်ပြိုင်ပွဲတွင် ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်သွားမည်ဖြစ်ပြီး ချန်ပီယံဆုရရှိသော အသင်းကို အမေရိကန်ဒေါ်လာ ၁၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၉၅ သိန်း ခန့်)၊ ဒုတိယ နှင့် တတိယ ရရှိသွားသော အသင်းများကို အမေရိကန် ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၈၅ သိန်းခန့်) နှင့် အမေရိကန် ၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၄၅ သိန်းခန့်) အသီးသီး ပေးအပ်သွားမည်ဖြစ်သည်။ ငွေသားဆုကြေးအပြင် ပြိုင်ပွဲ၏ အကောင်းဆုံးအသင်း ၂ သင်းသည် Mobile Legends: Bang Bang ၏ ၂၀၂၀ ပြည့်နှစ် အရှေ့တောင်အာရှဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်ပြီး မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယားနှင့် လာအိုတို့မှ ထိပ်သီးအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

IT 01