News

POST TYPE

IT

တစ်နာရီ မိုင် ၇၆၀ နှုန်း မောင်းနှင်မည့် ရထား သြစတြေးလျ ဒီဇိုင်းအဖွဲ့ ဆုရရှိ
28-Nov-2016
မဲလ်ဘုန်း၊ နိုဝင်ဘာ ၂၆

Hyperloop ဟုခေါ်သော တစ်နာရီလျှင် မိုင် ၇၆၀ နှုန်းအထိ မောင်းနှင်နိုင်မည့် မြန်နှုန်းမြင့်ရထား ဒီဇိုင်းတီထွင် ဖော်ထုတ်မှု ပြိုင်ပွဲတွင် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတက္ကသိုလ်မှ အဖွဲ့သည် တီထွင်မှု အကောင်းဆုံးဆု ရရှိခဲ့ကြောင်း New Atlas သတင်းတွင် ဖော်ပြထားသည်။

SpaceX အာကာသယာဉ် တီထွင်ရှင် သူဌေးကြီး အီလန်မာ့စ်၏ စိတ်ကူးကို ပြိုင်ပွဲတစ်ရပ် အနေနှင့် ဒီဇိုင်းဖော်ထုတ်ခိုင်းခဲ့ရာ အဖွဲ့ပေါင်း ၃၀ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်အနက် သြစတြေးလျနိုင်ငံမှ VicHyper အဖွဲ့သည် အကောင်းဆုံးစိတ်ကူးနှင့် တီထွင်နိုင်မှုဆုကို ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အီလန်မာ့စ်က အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှ ဆန်ဖရန်စစ္စကိုမြို့ကို မိနစ် ၃၀ အတွင်း အရောက်မောင်းနှင်နိုင်မည့် စိတ်ကူးကို လွန်ခဲ့သည့်နှစ်များ ကတည်းက ဖော်ထုတ်ခဲ့ပြီး၊ ဖန်ပြွန်အတွင်း လေစုပ်အားဖြင့် အမြန်ဆုံး မောင်းနှင်နိုင်မည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။  
ရွေးချယ်ခြင်း ခံထားရသည့် VicHyper အဖွဲ့၏ ဒီဇိုင်းအတိုင်း ရထားကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင် ခုတ်မောင်းစမ်းသပ်မည် ဖြစ်ကြောင်း ယင်းအဖွဲ့က ပြောကြားသည်။

ရထားတွဲများသည် ဘီးများကို အခြေခံထားပြီး ပြွန်ကြီးတစ်ခုအတွင်း လေဖိအားကို ထုတ်လိုက်ကာ လေသေနတ်တစ်ခုအတွင်း ကျည်ကို ပစ်လွှတ်လိုက်သည့် ပုံစံအတိုင်း မောင်းနှင်ရမည့်စနစ် ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဇက်မက်ကလဲလန်းက ဆိုသည်။

ယခုတီထွင်ထားသော ရထားတွင် အရေးပေါ် ဘရိတ်စနစ်များလည်း ထည့်သွင်းထားပြီး ကစားကွင်းတွင် ရိုလာကိုစတာ စီးနေရသည့်အတိုင်း မောင်းနှင်ပြေးဆွဲနိုင်မည် ဖြစ်သည်။

ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်အတွင်း တီထွင်မှုကို အကဲဖြတ်မည်ဖြစ်ပြီး တစ်မိုင်ခန့် ရှည်လျားသည့် ပြေးလမ်းပြွန်အတွင်း တီထွင်ထားသည့် စမ်းသပ်ခံ ရထားကို မောင်းနှင်ပြသရမည် ဖြစ်သည်။