News

POST TYPE

IT

၃၀၁၆ ခုနှစ်တွင် ကမ္ဘာကြီးကို ဂြိုဟ်ပဲ့ကြီးတစ်လုံးက ဖျက်ဆီးမည်ဟု စတီဖင်ဟော့ကင်း ပြောကြား
28-Nov-2016
လန်ဒန်၊ နိုဝင်ဘာ ၂၆

ဗြိတိန်နိုင်ငံ ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းက နောက်လာမည့် နှစ်ပေါင်း ၁၀၀၀ အကြာ ၃၀၁၆ ခုနှစ်တွင် ကမ္ဘာကြီးကို အာကာသထဲမှ ဂြိုဟ်ပဲ့ကြီးတစ်ခုက လာထိခိုက်ပြီး ကမ္ဘာကြီး ပျက်စီးသွားမည်ဟု ပြောကြားခဲ့ကြောင်း Christian Science Monitor သတင်းတွင် ဖော်ပြထားသည်။ 

စတီဖင်ဟော့ကင်းသည် အောက်စ်ဖို့ဒ်တက္ကသိုလ် သမဂ္ဂတွင် ကျင်းပပြုလုပ်သည့် ဟောပြောပွဲ၌ ကမ္ဘာကြီး ပျက်သုဉ်းမည့် အကြောင်းကို ဆွေးနွေးရာတွင် ဤသို့ ခန့်မှန်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ 

ကမ္ဘာကြီးပေါ်တွင် ရှေးယခင်က ဒိုင်နိုဆောမျိုးစိတ်များ ပျောက်ကွယ်ပျက်သုဉ်းသွားသည့် နည်းတူ ကမ္ဘာမြေပေါ်သို့ ကျလာသည့် အာကာသမှ ဂြိုဟ်ပဲ့ကြီးတစ်ခု တိုက်ခိုက်ဖျက်ဆီးမှုကြောင့် လူသားမျိုးနွယ်တို့လည်း ပျောက်ကွယ်ပျက်သုဉ်းသွားနိုင်ကြောင်း ဟောကိန်းထုတ်ထားသည်။

လူသားတို့အနေနှင့် ထွက်ပေါက်တစ်ခုအဖြစ် အာကာသထဲတွင် ဂြိုဟ်နေရာတစ်ခုကို ကြိုတင်ရှာထားသင့်ကြောင်း၊ လူသားမျိုးနွယ် မပျောက်ကွယ်စေရန် အာကာသအတွင်း နေရာသစ် ရှာဖွေနေထိုင်ကြရန်ကလွဲပြီး အခြားနည်း မရှိကြောင်း စတီဖင်ဟော့ကင်းက ပြောကြားထားသည်ဟု Washington Post တွင်လည်း ရေးသားထားသည်။

စတီဖင်ဟော့ကင်း၏ ကမ္ဘာကြီးပျက်ကိန်း ကြိုတင်ခန့်မှန်းချက်အရ လာမည့် နှစ် ၁၀၀၀ မှ နှစ် ၁၀,၀၀၀ အတွင်း ပျက်စီးမည် ဆိုခြင်းကို အနောက်မီဒီယာများတွင် ဖော်ပြခဲ့ကြရာမှ မည်သို့ ပျက်စီးခြင်း ဖြစ်မည်ကို တိကျစွာ ဟောကိန်းထုတ်လိုက်ခြင်း ဖြစ်ကြောင်း Christian Science Monitor က ရေးသားထားသည်။

“A Brief History of Time” ဆိုသည့် စာအုပ်တွင်လည်း စတီဖင်ဟော့ကင်းသည် စကြဝဠာ၏ မူလအစ အကြောင်းများကို ဖော်ပြထားပြီး ကမ္ဘာမြေကြီးကို ဂြိုဟ်ပဲ့များ လာရောက်ထိခိုက်နိုင်သည့်ဘေးကို ခေတ်မီသိပ္ပံပညာက အဖြေမရှာနိုင်လျှင် လူသားမျိုးနွယ်များ ပျက်စီးခြင်း ရောက်မည်ဟု သတိပေးထားသည်။

“မည်သည့်နေရာက ကျလာမည်မှန်း မသိနိုင်သော အာကာသထဲမှ အပိုင်းအစများ၊ ဂြိုဟ်ပဲ့ကြီးများကြောင့်ပင် သက်ရှိမျိုးနွယ် အသိဉာဏ် ရှိသူများကို ပျက်သုဉ်းသည်အထိ ဖြစ်စေလိမ့်မည်” ဟု သူက ထိုစာအုပ်တွင် ရေးသားထားသည်။

နေစကြဝဠာအတွင်း ဂြိုဟ်သိမ် ဂြိုဟ်ပဲ့ပေါင်း ၆ သိန်းကျော် ရှိနေပြီး အားလုံးသည် Asteroid Belt ဆိုသည့် ပတ်လမ်းအတွင်း ရှိနေကာ အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်အတွင်း လှည့်လည်နေကြောင်း၊ ယင်းတို့သည် ကမ္ဘာမြေကို အချိန်မရွေး ရောက်လာနိုင်ကြောင်း အမေရိကန် အာကာသသိပ္ပံ NASA ကလည်း ထုတ်ပြန်ထားသည်။