News

POST TYPE

IT

အာကာသယာဉ်မှူးများ မစင်စွန့်ရသည့်ကိစ္စ အလွယ်ကူဆုံး ဖြေရှင်းပေးနိုင်မည့် ပညာရှင်ကို ဖိတ်ခေါ်
25-Nov-2016
ဝါရှင်တန်၊ နိုဝင်ဘာ ၂၄

အာကာသထဲတွင် အိမ်သာတက်ချင်သည့် အာကာသယာဉ်မှူးများသည် အာကာသဝတ်စုံကြီးကို ဇစ်ဖြုတ်ပြီး အခင်းကြီး အခင်းလေး သွားရသည့် ကိစ္စမှာ အလွန်မလွယ်ကူသည့် အလုပ်ဖြစ်ကာ ယင်းကိစ္စများကို အလွယ်ကူဆုံး ဖြေရှင်းပေးနိုင်မည့် ပညာရှင်များကို အမေရိကန် အာကာသသိပ္ပံအဖွဲ့ NASA က ဖိတ်ခေါ်ထားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

အာကာသ မစင်ပြဿနာ ဖြေရှင်းပေးနိုင်ရေးအတွက် NASA အဖွဲ့က ပြိုင်ပွဲတစ်ရပ် အနေနှင့် တီထွင်မှုများကို ဖိတ်ခေါ်ထားပြီး အကောင်းဆုံး ‘အာကာသ မစင်စွန့် နည်းပညာ’ ကို ဖော်ထုတ်နိုင်သည့် အဖွဲ့အား ဆုငွေအဖြစ် ဒေါ်လာ ၃၀၀၀၀ ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း ပြောကြားသည်။

အာကာသ မစင်စနစ် ပြိုင်ပွဲဝင်မည့် သူများသည် ဒီဇင်ဘာလ ၂၀ ရက်နေ့ မတိုင်မီ အာကာသဝတ်စုံအတွင်း မစင်စွန့်စနစ်ကို တင်သွင်းပြရန်လိုပြီး၊ အနည်းဆုံး ၆ ရက်ခန့် စွန့်ထုတ်ပြီး လှည့်မကြည့်ရသည့် စနစ်မျိုးဖြစ်ရန် လိုကြောင်း ယင်းသတင်းက ဆိုသည်။

ယခင်အရေးပေါ် ဖြေရှင်းနည်းမှာ ဒိုင်ပါခေါ် ခါးတောင်းကျိုက် ပိတ်စများကို အသုံးပြုခြင်း ဖြစ်ပြီး၊ ဒိုင်ပါများကလည်း ယာယီသာ ကောင်းကြောင်း၊ တစ်နေ့တာအတွက် စိတ်နှလုံးချမ်းမြေ့စွာနှင့် ကျန်းမာရေးအတွက် ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်သည့် စနစ်မဟုတ်သောကြောင့် ယခုလို နည်းစနစ်သစ်ကို ဖိတ်ခေါ်ရကြောင်း NASA အဖွဲ့က ထုတ်ပြန်သည်။

အာကာသ မစင်စွန့် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေနှင့် www.herox.com/SpacePoop တွင် အသေးစိတ် အချက်အလက်များကို ဝင်ရောက်ကြည့်နိုင်မည် ဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်က နိုင်ငံတကာ အာကာသစခန်းသို့ အမျိုးသားယာဉ်မှူး နှစ်ဦးနှင့် အမျိုးသမီးယာဉ်မှူး နှစ်ဦးတို့ကို ရုရှားနိုင်ငံမှ Soyuz အာကာသယာဉ်ဖြင့် စေလွှတ်ခဲ့ရာတွင် လမ်းခရီး၌ အနည်းဆုံး နှစ်ရက်ခန့် ကြာမြင့်ခဲ့ပြီး အရေးပေါ် ခရီးဆောင် အိမ်သာကို လေစုပ်ဖန်ချိုင့်များ အသုံးပြုကာ စွန့်ထုတ်ခဲ့ရကြောင်း AFP သတင်းတွင် ရေးသားထားသည်။

အနာဂတ် အာကာသယာဉ်များသည် အင်္ဂါဂြိုဟ်အထိပါ ခြေဆန့်နိုင်စေရန် NASA က စီစဉ်နေသဖြင့် အနည်းဆုံး ၁၄၄ နာရီ သို့မဟုတ်  ၆ ရက်အထိ အခင်းကြီး အခင်းလေး စွန့်ထုတ်မှုများကို ဝတ်စုံအတွင်း ကိစ္စပြီးစေနိုင်မည့် စနစ်များ ပေါ်ထွက်လာစေရန် ဖိတ်ခေါ်ထားကြောင်း NASA က ပြောကြားသည်။