News

POST TYPE

IT

နည်းပညာ အသုံးပြု ပညာရေးအကြောင်း တက္ကသိုလ်ဝင်တန်း ကျောင်းသား ၅ဝဝ ခန့်ကို ဆွေးနွေးမည်
24-Nov-2016

ရန်ကုန်၊ နိုဝင်ဘာ ၂၄

 

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် အတွင်းမှ အစိုးရကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ပြင်ပဖြေ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ ၅ဝဝ ခန့်ကို နည်းပညာ အသုံးပြု ပညာရေးအကြောင်း ဆွေးနွေးပေးမည်ဖြစ်ကြောင်း ခြေလှမ်းသစ် လူမှု အကျိုးပြု ကွန်ရက် အတွင်းရေးမှူး ဦးလှိုင်တင့်က ပြောကြားသည်။

 

အေးသာယာမြို့သစ်ရှိ အခြေခံ ပညာ အထက်တန်းကျောင်း နှစ်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၅ဝဝ ခန့်အပြင် စိတ်ပါဝင်စားသည့် ဆရာ၊ ဆရာမများကို ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) မှ ၂၆ ရက်အထိ နှစ်ရက်ကြာ ဆွေးနွေးပေးမည်ဖြစ်ကြောင်း အဆိုပါ လူမှုကွန်ရက်ထံမှ သိရှိရသည်။

 

“သင်ရိုးပြဋ္ဌာန်း စာအုပ်လောက်နဲ့ ပညာကို ဆည်းပူးတာ မလုံလောက်ပါဘူး။ ဆယ်တန်းကလေးသည် တက္ကသိုလ်ကို သူ တက်ရတော့မယ်။ သူသည် ဆုံးဖြတ်ချက် မှန်ကန်ဖို့ လိုတယ်။ ရွေးချယ်တတ်မှု ရှိဖို့ လိုတယ်။ အဲဒီအခါမှာ တက္ကသိုလ် အဆင့်ထိ သူ ရွေးချယ် တတ်ဖို့ကို သတင်း စကားပါးချင်တယ်”ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန လက်ထောက် ကထိကလည်းဖြစ်သူ ဦးလှိုင်တင့်က ပြောကြားသည်။

 

အဆိုပါ ဆွေးနွေးမှု အစီအစဉ်တွင် နည်းပညာ အခြေပြု ပညာရေး အကြောင်းအရာများ အပါအဝင် တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားရေး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ်များကိုလည်း တက္ကသိုလ် ဆရာများက ဘာသာရပ် အလိုက် ဆွေးနွေးမည်ဖြစ်ကြောင်း ယင်း ကွန်ရက်ထံမှ သိရှိရသည်။

 

တက္ကသိုလ်ဝင်တန်း မြန်မာစာကို ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန ကထိက ဒေါက်တာ ခင်မောင်သိန်း၊ အင်္ဂလိပ်စာနှင့် နည်းပညာ အကြောင်းကို ဒဂုံတက္ကသိုလ် အရှေ့တိုင်း ပညာဌာန ကထိက ဒေါက်တာ အာကာမိုးသူ၊ သင်္ချာကို ရန်ကုန်တက္ကသိုလ် သင်္ချာဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာ စိန်မြင့်တို့က သင်ကြားမည် ဖြစ်သည်။

 

အမြင်၊ အတွေး ဘယ်လိုပြောင်းလဲဖို့ လိုလာသလဲ ဆိုတာ စိန်ခေါ်မှုတွေ အကြောင်း ပြောဖို့ လိုတယ်။ မိဘက ဖေ့ဘွတ်ခ် သုံးတယ်ဆိုရင် မသုံးစေချင်ကြဘူး။ အဲဒါတော့ နည်းလမ်း တစ်ခု မှားတယ်လို့ မြင်တယ်။ အခြား သင်ယူမှု၊ လေ့လာမှုအစား သူတို့ဘဝ တိုးတက်မှုအတွက် လေ့လာမယ့် လမ်းကြောင်းဆိုရင် သူတို့ရဲ့ စိတ်ဝင်စားမှု ပြောင်းသွားနိုင်တယ်”ဟု ဒေါက်တာ အာကာမိုးသူက ပြောကြားသည်။

 

ဓာတုဗေဒ ဘာသာရပ်ကို ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒ ဌာနမှ ဒေါက်တာ တင်မောင်အေး၊ ရူပဗေဒ ဘာသာရပ်ကို မအူပင် တက္ကသိုလ် ရူပဗေဒ ဌာနမှ ဒေါက်တာ ကျော်သန်းမိုး၊ ဇီဝဗေဒ ဘာသာရပ်ကို အနောက်ပိုင်း တက္ကသိုလ် ရုက္ခဗေဒ ဌာနမှ လက်ထောက် ကထိက ဒေါက်တာ အောင်ကျော်စိုး၊ ဘောဂဗေဒ ဘာသာရပ်ကို ဦးလှိုင်တင့်က သင်ကြားမည်ဖြစ်ကြောင်း ခြေလှမ်းသစ် လူမှုကွန်ရက်ထံမှ သိရှိရသည်။

  

ခြေလှမ်းသစ် လူမှု အကျိုးပြု ကွန်ရက်အနေနှင့် ဆရာ၊ ဆရာမ အများစု ပါဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စာသင်ကျောင်းများတွင် အိုင်စီတီ အခြေပြု ပညာရေး၊ အောင်ချက် မြင့်မားရေး ဆွေးနွေးမှုများကို လစဉ် ပြုလုပ်ပေးနေပြီး ပဲခူးတိုင်း ဒေသကြီး ၈၉ မိုင်ရှိ မိဘမဲ့ ကလေးများ ကျောင်းတွင်လည်း တစ်လ တစ်ကြိမ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ယင်းကွန်ရက်ထံမှ သိရှိရသည်။



  • VIA