News

POST TYPE

IT

ဥရောပနိုင်ငံများမှ ATM ငွေထုတ်စက်များကို ဟက်ကာများ တိုက်ခိုက်ခိုးဖောက်ရန် စီစဉ်
24-Nov-2016
လန်ဒန်၊ နိုဝင်ဘာ ၂၄

ဗြိတိန်နိုင်ငံ အပါအဝင် ဥရောပတိုက်ရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် အသုံးပြုနေသော ATM အလိုအလျောက် ငွေထုတ်စက် စနစ်များကို ဟက်ကာများသည် တိုက်ခိုက် ခိုးဖောက်ရန် စီစဉ်လျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဟက်ကာများသည် ဆော့ဖ်ဝဲများကို အသုံးပြုပြီး ငွေထုတ်စက်များမှ ငွေများကို ခိုးထုတ်ယူနေကြခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Group IB က ထုတ်ဖော် ပြောဆိုသည်။

ဟက်ကာများသည် ဥရောပတိုက်ရှိ ငွေထုတ်စက်များကို စီးနင်း တိုက်ခိုက်ပြီးပါက ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့ကို ဦးတည် တိုက်ခိုက်ရန် ရည်ရွယ်ထားသည်ဟု ယင်းအဖွဲ့က ဆိုသည်။

ATM ငွေထုတ်စက်များကို အဓိကထား ထုတ်လုပ်ပေးနေသည့် Diebold Nixdorf နှင့် NCR Corp ကုမ္ပဏီတို့က မိမိတို့ ဖောက်သည်များကို တိုက်ခိုက်မည်ဆိုသည့် ခြိမ်းခြောက်မှုများကို ရရှိထားပြီး သတိထားကာ ပြင်ဆင်မှုများ လုပ်ဆောင်ထားသည်ဟု ပြောကြားသည်။

ငွေထုတ်စက်များကို လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက တိုက်ခိုက်ခိုးဖောက်ကာ ငွေထုတ်မှုများ ရှိနေပြီး များသောအားဖြင့် လူကိုယ်တိုင် လာရောက်ကျူးလွန်မှုများကများကြောင်း တာဝန်ရှိသူများကဆိုသည်။

ဥရောပနှင့် အာရှတို့တွင် ဖွင့်လှစ်ထားသော ငွေထုတ်စက် အများစုကို လာရောက် ခိုးဖောက်သူများသည် အထူး စီစဉ်ထားသည့် ကတ်အတုများကို ထည့်ပြီး ငွေကြေး အမြောက်အမြား ထုတ်ယူကာ၊ လုံခြုံရေးများ ရောက်မလာမီ ထွက်ပြေး လွတ်မြောက်နိုင်သည့် အနေအထားတွင် ရှိနေကြသည်။ 

ဟက်ကာများသည် နောက်တစ်ဆင့် အနေနှင့် ငွေထုတ်စက်များကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်ရန် စီစဉ်ထားကြောင်း၊ လုံခြုံရေး အစီအစဉ်များက သိရှိပြီး ဖြတ်တောက် လိုက်ချိန်တွင် ငွေများက ဟက်ကာတို့ လက်ထဲတွင် ရောက်သွားပြီဖြစ်ကြောင်း Diebold Nixdorf ကုမ္ပဏီမှ ဆော့ဖ်ဝဲ အကြီးတန်း ဒါရိုက်တာ နစ်ခိုးလပ်စ် ဘီလ်လက်က ပြောကြားသည်။

ယခုနှစ် ဖေဖော်ဝါရီလက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗဟိုဘဏ်၏ ကွန်ပျူတာ ဆာဗာကို ဟက်ကာများက ထိန်းချုပ်ပြီး ဒေါ်လာ ၈၁ သန်း လွှဲပြောင်း ရယူသွားခဲ့ရာ ဒစ်ဂျစ်တယ် အကြမ်းဖက် လုယက်မှုတွင် စံချိန် တင်ခဲ့ရသည့် အများဆုံး ပမာဏ ဖြစ်ခဲ့ရသည်။

ယခုနှစ် အစောပိုင်းကလည်း ရုရှားဘဏ်များတွင် ဒေါ်လာ ၂၈ သန်းခန့်ကို ဟက်ကာများ အွန်လိုင်းကတစ်ဆင့် လွှဲပြောင်း ထုတ်ခဲ့သဖြင့် အွန်လိုင်း ငွေထုတ် စနစ်များကို သတိထားကြရန် Reuters သတင်းတွင် ရေးသားထားသည်။


  • VIA