News

POST TYPE

IT

ကမ္ဘာမြေပေါ်ရှိ သက်ရှိတို့၏ သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ကြောင်း စတီဖင် ဟော့ကင်း ပြောကြား
23-Nov-2016
ဝါရှင်တန်၊ နိုဝင်ဘာ ၂၂

ကမ္ဘာမြေပြင်ပေါ်ရှိ သက်ရှိများ အသက်ရှင်သန် နေထိုင်ရမည့် သက်တမ်းမှာ များစွာ မကျန်တော့ကြောင်း၊ လာမည့် နှစ်တစ်ထောင်ခန့်အတွင်း ပျက်စီးသွားနိုင်ကြောင်း ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင် ဟော့ကင်းက အောက်စ်ဖို့ဒ်တွင် ပြောကြားခဲ့ကြောင်း The Independent သတင်းတွင် ဖော်ပြထားသည်။

အာတိတ် ရေခဲပြင ်ဒေသကြီးသည် ယခင်ထက် ၃၆ ဒီဂရီ ပိုပြီး အပူချိန် မြင့်တက်လာကာ၊ ကမ္ဘာ့ အပူချိန် မြင့်တက်လာသည်နှင့်အမျှ မုန်တိုင်းများ၏ ဒဏ်ကိုလည်း မကြာခဏ ခံလာကြရကြောင်း၊ ကမ္ဘာပေါ်တွင် ကာဘွန်ဒိုင် အောက်ဆိုက် ဓာတ်များ ဖုံးလွှမ်းမှု အဆင့်ကလည်း ပိုပြီး များလာကာ ရာသီဥတု ပြောင်းလဲနေမှုများက မူလ အနေအထားအတိုင်း တည်ငြိမ်စွာ ပြန်ဖြစ်လာရေးကို အခက်အခဲများ ဖြစ်လာကြောင်း၊ ထို့ကြောင့် ကမ္ဘာကြီးသည် အတိုင်းအတာ အကန့်အသတ် တစ်ခုအတွင်းသာ ရှိတော့ကြောင်း ဟော့ကင်းက ပြောကြားခဲ့သည်။

“ကမ္ဘာမြေကြီးမှာ သဘာဝ ဘေးဒဏ်တွေ များလွန်းလာတာကြောင့် ရှင်သန် ရပ်တည်နိုင်ရေးဟာ အားနည်းသည်ထက် နည်းလာပါပြီ၊ လာမယ့် နှစ်ပေါင်း ၁၀ဝ၀ သို့မဟုတ် ၁၀ဝဝဝ ကာလများအတွင်း ကမ္ဘာကြီးဟာ ပျက်စီးတော့မယ်”ဟု ယင်းက ဆိုသည်။

လူသားများ အနေနှင့် မိမိတို့ တတ်ကျွမ်းထားသော နည်းပညာများကို အသုံးချပြီး အချိန်မီ အခြား နေထိုင် ရှင်သန်နိုင်မည့် ဂြိုဟ်တစ်ခုခုကို ရှာဖွေသင့်ကြောင်း၊ ကမ္ဘာကြီး နိဂုံးချုပ်လုနီးပြီ ဖြစ်နေသောကြောင့် မိမိတို့ လူသား အချင်းချင်း အကာအကွယ် ပေးနိုင်မည့် ကိုယ်ကျင့်တရားဆိုင်ရာ အချက်အလက်များကိုလည်း ချမှတ်ထားသင့်ကြောင်း ဟော့ကင်းက တိုက်တွန်းထားသည်။

စတီဖင် ဟော့ကင်းသည် လွန်ခဲ့သည့် နှစ်များကတည်းက လူသားများ အနေနှင့် ဉာဏ်ရည်တု (AI) များ ထုတ်ဖော် စမ်းသပ်နေခြင်း၊ အထူးသဖြင့် စက်ရုပ်များ ထုတ်လုပ်ခြင်း၊ နျူကလီးယား လက်နက်များ တိုးထုတ်နေခြင်းများကိုလည်း ရပ်ဆိုင်းသင့်ကြောင်း ပြောကြားခဲ့သည်။

သဘာဝကို ပျက်စီးအောင် လုပ်နေပြီး ရာသီဥတု ပြုပြင်ပြောင်းလဲမှုများ ဖြစ်စေရန် အခြေခံကလည်း လူသားတို့သာ ဖြစ်ကြောင်း၊ ကမ္ဘာကြီးကို ဆက်ပြီး မပျက်စီးစေရန် ထိန်းသိမ်းမှုများ မပြုလုပ်နိုင်လျှင် လူသားတို့ အစောဆုံး ပျက်သုဉ်းရမည်ဟုလည်း ဆိုသည်။

လူသားတို့ ကျရောက် ပျက်သုဉ်းနိုင်သည့် ဘေးကို ကယ်တင်ရန် တစ်ခုတည်းသော နည်းမှာ ကြယ် သို့မဟုတ် အခြား ဂြိုဟ် တစ်ခုခုတွင် နေထိုင်နိုင်ရန် ခြေဆန့်ကြရန်သာ ဖြစ်ကြောင်း၊ ထရမ့်သမ္မတ ဖြစ်လာမည့် လက်ထက်တွင် ရာသီဥတု ပြုပြင် ပြောင်းလဲနေမှုများကို အလေးထားမည့်သူ မဟုတ်သောကြောင့် ကမ္ဘာကြီး ပိုပြီး ပျက်စီးလာရန်သာ ဖြစ်နိုင်ကြောင်း The Independent သတင်းတွင် ဖော်ပြထားသည်။


  • VIA