News

POST TYPE

IT

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးနှင့် တွေ့ဆုံခြင်း
22-Nov-2016

ပြည်တွင်းနည်းပညာကျောင်းများက ကျောင်းသားများကို လက်တွေ့ပရောဂျက်များ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးနေသည့်အပြင် ကိုယ်ပိုင်နည်းပညာ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နှစ်စဉ် Product Show များကို ကျင်းပပေးနေသည်။ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၌လည်း ကျောင်းသားများ၏ စိတ်ကူးအကြံဉာဏ်များကို အကောင်အထည်ဖော်နိုင်မည့် K-Lab ကို ကိုရီးယားနိုင်ငံ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ယင်း K-Lab မှ ကျောင်းသားလူငယ်များအား ထောက်ပံ့နိုင်မည့် အခြေအနေများ၊ ပြည်တွင်းနည်းပညာ ကျောင်းသားလူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲများနှင့် လက်ရှိသင်ကြားနေသည့် စနစ်များကို သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးနှင့် တွေ့ဆုံမေးမြန်းပြီး ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှာ ကိုရီးယားက အထောက်အပံ့နဲ့ K-Lab လို့ခေါ်တဲ့ လက်တွေ့ခန်းတစ်ခု ထူထောင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီ Lab မှာ ဘာတွေလုပ်လို့ ရနိုင်မလဲဆိုတာ သိချင်ပါတယ်။

Dr.SSA : အဓိကကျတော့ ပစ္စည်းတစ်ခုခုကို ဒီဇိုင်းလုပ်ချင်တယ်။ ရှေ့ပြေးပုံစံငယ် အနေနဲ့ လုပ်ချင်တယ်ဆိုရင် အဲ့ဒီဒီဇိုင်းကို ကွန်ပျူတာမှာ ဆွဲလိုက်ပြီးရင် 3D Printer နဲ့ ထုတ်လိုက်မယ်ဆိုရင် ရှေ့ပြေးပုံစံလေး ရတယ်ပေါ့။ ဒီလိုလုပ်တဲ့အတွက် ဒီဇိုင်းကို ကိုယ်ပြောင်းချင်တယ်ဆိုလည်း ပြောင်းလို့ရတာပေါ့။ အဓိက K-Lab ရဲ့ ရည်ရွယ်ချက်က ကျောင်းသူကျောင်းသားတွေမှာ တီထွင်ချင်တဲ့ စိတ်ကူးတွေ ရှိမယ်။ ဒါမှမဟုတ် စဉ်းစားထားတာတွေကို အကောင်အထည် ဖော်နိုင်အောင် ဒီလို Lab ကို လုပ်ပေးတာပါ။ သူတို့အနေနဲ့ ဒီလိုပုံစံ ပစ္စည်းထုတ်ရင် ကောင်းမယ်လို့ စဉ်းစားလိုက်ရင် အဲ့ဒီပုံစံကို သူတို့ အစမ်းထုတ်ကြည့်လို့ ရတာပေါ့။ တကယ်ထုတ်မယ် ဆိုရင်တော့ ဒီထက်ကြီးတဲ့စက်တွေ၊ ဘာတွေလိုမှာပေါ့။ ဒါပေမဲ့ ဒီမှာတော့ ကိုယ့်ရဲ့စိတ်ကူးကို အကောင်အထည်ဖော်ကြည့်လို့ ရမယ့် နေရာမျိုးပေါ့။

Voice : K-Lab မှာ ကိုရီးယားဘက်က ကျွမ်းကျင်သူတွေနဲ့ သင်ကြားခွင့်ရမယ်ဆိုတော့ ဒီက ဘယ်လိုကျောင်းသားတွေ သင်ကြားခွင့်ရမှာလဲဗျ။

Dr.SSA : အဓိကအားဖြင့် Embedding System, Computer System ရယ် Knowledge Engineering အဓိက ယူထားတဲ့ ကျောင်းသူကျောင်းသားတွေက သူတို့ကျောင်းမှာ သင်ရတဲ့ ဘာသာရပ်တွေ ရှိတယ်။ သူတို့သင်ရတဲ့ ဘာသာရပ်တွေရဲ့ သီအိုရီပိုင်းတွေမှာ ဒီ K-Lab သင့်တော်တဲ့ ဘာသာရပ်တွေကို လက်တွေ့လေ့လာနိုင်ဖို့ ဒီ K-Lab ကို အသုံးပြုမှာပေါ့။ ကျွန်မတို့ ကျောင်းမှာက အဓိက မေဂျာ ၇ ခု ရှိပါတယ်။ အဲ့ဒီနေရာမှာ သူ့ဘွဲ့နဲ့သူ သုံးရမယ့် Lab တွေက လိုအပ်တယ်။ ဒီ K-Lab ကတော့ သက်ဆိုင်တဲ့ မေဂျာတွေက အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Voice : ပြည်တွင်းက ကွန်ပျူတာအသင်းချုပ်လို အဖွဲ့အစည်းတွေကရော ကျောင်းကို အထောက်အပံ့ပေးတာ ရှိသလားဗျ။

Dr.SSA : အဓိကအားဖြင့် ကျွန်မတို့ကျောင်းက စတုတ္ထနှစ် ပြီးတဲ့အခါ လက်တွေ့လုပ်ငန်းခွင် ဝင်ရတာ ရှိပါတယ်။ တစ်လ လွှတ်ပါတယ်။ အဲ့ဒီနေရာမှာ အကူအညီ ပေးပါတယ်။ အခုဆိုရင် ကျွန်မတို့ကျောင်းသား စတုတ္ထနှစ်ကျောင်းသား ၁၇၀ လောက်က ကုမ္ပဏီပေါင်း ၂၂ ခုမှာ တစ်လ လုပ်ငန်းခွင်ဝင်ပြီး လေ့လာနေပါတယ်။ အဲ့ဒီလို သွားနိုင်ဖို့ဆိုတာ ဒီလိုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ရနိုင်ပါတယ်။ အဲ့ဒီလိုလုပ်တဲ့ အခါကျမှ လက်တွေ့လုပ်ငန်းနယ်ပယ်မှာ ဘာတွေလုပ်နေသလဲ။ သူတို့ ဘာတွေပြန်သင်ကြားဖို့ လိုမလဲ။ သူတို့သင်ကြားထားတဲ့ ဘာသာရပ်တွေကို ဘယ်လိုမျိုး အသုံးချမလဲဆိုတာ သေသေချာချာသိပြီး ပြန်လာပြီး နောက်ဆုံးနှစ် တစ်နှစ် တက်ရဦးမှာပါ။ အဲ့ဒီပြန်တက်တဲ့အခါ သူတို့ လိုအပ်နေတာတွေကို ထပ်ဖြည့်လို့ ရအောင်ပါ။ နောက်ဆုံးနှစ်မှာ နှစ်ပိုင်း တက်ရပါတယ်။ ပထမအပိုင်းမှာတော့ သူတို့ လိုအပ်နေတယ်ဆိုတဲ့ ဟာတွေကို ထပ်ဖြည့်ဆည်းလို့ ရပါတယ်။ အဲ့ဒီလို လေ့လာဖြည့်ဆည်းပြီးရင် ဒုတိယအပိုင်းမှာတော့ လုပ်ငန်းခွင်ကို အလုပ်သင်အနေနဲ့ ဝင်ရောက်နိုင်ဖို့ လွှတ်ပါတယ်။ အဲ့ဒါက ၄ လ လွှတ်ပါတယ်။ ပြည်တွင်းက နည်းပညာလုပ်ငန်း နယ်ပယ်က ကုမ္ပဏီတွေကို သွားဖို့ ပြောထားပါတယ်။ နိုင်ငံတကာကို လွှတ်ဖို့လည်း ညှိနှိုင်းထားတာတွေလည်း ရှိပါတယ်။

Voice : ပြည်တွင်းမှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်တွေနဲ့ ဒီသတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ကိုတော့ အဆင့်မြင့်လို့ ပြောတာတွေ ရှိတာပေါ့။ အဓိက ကွာခြားတာဆိုရင် ဘယ်လိုဟာမျိုးတွေ ဖြစ်မလဲဗျ။

Dr.SSA : ကျွန်မတို့ အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်မှာကျတော့ အဓိက မေဂျာတွေအလိုက် Course တွေခွဲပြီး သင်ကြားပေးပါတယ်။ ဘာကိုလိုချင်တာလဲ ဆိုတော့ နယ်ပယ်အလိုက်မှာ ကျွမ်းကျင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ချင်ပါတယ်။ အဓိက ဘာကွာနေသလဲ ဆိုတော့ ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောချင်ပါတယ်။ ကွန်ပျူတာ တက္ကသိုလ်မှာပဲ အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် ဆိုပြီး ဖွင့်တာမဟုတ်ပါဘူး။ ကွန်ပျူတာမှာမှ မဟုတ်ပါဘူး။ အခြားနယ်ပယ်တွေမှာလည်း အဆင့်မြင့်တွေ ရှိပါတယ်။ ပညာရေး ဘာသာရပ်တိုင်းမှာ တကယ့်ကို ထူးချွန်ထက်မြက်တဲ့ လူတွေ လိုအပ်နေပါတယ်။ အဲ့ဒီလို လိုအပ်နေတဲ့အခါမှာ ထူးချွန်ထက်မြက်တဲ့ သူတွေကို ဘယ်လိုမွေးထုတ်မလဲဆိုတဲ့ အခါကျတော့ နိုင်ငံတကာမှာလည်း ကြည့်လို့ရပါတယ်။ ဟားဗက်တက္ကသိုလ်က ကျောင်းသားက ဘာကြောင့်တော်တာလဲ။ အဲ့ဒီတက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ ခက်ခဲပါတယ်။ တော်တဲ့ကျောင်းသားတွေမှ ဝင်ခွင့်ရတာပဲ ဖြစ်ပါတယ်။ ကျွန်မ ထင်ပါတယ်။ ဒီ COE ဖွင့်တဲ့ ရည်ရွယ်ချက်ကလည်း အဲ့ဒါပါပဲ။ တော်တဲ့ကျောင်းသားတွေကို ပိုကောင်းတဲ့ ပညာရေးကို ပေးပြီး နိုင်ငံတကာအဆင့်မီ လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ချင်တဲ့ ရည်ရွယ်ချက်ပါပဲ။ လက်တွေ့ကို သွားနိုင်အောင်အတွက် အစိုးရက ဦးစားပေးပြီး ထောက်ပံ့မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံက ဆင်းရဲတဲ့အခါကျတော့ အစိုးရဘတ်ဂျက်က အကန့်အသတ် ရှိပါတယ်။ အဲ့ဒီထက် ကျော်ပြီးသုံးလို့ မရပါဘူး။ ဘယ်ကျောင်းတွေကို ဦးစားပေးပြီး အရင်ဖြည့်တင်းမလဲပေါ့။ အကုန်လုံး အတူတူပဲ ဆင်းရဲကြမယ် ဆိုရင်တော့ အာဆီယံကို ယှဉ်ပြိုင်နိုင်မယ့်၊ ကမ္ဘာကို ယှဉ်ပြိုင်နိုင်မယ့် လူ့စွမ်းအားအရင်းအမြစ်က ဘယ်တော့မှ ရလာမှာ မဟုတ်ပါဘူး။ 

Voice : ကျောင်းတွေမှာ ကျောင်းသားတွေဘက်က ဘာကြားနေရလဲဆိုတော့ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်ရင် စာမေးပွဲဖြေဆိုခွင့် မရှိတာမျိုးတွေပေါ့လေ။ ဒီကျောင်းမှာကျတော့ရော စာမေးပွဲဖြေဆိုခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုစဉ်းစားပေးထားသလဲဗျ။ 

Dr.SSA : ကျွန်မတို့ အခု ဘာသာရပ်တွေကို သင်နေတယ်ဆိုတဲ့ နေရာမှာ ၇၅ ရာခိုင်နှုန်းလို့ ပြောလိုက်တာက ဆရာ ဆရာမနဲ့ ကျောင်းသူကျောင်းသားရဲ့ ထိတွေ့နိုင်တဲ့ အချိန်ကို အနည်းဆုံး ၇၅ ရာခိုင်နှုန်း ရှိမှသာ ဒီဘာသာရပ်တွေကို တတ်မြောက်နိုင်မယ်လို့ ယူဆပါတယ်။ ကျွန်မတို့ဆီမှာက ၇၅ ရာခိုင်နှုန်း ပြည့်ရမယ်။ မပြည့်ရင် စာမေးပွဲ ပေးမဖြေဘူးပေါ့ ပြောကြတယ်။ ၇၅ ရာခိုင်နှုန်းပဲ ဆိုပါစို့။ ပထမနှစ်ဝက်မှာ ကျောင်းတက်ချိန် လေးလ တက်ရတယ်။ ၇၅ ရာခိုင်နှုန်းဆိုတာ သုံးလပါ။ တစ်လလုံးလုံး ကျောင်းပျက်ခွင့် ရှိနေပါသေးတယ်။ အဓိကက ရာခိုင်နှုန်းနဲ့ ပြောတာမဟုတ်ပါဘူး။ ဆရာနဲ့ ထိတွေ့တဲ့ အချိန်ကို ပြောတာပါ။ 

Voice : အပြင်ဘက်မှာ အတွေ့အကြုံတွေ များလာလေ ကျောင်းကပေးတဲ့ သီအိုရီတွေ အရေးကြီးတာကို သိလာတယ်လို့ လက်တွေ့လုပ်ကိုင်နေသူတွေက ပြောပါတယ်။ ကျောင်းသားလူငယ်တွေကတော့ သူတို့ လုပ်လိုက်ရင် ဖြစ်သွားမှာကို ပိုပြီး စိတ်ဝင်စားတဲ့ အပိုင်းတော့ ရှိတာပေါ့။ ဒီမှာကျတော့ ဘယ်လိုပုံစံ သင်ကြားပေးနေလဲဗျ။

Dr.SSA : အဲ့ဒါကြောင့်လည်း ကျောင်းမှာ ပရောဂျက်တွေ လုပ်ခိုင်းပါတယ်။ တစ်နှစ်ကို ပရောဂျက် အနည်းဆုံး ၂ ခုတော့ လုပ်ရပါတယ်။ လုပ်တဲ့အခါမှာလည်း တစ်ဦးချင်း လုပ်ခိုင်းသလို အဖွဲ့အစည်းနဲ့ လုပ်ခိုင်းတာလည်း ရှိပါတယ်။ လုပ်တဲ့အခါမှာ အဖွဲ့တောင်မှ သူတို့ ကြိုက်တဲ့သူနဲ့ တွဲတာမျိုး မလုပ်ခိုင်းပါဘူး။ မဲပေးနှိုက်ပါတယ်။ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့်ရအောင် ပျိုးထောင်ပေးပါတယ်။ Project တွေ တာဝန်ပေးတဲ့အတွက် သူတို့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သင်ကြားရေး ပုံစံကိုလည်း ပြောင်းထားပါတယ်။ ဒီဘာသာရပ်မှာရှိတဲ့ သီအိုရီတွေကို လက်တွေ့လုပ်နိုင်အောင် သင်ကြားပေးပါတယ်။

Voice : ကျောင်းသားလူငယ်တွေ ဒီလိုနည်းပညာတွေကို လေ့လာနိုင်ဖို့၊ ဖန်တီးနိုင်ဖို့ Lab တွေ များများရှိလာဖို့ လိုအပ်မလားဗျ။ လိုအပ်မယ် ဆိုရင်ရော အစိုးရအနေနဲ့ ဒါတွေကို ဘယ်လိုထောက်ပံ့ပေးဖို့ လိုအပ်မလဲ။

Dr.SSA : လူငယ်တွေ သူတို့ရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော် တီထွင်ဖန်တီးနိုင်ဖို့ ဒီလိုနေရာတွေ ရှိရင်ရှိလာသလို များရင်များသလောက် ကောင်းပါတယ်။ ဒါကတော့ ပညာရေး ဝန်ကြီးဌာနက ဖြစ်ဖြစ် ထောက်ပံ့ရမယ့် အရာမျိုးတွေလည်း ရှိပါတယ်။ တိုင်းနဲ့ပြည်နယ်တွေမှာ ရှိနေတဲ့ ကွန်ပျူတာ တက္ကသိုလ်တွေကိုလည်း တဖြည်းဖြည်းချင်း အဆင့်မြှင့်ပြီး လုပ်ဆောင်လာရမှာပဲ ဖြစ်ပါတယ်။ အစိုးရဘက်က တင်မက နည်းပညာလုပ်ငန်း နယ်ပယ်မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း ဒီလိုမျိုးတွေ ပြုစုပျိုးထောင်ပေးဖို့ ကျွန်မအနေနဲ့ တောင်းဆိုချင်ပါတယ်။ တကယ်တမ်း ကျောင်းတွေကနေ မွေးထုတ်လိုက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ဒီကုမ္ပဏီတွေကပဲ သုံးမှာဖြစ်ပါတယ်။ 

Voice : ကျောင်းကနေ ပြီးလာတဲ့ လူငယ်တွေကို ပြည်ပကုမ္ပဏီတွေက ငွေအနည်းငယ် ပိုပေးပြီး ခေါ်ထားတာမျိုး တွေ့ရပါတယ်။ လုပ်ငန်းကတော့ မစသေးဘူး။ ကျွန်တော်တို့ စဉ်းစားနိုင်သလောက် ဆိုရင် ဒီလိုလုပ်တာဟာ ပြည်တွင်းကုမ္ပဏီတွေ ဦးမော့မလာနိုင်အောင် လူ့စွမ်းအားအရင်းအမြစ်ကို ကြိုတင်ထိန်းချုပ်ထားတာမျိုး ဖြစ်နေမလား။

Dr.SSA : ကျွန်မလည်း အဲ့ဒါကို တွေ့မိပါတယ်။ ကျွန်မက အလုပ်လျှောက်မယ့် သူတွေဘက်ကပဲ ပြောချင်ပါတယ်။ သူတို့က ကုမ္ပဏီအကြီးကြီးမှာ လုပ်ချင်တာလား။ ကုမ္ပဏီသေးသေးမှာ လုပ်ချင်တာလား ဆိုတာ အရင်စဉ်းစားသင့်တယ်။ ကုမ္ပဏီ အသေးတွေမှာ လုပ်မယ်ဆိုရင် ဒီလုပ်ငန်း ဆောင်ရွက်ပုံတွေကို အသေးစိတ် သိနိုင်ခွင့် ရမယ်။ ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်ဖို့ဆိုရင် အဲ့ဒါတွေကို ဖြတ်သန်းဖို့ အတွေ့အကြုံကို ယူထားသလို ဖြစ်ပါမယ်။ ကုမ္ပဏီ အကြီးကြီးတွေကတော့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ခိုင်မာတဲ့ ကုမ္ပဏီတွေ ဖြစ်တယ်။ သို့ပေမယ့် အကြီးကြီးရဲ့ အစိတ်အပိုင်းသေးသေး တစ်ခု ဖြစ်တဲ့အတွက် အဲ့ဒီတစ်ခုကိုပဲ သိတယ်။ နောင်တစ်ချိန်မှာ ကိုယ်က ဘာဖြစ်ချင်တာလဲ။ အဲ့ဒီဟာကို ဆုံးဖြတ်ဖို့ လိုပါတယ်။ နောက်တစ်ခုက ကိုယ်အလုပ်သွားလျှောက်မယ့် ကုမ္ပဏီက ဘာလုပ်သလဲဆိုတာ လေ့လာဖ လိုပါတယ်။ အပြင်မှာ ၂ သိန်းလောက် လစာပေးရမယ့် နေရာမှာ ၂ သိန်းခွဲလောက်ပေးပြီး လူစုထားတဲ့ ကုမ္ပဏီတွေဟာ အေးဂျင့်ကုမ္ပဏီတွေ ဖြစ်ပါတယ်။ အဲ့ဒီလို ကုမ္ပဏီမျိုးကို ကလေးတွေ မလျှောက်စေချင်ပါဘူး။ ကျွန်မတို့ ကျောင်းကိုလည်း အလုပ်ခေါ်ချင်ပါတယ် ဆိုပြီး ချိတ်ဆက်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ သေသေချာချာ မေးကြည့်လိုက်တဲ့အခါ သူတို့က လူ့စွမ်းအားအရင်းအမြစ်ကို အေးဂျင့်လုပ်တဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ကိုယ်အလုပ်သွားလျှောက်မယ့် ကုမ္ပဏီက ဘယ်လိုမျိုးလဲ၊ သူ့ရဲ့ တကယ့်ကုမ္ပဏီ ရှိရဲ့လား ဆိုတာ လေ့လာရပါမယ်။ အဲ့ဒီလို ကုမ္ပဏီတွေ အများကြီး ဝင်လာတာကို တွေ့ရပါတယ်။ လူငယ်တွေက အလုပ်ရှာတဲ့နေရာမှာ ကိုယ်ဖြစ်ချင်တဲ့ လမ်းကြောင်းကို သေသေချာချာ ဆုံးဖြတ်ပြီး ဘယ်လိုကုမ္ပဏီမျိုးမှာ အလုပ်လုပ်မလဲဆိုတာ ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

Voice : ကျောင်းတွေက ပြီးသွားပြီဆိုရင် အခြားလုပ်ငန်းနယ်ပယ်ထဲကို ရောက်သွားတာတွေလည်း ရှိတယ်။ နိုင်ငံခြားကို သွားမယ်ဆိုတဲ့ သူတွေလည်း ရှိမယ်။ ဒါက ရင်းမြစ်တွေ ဆုံးရှုံးနေရတဲ့ အနေအထားပေါ့။ ဒီဦးနှောက်ယိုစီးမှုတွေကို တားဆီးနိုင်ဖို့ ဘာတွေလုပ်ဖို့ လိုအပ်မလဲ။

Dr.SSA : အဲ့ဒီအပိုင်းကကျတော့ အထောက်အပံ့ပေးဖို့ဟာတွေ အများကြီး လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ နောက်တစ်နည်းနဲ့ ပြောရမယ်ဆိုရင် ကျွန်မတို့ဆီက လုပ်ငန်းရှင်တွေကလည်း နည်းနည်းအမြင်ကျယ်ကျယ်ထားဖို့ လိုအပ်ပါတယ်။ ကျွန်မတို့က အခုဆိုရင် အရည်အချင်း ပြည့်ဝတဲ့သူတွေ မွေးထုတ်ဖို့ ကြိုးစားတယ်။ အရည်အချင်း ပြည့်ဝတဲ့သူတွေ ထွက်လာရင် နိုင်ငံခြားပဲ ထွက်ကြမယ်ဆိုတာ ကျွန်မတို့ကလည်း မဖြစ်စေချင်ပါဘူး။ သို့သော်လည်းပဲ ပိုက်ဆံပိုရတဲ့ နေရာမျိုးကို ရွေးချယ်ကြမယ်ဆိုတဲ့ အခြေအနေမျိုးမှာ အရည်အချင်းပေါ် မူတည်ပြီး လစာပေးတာ၊ နေရာပေးတယ် ဆိုတာမျိုး လုပ်သင့်ပါတယ်။ ဒါလည်း လုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့အခါတိုင်း ဒါကို ပြောပါတယ်။ သူတို့ဘက်ကလည်း သူတို့က ပိုက်ဆံပိုရင်တော့ ပိုပြီးပေးချင်တယ်လို့ ပြောပါတယ်။ တကယ့် Start-up လုပ်မယ့် ကျောင်းသူကျောင်းသားတွေ အတွက်တော့ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့အတွက် အများကြီး လိုအပ်နေပါသေးတယ်လို့ ပြောချင်ပါတယ်။

မောင်မန်း


ABOUT AUTHOR

(မောင်မန်း)