News

POST TYPE

IT

YouTube နှင့် ကိန်းဂဏန်းများ
13-Aug-2019

ဝင်ငွေအကောင်းဆုံး YouTuber အသက် ၇ နှစ်

YouTube နှင့် ကိန်းဂဏန်းများ

YouTube ဟာ ကမ္ဘာမှာ ရေပန်းအစားဆုံးဗီဒီယိုဝက်ဘ်ဆိုက်ဖြစ်သလို ဒုတိယလူသုံးအများဆုံး ဝက်ဘ်ဆိုက်လည်းဖြစ်ပါတယ်။ (ပထမက Google ပါ)။ Youtube နဲ့ ပတ်သက်ပြီး ဒီဝက်ဘ်ဆိုက်ကို တစ်လ လူဘယ်နှယောက် သုံးတယ်၊ ဝက်ဘ်ဆိုက်ရဲ့ တန်ဖိုးဘယ်လောက်ရှိတယ်၊ YouTuber လို့ခေါ်တဲ့ YouTube ကိုအသုံးပြုပြီး ဗီဒီယိုမျှဝေသူတွေရဲ့ ဝင်ငွေဘယ်လောက်ရှိနေတယ်ဆိုတဲ့ စိတ်ဝင်စားစရာ အချက်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

လစဉ် သုံးစွဲသူ သန်းနှစ်ထောင်

ဒီနှစ်ထဲမှာ လစဉ်ဝင်ကြည့်သူ သန်းနှစ်ထောင် အထိရှိခဲ့ပြီး ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ လေ့လာမှုတွေရဲ့ခန့်မှန်းချက်အရ အတိအကျ မဟုတ်ပေမယ့် သုံးသူ ၆၈ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ပြီး ၃၈ ရာခိုင်နှုန်းကသာ အမျိုးသမီးတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကလည်း ထူးဆန်းပါတယ်။

မိနစ်တိုင်းမှာ ကြည့်စရာ နာရီ ၅၀၀ စာ အသစ်တိုးနေ

တစ်မိနစ်တိုင်းမှာ ကြည့်စရာ ဗီဒီယို မိနစ် ၅၀၀ စာလောက် YouTube ပေါ်ကို တင်နေကြတယ်လို့ You Tube ကို ပိုင်တဲ့ Google က ထုတ်ပြန်ပါတယ်။ ဒါဟာ တစ်ရက်ကို နာရီ ခုနစ်သိန်း နှစ်သောင်းစာ အသစ်တိုးနေတယ်ဆိုတဲ့ သဘောပါ။ နောက်တစ်နည်းပြောရရင် YouTube မှာ တစ်နေ့တင်တဲ့ ဗီဒီယိုအားလုံးကို ကြည့်ဖို့ဆိုရင် မနားတမ်းကြည့်မယ်ဆိုရင်တောင် ကိုယ့်တစ်သက် ၈၂ နှစ်တိတိ ကြာမှာဖြစ်ပါတယ်။

၂၀၁၆ မှာ ဂူးဂဲလ်က ဒေါ်လာသန်း ၁၆၅၀ နဲ့ ဝယ်ယူခဲ့

YouTube ကို တကယ်တမ်း စတင်ထူထောင်ခဲ့တာက အွန်လိုင်းငွေချေမှုစနစ် PayPal ကုမ္ပဏီက ဝန်ထမ်းဟောင်းသုံးဦးဖြစ်တဲ့ ဂျဝါ့ဒ်ကာရင်၊ ချာ့ဒ်ဟာဒလေနဲ့ စတိဗ်ချန်တို့ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပေမယ့် အဲဒီနှစ် ဧပြီလ ၂၃ ရက်နေ့မှာမှ ပထမဆုံး ဗီဒီယို ဝက်ဘ်ဆိုက်ပေါ် လွှင့်တင်မှုစခဲ့တာဖြစ်ပါတယ်။ တစ်ဟုန်ထိုးအောင်မြင်ခဲ့တဲ့ ဒီဝက်ဘ်ဆိုက်ကို ၂၀၁၆ နိုဝင်ဘာမှာ ဂူးဂဲလ်က ဒေါ်လာ သန်း ၁၆၅၀ (၁.၆၅ ဘီလီယံ) နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဈေးကွက်တန်ကြေး ဒေါ်လာ သန်း ၁၄၀၀၀၀ ရှိ

ဝက်ဘ်ဆိုက်တစ်ခုကို ဒေါ်လာ သန်းထောင်ချီ ပေးဝယ်တာဟာ ကြောက်စရာဈေးနှုန်းဆိုပေမယ့် တကယ်တမ်း ဈေးကွက်တန်ကြေးအရ ဒေါ်လာသန်း တစ်သိန်းလေးသောင်းကျော် (၁၄၀ ဘီလီယံ) အထိ တန်တယ်လို့ဆိုပါတယ်။ နှစ်စဉ် ဝင်ငွေတင် ဒေါ်လာ သန်း ၂၀၀၀ ရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်နေပါပြီ။

ကြည့်ရှုမှုအကြိမ်ရေ သန်း ၆၃၀၀ ရှိတဲ့ ဗီဒီယို

YouTube မှာ လူကြည့်အများဆုံး ဗီဒီယိုက လတ်တလောမှာ Despacito သီချင်းဗီဒီယိုဖြစ်ပါတယ်။ လက်ရှိ ကြည့်ရှုမှုအကြိမ်ရေ သန်း ၆၃၀၀ နဲ့ အများဆုံးဖြစ်နေပြီး Ed Sheeran နဲ့ Shape of You က သန်း ၄၃၀၀ နဲ့ ဒုတိယ၊ Wiz Khalifa ရဲ့ See You Again က သန်း ၄၁၀၀ နဲ့ တတိယနေရာ မှာရှိပါတယ်။ လူကြည့်အများဆုံး ဗီဒီယိုဆယ်ခုမှာ ၉ ခုက သီချင်းဗီဒီယိုတွေချည်းဖြစ်ပြီး တစ်ခုတည်းသော သီချင်းဗီဒီယိုမဟုတ်တဲ့ ဗီဒီယိုကတော့ နံပါတ် ၄ နေရာမှာ ကြည့်ရှုမှုအကြိမ်ရေ သန်း ၄၀၀၀ နဲ့ ရပ်တည်နေတဲ့ Masha and the Bear - Recipe for Disaster (ဒီမှာ အမွှေစိန်လို့ နာမည်ကြီးတဲ့ ကာတွန်း ဇာတ်လမ်းတွဲထဲက တစ်ပိုင်း) ဖြစ်ပါတယ်။

တစ်နေ့ကို ဗီဒီယို သန်း ၅၀၀၀ ကြည့်ရှုမှုရှိနေ

စစ်တမ်းတွေအရ တစ်နေ့ကို YouTube က ဗီဒီယိုဖိုင် သန်း ၅၀၀၀ အထိ ကြည့်ရှုမှုရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအချက်အလက်က မနှစ်တုန်းကဟာဖြစ်တဲ့အတွက် ဒီနှစ်မှာ ဒီထက်ပိုများချင်လည်း များလာနိုင်ပါတယ်။ YouTube က ဒီအချက်အလက်ကိုတော့ တရားဝင် ထုတ်ပြန်ခြင်းမရှိပါဘူး။

ဝင်ငွေအကောင်းဆုံး YouTuber ဟာ ကလေးတစ်ယောက်

YouTube မှာ ဗီဒီယိုတွေတင်ပြီး ကြော်ငြာဝင်ငွေတွေနဲ့ ချမ်းသာလာတာ၊ နာမည်ကြီးအဆိုတော် ဖြစ်သွားတာတွေ အများကြီးရှိနေပါတယ်။ ၂၀၁၈ အထိ နောက်ဆုံးစစ်တမ်းအရ ဝင်ငွေအများဆုံး YouTuber က ရိုင်ယန်ကာဂျီဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ကာဂျီဟာ အသက် ၇ နှစ်သာ ရှိသေးပြီး သူ့ YouTube Channel မှာ ကစားစရာ အရုပ်တွေအကြောင်း သုံးသပ်တဲ့ အစီအစဉ်ကို တင်ဆက်တာဖြစ်ပါတယ်။ သူ့ Channel ကို Subscribe လုပ်ထားသူ ၂၁ သန်းရှိပြီး သူ့ဗီဒီယိုတွေကို ကြည့်ရှုမှု အကြိမ်ရေ စုစုပေါင်း သန်း ၃ သောင်းကျော်ရှိ ပြီဖြစ်ပါတယ်။

Subscriber အများဆုံး YouTube Channel

PewDiePie လို့အမည်ပေးထားတဲ့ ဆွီဒင် YouTuber တစ်ယောက်ရဲ့ ချန်နယ်က နှစ်အတန်ကြာ Subscriber အများဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးမီကမှ အိန္ဒိယတေးထုတ်လုပ်ရေး လုပ်ငန်းတစ်ခုက ပိုင်တဲ့ T Series ဆိုတဲ့ ချန်နယ်က နံပါတ်တစ်နေရာကို လုယူလိုက်နိုင်ပါတယ်။ T-Series ရဲ့ Subscriber အရေအတွက်ဟာ ၁၀၇ သန်းရှိပြီး အိန္ဒိယပရိသတ်ကြောင့် အားကောင်းနေတာဖြစ်ပါတယ်။ PewDiePie က ၉၈ သန်းနဲ့ ဒုတိယနေရာမှာပါ။

၇၀ ရာခိုင်နှုန်းက မိုဘိုင်းလ်ကနေပဲ ကြည့်

YouTube က ဗီဒီယိုအများစုကို မိုဘိုင်းလ်ဖုန်းတွေ၊ သင်ပုန်းကွန်ပျူတာတွေကနေပဲ ကြည့်ကြပါတယ်။ စမတ်ဖုန်းတွေနဲ့ အင်တာနက်ဆက်သွယ်မှု လူအများအကြား ပျံ့နှံ့ရောက်ရှိလာမှုကြောင့် အွန်လိုင်းဗီဒီယိုဝက်ဘ်ဆိုက်ဆိုတာလည်း အောင်မြင်လာတာဖြစ်တဲ့အတွက် ဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကွန်ပျူတာနဲ့ (အင်တာနက်ချိတ်ထားတဲ့) တီဗီကနေ ကြည့်တဲ့အရေအတွက်က ၃၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။

လူမကြိုက်ဆုံးဗီဒီယိုက Thumbs down ၁၆ သန်းရခဲ့

ယုံချင်ယုံမယုံချင်နေ YouTube မှာ လူမကြိုက်ဆုံး ဗီဒီယိုက ဂူးဂဲလ်က ဖန်တီးတဲ့ ဗီဒီယိုဖြစ်နေပါတယ်။ ၂၀၁၈ ခုနှစ် YouTube Rewind ဆိုပြီး တစ်နှစ်စာ ထင်ရှားတဲ့ ဗီဒီယိုတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ အဲဒီဗီဒီယိုဖိုင်ကို လက်မအောက်စိုက်သင်္ကေတ (Thumb Down) လုပ်ပြီး မကြိုက်ဘူးလို့ ပြသခဲ့သူ ၁၆ သန်းရှိခဲ့ပါတယ်။ ကြိုက်တယ်ဆိုပြီး Like လုပ်ခဲ့တဲ့ သူကလည်း ၂ ဒသမ ၅ သန်းတော့ရှိပါတယ်။

ဘာသာစကား ၈၀၊ နိုင်ငံ ၉၁ နိုင်ငံ

YouTube ဟာ ကမ္ဘာအနှံ့မှာ လူသုံးများတာဖြစ်တဲ့အတွက် နိုင်ငံအများစုမှာ သုံးရအဆင်ပြေအောင်လည်း ဖန်တီးထားပါတယ်။ YouTube ကို အင်တာနက်သုံးစွဲသူ ၉၅ ရာခိုင်နှုန်း အသုံးပြုတဲ့ ဘာသာစကား အမျိုး ၈၀ နဲ့ လွှင့်ပေးထားပါတယ်။ ကမ္ဘာတစ်လွှားက နိုင်ငံပေါင်း ၉၁ နိုင်ငံမှာ ရရှိနိုင်တာလည်း ဖြစ်ပါတယ်။ မြန်မာစကားနဲ့လည်းရနိုင်ပြီး Setting ထဲက Account က Language မှာ ဗမာလို့ ရွေးပေးရမှာဖြစ်ပါတယ်။

ZWN