News

POST TYPE

IT

USB Stick ဖြင့် HIV ရောဂါကို မိနစ် ၃၀ အတွင်း စမ်းသပ်နိုင်မည်
14-Nov-2016
လန်ဒန်၊ နိုဝင်ဘာ ၁၃

ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် USB Stick ကို လက်ပ်တော့တွင် တပ်ဆင်ပြီး HIV ရောဂါ ရှိ၊ မရှိကို မိနစ်၃၀ အတွင်း စစ်ဆေးနိုင်မည့် နည်းလမ်းအား တီထွင်နိုင်ခဲ့ကြောင်း Scientific Reports ဂျာနယ် သတင်းတွင် ဖော်ပြထားသည်။

လန်ဒန် Imperial ကောလိပ်နှင့် DNA Electronics ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကွန်ပျူတာတွင် သာမန် အလွယ်တပ်သုံးနိုင်သော USB Stick ကို အခြေပြုပြီး ရောဂါကို အလွယ်တကူ ရှာဖွေနိုင်စေရန် တီထွင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

USB memory stick ပုံစံအတိုင်း တီထွင်ထားသည့် အပေါ်သို့ သွေးတစ်စက်ကို ချပေးလိုက်ရုံဖြင့် ရောဂါကို အလွယ်တကူ ဖော်ထုတ်နိုင်မည် ဖြစ်ကာ အလွယ်ကူဆုံး ကိုယ်တိုင်အဖြေရှာနိုင်စေရန် ရည်ရွယ်၍ တီထွင်ထားကြောင်း ပညာရှင်များက ပြောကြားသည်။

လက်ရှိ စမ်းသပ်စစ်ဆေးနေရသည့် နည်းလမ်းများတွင် သွေးပမာဏကို များစွာထုတ်ယူရပြီး နေ့ချီကာ စစ်ဆေးနေရသော်လည်း USB နည်းက ချက်ချင်းနီးပါး အဖြေကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။

HIV ရောဂါအတွက် စမ်းသပ်နေကြသည်မှာ နှစ်ပေါင်း ၂၀ ခန့် ရှိနေပြီဖြစ်ကာ ရောဂါရသည့်တိုင် အသက်ဉာဏ် စောင့်ဆိုသလို ဆင်ခြင်နေထိုင်ပြီး အသက်ရှည်နိုင်ကြောင်း၊ ထို့ကြောင့် အလွယ်တကူ စမ်းသပ်စစ်ဆေးနိုင်မည့် ပစ္စည်းလေးများ လိုအပ်လာကြောင်း တီထွင်သူ ဒေါက်တာဂရေဟန်ကွတ်က ပြောကြားသည်။

ရောဂါဖြစ်နေမှန်း သိမှသာ မိမိအနေနှင့် မည်သို့ ကုစားရမည်ကို သိနိုင်မည် ဖြစ်ကြောင်း၊ အချို့မှာ ရှက်သောကြောင့်၊ ငွေကြေးမတတ်နိုင်သောကြောင့်၊ ဝေးသောကြောင့်ဟု အကြောင်းအမျိုးမျိုးပြပြီး မစမ်းသပ်နိုင်သဖြင့် အချိန်နီ မကုစားနိုင်ဘဲ အသက်ဆုံးရှုံးကြရကြောင်း ယင်းက ဆိုသည်။ 
ဒေါက်တာဂရေဟန်နှင့် အဖွဲ့သည် မူလတီထွင်ထားသော မိတ္တူစက်တစ်လုံးအရွယ် HIV စမ်းသပ်သည့် စက်ကို memory stick အရွယ်သို့ ပြောင်းလဲ တီထွင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း Scientific Reports တွင် ရေးသားထားသည်။

လက်ရှိ HIV ရောဂါအတွက် ထွက်ပေါ်နေသည့် ဆေးများသည် သွေးအတွင်းရှိ ရောဂါပိုး အရေအတွက်ကို လျှော့ချပေးနိုင်နေပြီ ဖြစ်သောကြောင့် စိုးရိမ်စရာ မလိုကြောင်း၊ ရောဂါရှိကြောင်း အချိန်မီသိရန်အတွက် စမ်းသပ်ပြီး ကုသရန် လိုအပ်သဖြင့် မိမိတို့အဖွဲ့က USB Stick များကို တီထွင်ရကြောင်း ဒေါက်တာဂရေဟန်က ပြောကြားသည်။