News

POST TYPE

IT

ထရမ့်လေသံအပြောင်းမှာ ဟွာဝေးစမတ်ဖုန်းဈေးကွက် ပြန်ဦးမော့လာနိုင်မလား
02-Jul-2019


သမ္မတဒေါ်နယ်ထရမ့်ရဲ့ အရေးယူပိတ်ဆို့ဖို့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာအနှံ့ရောင်းအား ထိခိုက်သွားခဲ့ရတဲ့ တရုတ်ကုမ္ပဏီ ဟွာဝေးဟာ ထရမ့်ဘက် ဖြေလျှော့ပေးမယ်လို့ လေသံပြောင်းလာချိန်မှာ ပြန်နာလန်ထူနိုင်လာဖို့ အခွင့်အရေးရလာပါတယ်။ 

အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အစိုးရဆီကနေ သီးသန့်လိုင်စင်မရှိဘဲ ဟွာဝေးအတွက် အရေးကြီးတဲ့နည်းပညာနဲ့ အစိတ်အပိုင်းတွေရောင်းချခွင့် ပိတ်ပင်ထားတဲ့ ကန့်သတ်ချက်အချို့ကို ရုပ်သိမ်းပေးမယ်လို့ ထရမ့်က ပြောခဲ့တာဖြစ်ပါတယ်။

အရောင်းအဝယ်ကိစ္စဟာ “နိုင်ငံလုံးဆိုင်ရာ အရေးပေါ်ပြဿနာကြီး”မဟုတ်သရွေ့ “အမေရိကန် ကုမ္ပဏီတွေအနေနဲ့ သူတို့ပစ္စည်းတွေ ဟွာဝေးကို ရောင်းနိုင်ပါတယ်” လို့ ထရမ့်က ဂျပန်မှာကျင်းပတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ပထမသုံးလပတ်မှာ ဟွာဝေးဟာ အက်ပဲလ်ထက် ဖုန်းအလုံးရေပိုရောင်းနိုင်ခဲ့ပြီး ၂၀၂၀ ကျရင် ဆမ်ဆောင်းကို ကျော်ပြီး ကမ္ဘာ့ရောင်းအား အကောင်းဆုံး (အလုံးရေအရ) ဖုန်းကုမ္ပဏီဖြစ်လာ တော့မယ့်ဆဲဆဲမှာ အမေရိကန်ရဲ့ ထိုးနှက်မှုခံခဲ့ရ တာဖြစ်ပါတယ်။

မေလ ၁၆ ရက်နေ့မှာ အမေရိကန်အစိုးရက ကန့်သတ်ပိတ်ပင်လိုက်အပြီး မေ ၁၇ ကနေ ဇွန် ၁၆ အထိ တစ်လအတွင်း ဟွာဝေးရဲ့ တစ်ကမ္ဘာလုံးရောင်းအား ၄၀ ရာခိုင်နှုန်းထိုးကျသွားတယ်လို့ စီအီးအို ရန်ကျန်ဖေးက အတည်ပြုထားပါတယ်။

အခု ဒါကို ပြန်ဖြေလျှော့ပေးမယ်လို့ ထရမ့်က ပြောပေမယ့် ဘာမှ အတိအကျထုတ်ပြန်တာမရှိသေးတဲ့အတွက် ဟွာဝေးဘက်က အထူးတလည်မှတ်ချက် မပေးနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ 

ဟွာဝေးအတွက် အမေရိကန်ကုမ္ပဏီတွေ ဘာရောင်းခွင့်ရှိမှာလဲဆိုတာ မရှင်းလင်းသေးပေမယ့် လက်ရှိကုမ္ပဏီရဲ့ စမတ်ဖုန်းစီးပွားရေးအတွက် အဓိကလိုအပ်တာက ဂူးဂဲလ်ပဲလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဟွာဝေးအနေနဲ့ ဂူးဂဲလ်ရဲ့ အန်းဒရွိုက် စနစ်ကို အကန့်အသတ်နဲ့ပဲ သုံးနိုင်မယ်ဆိုတဲ့ အချက်နဲ့ ဂူးဂဲလ်ရဲ့ အက်ပလီကေးရှင်းတွေ နောင်ကို သုံးမရတော့ဘူးဆိုတဲ့အချက်က ဟွာဝေးဖုန်းတွေကို တစ်ကမ္ဘာလုံးက ဝယ်သူတွေ ဝယ်ဖို့လက်တွန့်စေတဲ့ အဓိကအချက်တွေဖြစ်ခဲ့ပါတယ်။ 

ဂူးဂဲလ်ရဲ့ Playstore၊ Gmail၊ Google Map လို အက်ပလီကေးရှင်းတွေ သုံးမရရင် အန်းဒရွိုက်စနစ်သုံး ဖုန်းတစ်လုံးဟာ တရုတ်ပြည် ပြင်ပမှာ စိတ်ဝင်စားသူ အရမ်းနည်းသွားပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟွာဝေးရဲ့ စမတ်ဖုန်းရောင်းအား တစ်ဝက်နီးပါးက တရုတ်ပြည်ပြင်ပမှာ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ 

အမေရိကန်က ဟွာဝေးကို ပိတ်လိုက်ပြီဆိုတဲ့ သတင်းထွက်ပြီး တစ်လခွဲလောက်အတွင်းမှာ ဂူးဂဲလ်ဝန်ဆောင်မှုတွေ မရတော့မှာရယ်၊ အန်းဒရွိုက်စနစ်အတွက် လုံခြုံရေးနဲ့အခြား Update တွေ မရတော့မှာရယ်ကို တစ်ကမ္ဘာလုံးက ဖုန်းရောင်းသူနဲ့ ဝယ်သူတွေ အဓိက စဉ်းစားခဲ့ကြတာပါ။

ဝယ်သူဘက်က သူတို့လိုချင်တဲ့ ဝန်ဆောင်မှုမပါတဲ့ဖုန်းကို ဝယ်မှာမဟုတ်သလို ရောင်းသူကလည်း ရောင်းမရတဲ့ ဖုန်းတွေအများကြီး လှောင်မထားပါဘူး။

အခုထရမ့်က ရောင်းတဲ့အပိုင်းကို ပြန်ဖြေလျှော့ပေးမယ်လို့ ပြောထားပေမယ့် ဂူးဂဲလ်ဘက်က ဘာမှအတိအကျ မပြောနိုင်သေးပါဘူး။ ကန့်သတ်ချက်တွေနဲ့အညီ လိုက်နာမှုရှိ၊ မရှိကို ကူးသန်းရောင်းဝယ်ရေးဌာနနဲ့ ဆွေးနွေးဆဲဖြစ်တယ်လို့တာ ထုတ်ပြန်ထားပါတယ်။ 

လက်ရှိဈေးကွက်ထဲက ဟွာဝေးဖုန်းတွေကတော့ ဂူးဂဲလ်ရဲ့ စနစ်တွေနဲ့ Update တွေရနေတုန်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကဈေးကွက်တွေမှာ တစ်ပတ်ရစ်ပေါက်ဈေးက သိသိသာသာ ထိုးကျသွားပါတယ်။ 

ဥပမာပြောရရင် ယူရို ၉၉၉ နဲ့ ဥရောပမှာ ရောင်းတဲ့ P30 Pro ဟာ ဟွာဝေးကို အမေရိကန်က ပိတ်လိုက်ပြီးတဲ့နောက် သုံးသူက ပြန်ရောင်းမယ်ဆိုရင် တစ်ပတ်ရစ် ကောက်ဈေးယူရို ၁၀၀ ပဲ ပေးတယ်လို့ သုတေသန ကုမ္ပဏီ Canalys က ဖော်ပြပါတယ်။

“သုံးစွဲသူအများစုက သူတို့လက်ထဲက ပစ္စည်းက တန်ဖိုးကျသွားပြီ ဆိုတာ သိပြီးတဲ့အခါ ပြန်ရောင်းဖို့၊ တခြားဖုန်းလဲဖို့ ပိုလုပ်လာကြတယ်။ ဟွာဝေးအနေနဲ့ သူ့အမှန်တံဆိပ်ကို ပြန်လည်တည်ဆောက်ဖို့ အများကြီးလုပ်ရမယ်” လို့ Canalys က ဘင်စတန်တင်က သုံးသပ်ပါတယ်။

ဟွာဝေးအနေနဲ့ အမေရိကန်ကုမ္ပဏီဆိုရင် ဂူးဂဲလ်တစ်ခုတည်းကို မှီခိုနေရတယ်လို့ထင်ရင် မှားပါလိမ့်မယ်။ သတင်းအချက်အလက်နဲ့ ဒေတာတွေကို ရေဒီယိုလှိုင်းတွေအဖြစ် ပြောင်းလဲတဲ့ နောက်ဆုံးပေါ်နည်းပညာတွေအတွက် ဟွာဝေးဟာ Qualcomm၊ Broadcom၊ Qorvo နဲ့ Skyworks လို အမေရိကန်ကုမ္ပဏီတွေကို အားထားနေရတာဖြစ်ပါတယ်။

အမေရိကန်က ပို့ကုန်ပိတ်တော့မယ်ဟန်ပြင်ကတည်းက ဟွာဝေးအနေနဲ့ နည်းပညာနဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို မနှစ်ကတည်းက စတင်စုဆောင်းထားတယ်လို့ ဆိုပါတယ်။ ဟွာဝေးရဲ့ ရပ်တည်မှုအရကြည့်မယ်ဆိုရင် အရပ်ရပ် အထောက်အပံ့ပိုင်းက မထိခိုက်ဘူးလို့ ဟွာဝေးဘက်က တရားဝင်ကြေညာထားပါတယ။်

အခုနောက်ဆုံး သိရတဲ့ သတင်းတွေအရလည်း ဟွာဝေးကို ပိတ်ထားတဲ့ စာရင်းထဲက ထုတ်ပေးလိုက် တာမျိုးမဟုတ်သေးဘူးလို့သိရပါတယ်။ ပိတ်ထားတယ်လို့ အလွယ်ပြောပေမယ့် တကယ်က လိုင်စင်မရှိဘဲ ရောင်းခွင့်မရှိတဲ့ ပြည်ပကုမ္ပဏီစာရင်းဖြစ်ပါတယ်။ ဒီတော့ကာ ဟွာဝေးနဲ့ စီးပွားရေးလုပ်ဖို့ အမေရိကန်ကုမ္ပဏီတွေကို တစ်ခုချင်း၊ တစ်မျိုးတစ်စားချင်း အကန့်အသတ်နဲ့ ဖွင့်ပေးဖို့ပဲရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

အိမ်ဖြူတော် စီးပွားရေးအကြံပေး လာရီကုဒ်လိုးက “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်”ပေးတာမျိုးမဟုတ်ဘဲ နိုင်ငံလုံခြုံရေးကို မထိခိုက်တဲ့ နယ်ပယ်တွေပဲ ဖွင့်ပေးသွားမှာလို့ဆိုပါတယ်။ ဥပမာအားဖြင့် ဟွာဝေးပစ္စည်းတွေအတွက် ချစ်ပ်ပြားထုတ်ပေးတဲ့ ကုမ္ပဏီတွေလိုမျိုး ကိုယ်က မရောင်းရင်လည်း သူများနိုင်ငံက ရောင်းလာနိုင်တာမျိုးတွေကိုကျ ပေးရောင်းဖို့ ခွင့်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ထရမ့်ရဲ့ လုပ်ရပ်အပေါ် မကျေနပ်ကြတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းကြီးတွေက အသည်းအသန် ကန့်ကွက်ခဲ့ကြပြီးတဲ့နောက် အမေရိကန်အစိုးရက ပြန်လျှော့ပေးခဲ့တာလို့လည်း သုံးသပ်ကြပါတယ်။ 

အမေရိကန်နည်းပညာနဲ့ ဆော့ဖ်ဝဲလ်ကိုရတယ်ထားဦး၊ အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာ ဟွာဝေးအတွက် ရေရှည်ထိခိုက်မှုကြီးဖြစ်လာမှာတော့ သေချာပါတယ်။ ထရမ့်ပြောတဲ့ စကားထဲမှာ အမေရိကန်ဘက်က ရောင်းချင်ရောင်းနိုင်တယ်လို့ပြောထားတာ ရှင်းပါတယ်။ ဟွာဝေးဘက်က အမေရိကန်မှာ ရောင်းချင်ရင်တော့ ရောင်းနိုင်မှာမဟုတ်ပါဘူး။

ဘယ်သူမှားပြီး ဘယ်သူမှန်တယ်ရယ်မရှိပါဘူး။ အားလုံးက ကိုယ့်အကျိုးစီးပွား ကိုယ်ကာကွယ်ဖို့ လုပ်နေကြတာပါ။ တစ်ချိန်လုံး တရုတ်ကုမ္ပဏီတွေ နည်းပညာခိုးသမျှ၊ အတုလုပ်သမျှခံနေခဲ့တဲ့ အမေရိကန်ဟာ တရုတ်က သူ့ကျော်တက်ခါနီးမှာ ပြန်ညစ်လိုက်တဲ့သဘောပါ။ 5G နည်းပညာကို ဖြန့်ကြက်နိုင်စွမ်းမှာ ဘယ်သူမှ မယှဉ်နိုင်အောင် ရှေ့ရောက်နေတဲ့ ဟွာဝေးကို  ဇက်သတ်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ နက်ရှိုင်းလွန်းတဲ့ အပြန်အလှန် အကျိုးစီးပွားတွေ အကုန်လုံးကိုတော့ ရပ်တန့်ပစ်လို့ မရပါဘူး။ ဒါကြောင့် သုံးလေးပတ်တင်းပြီးမှ တစ်ပတ်လောက်လျှော့ပေးလိုက်တာလို့သာ ဆိုရမှာပါ။

ZWN

Ref : CNN,Fox News