News

POST TYPE

IT

အနက် ပေ ၃၁၀ အထိ ငုပ်နိုင်သည့် တစ်ယောက်စီး အမြန်ရေငုပ်သင်္ဘော တီထွင်
11-Nov-2016
နယူးယောက်၊ နိုဝင်ဘာ ၁၀

ရေအောက်တွင် ကြာရှည်စွာ နေထိုင်ပြီး လေ့လာလိုသူများအတွက် ရည်စူးပြီး တစ်ယောက်စီး အမြန်မောင်းနှင်နိုင်သော ရေငုပ်သင်္ဘောငယ်လေးများကို ရေအနက် ပေ ၃၁၀ အထိ ငုပ်နိုင်စေရန် တီထွင်နိုင်ပြီ ဖြစ်ကြောင်း Dezeen မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

Ortega Submersible ဟု အမည်ပေးထားသည့် တစ်ယောက်စီး ရေငုပ်သင်္ဘောလေးများကို နယ်သာလန်နိုင်ငံ Twente ဒေသမှ ဒတ်ခ်ျကုမ္ပဏီတစ်ခုက တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ယင်းရေငုပ်သင်္ဘောလေးများသည် ဘက်ထရီအားဖြင့် မောင်းနှင်ရပြီး ရေမိုင်အမြန်နှုန်း ၁၁ မိုင်ဖြင့် သွားနိုင်ကာ အမြန်ဆုံး ငုပ်နိုင် ရေပေါ်တက်နိုင်စေရန် စီစဉ်ထားသည်။

ရေငုပ်သင်္ဘောထဲတွင် ရေကြောင်းအချက်ပြ မီတာနှင့် ဒိုင်ခွက်များ ပါရုံမက သင်္ဘောအတွင်း အသက်ရှူနိုင်မည့် အောက်ဆီဂျင်ကို ထုတ်ပေးနိုင်သော စနစ်များကိုလည်း တပ်ဆင်ထားသည်။

MK.1B နှင့် MK.1C ဟူ၍ အမျိုးအစား နှစ်မျိုးကို လူနှစ်ယောက်စီးနှင့် သုံးယောက်စီးအဖြစ် ခွဲထုတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ငါးမန်းတစ်ကောင်နှင့် ပုံသဏ္ဌာန် တူညီစွာ ထုတ်လုပ်ထားသည့် ယင်းရေငုပ်သင်္ဘောတွင် တောင်ပံလေးများလည်း ပါဝင်ပြီး ခလုတ်နှိပ်လိုက်ရုံဖြင့် ရေပေါ် ရေအောက် အတက်အဆင်းများကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ယင်းရေငုပ်သင်္ဘောငယ်များကို အဏ္ဏဝါဇီဝဗေဒ ပညာရှင်များ၊ ရေအောက်တည်ဆောက်ရေး ပညာရှင်များနှင့် အထူးတပ်ဖွဲ့ဝင်များ အသုံးပြုနိုင်စေရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ီ Dezeen မဂ္ဂဇင်းတွင် ရေးသားထားသည်။