News

POST TYPE

IT

ဝက်တစ်သျှူးများကို လူသားတွင် အစားထိုးပြီး ဆူပါလူသားများအဖြစ် ဖန်တီးနိုင်ဟုဆို
29-Jul-2016
ဝါရှင်တန်၊ ဇူလိုင် ၂၈

အမေရိကန်ပြည်ထောင်စု ပစ္စဘတ်တက္ကသိုလ် ဆေးသိပ္ပံမှ ပညာရှင်များသည် လူသားများ၏ ကြွက်သားများကို ဝက်များ၏ ကြွက်သားမျှင်များနှင့် အစားထိုးပေးပြီး ကြွက်သားအကြောများ နာကျင်မှု ခံစားနေရသည့် သူများကို ပျောက်ကင်းစေရန် ကုသပေးနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဒေါက်တာ စတီဖင်ဘာဒီလက် ဦးဆောင်သော McGowan ဆေးသိပ္ပံမှ ပညာရှင်များသည် အားကစားသမားများ ကြွက်သားများ နာကျင်ခြင်းကြောင့် အနားယူခဲ့ရခြင်းများကို ပြန်လည်ကုစားနိုင်စေရန် ကြံဆရင်းက ပျက်စီးသွားသည့် ကြွက်သားများကို အစားထိုးနည်းဖြင့် ပြန်လည်ကုသနိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ယင်းသတင်းက ဆိုသည်။

ကြွက်သားများ အစားထိုးနည်းကို ECM (extracellular matrix) နည်းဟု ခေါ်ပြီး ဝက်ဆဲလ်များကို ပျက်စီးသွားသည့် လူသားဆဲလ်များတွင် ဝန်းရံပေးထားပြီး လက်ခံနိုင်သည့် အဆင့်ရောက်လာစေရန် လုပ်ပေးခြင်းဖြစ်ကြောင်း၊ အပြည့်အဝ အောင်မြင်ပြီဟု မပြောနိုင်သေးသော်လည်း ကျေနပ်လောက်သည့် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။

ကြွက်သားများ အစားထိုးစမ်းသပ်ခြင်းကို လူနာ ၁၃ ဦးနှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ကြောင်း၊ ထိုလူနာများ အားလုံးသည် ခြေထောက်နှင့် လက်ကြွက်သားများ ၂၅ ရာခိုင်နှုန်းခန့်အထိ ပျက်စီးနေသူများဖြစ်ပြီး ထိုသူများ အားလုံးကို ဝက်များထံမှ ထုတ်ယူထားသည့် တစ်သျှူးများ အစားထိုးကာ ကုသပေးခဲ့ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

လူနာများကို တစ်သျှူးများ အစားထိုးပြီး ၂၄ ပတ်အတွင်း သက်သာလာကြောင်း၊ ၆ လ အကြာတွင် လူနာများသည် ၃၇ ဒသမ ၃ ရာခိုင်နှုန်းခန့် ကြွက်သားများ ကြံခိုင်မှုကို ပြန်လည်ရရှိလာကြောင်း၊ လှုပ်ရှားမှုများ ၂၇ ဒသမ ၁ ရာခိုင်နှုန်းခန့်အထိ ကျေနပ်အားရစရာ ကောင်းလောက်အောင် သန်မာလာခဲ့ကြောင်း ပညာရှင်များက ပြောကြားသည်။

လူနာ ၁၃ ဦးစလုံးတွင် နူးညံ့သော တစ်သျှူးများသည် ပျက်စီးသွားသည့် နေရာများတွင် အစားထိုး ထိန်းသိမ်းပေးနိုင်စွမ်းရှိပြီး၊ အစားထိုးမှု လုပ်ဆောင်နိုင်မည့် လူနာများကို သီးခြားရွေးချယ်ပြီး လုပ်ဆောင်မှ အောင်မြင်နိုင်သည်ဟု ဒေါက်တာပီတာရူဘင်က ပြောကြားသည်။