News

POST TYPE

IT

ဆီးမှ ရေသန့်ထုတ်နိုင်သောစက် ဘယ်လ်ဂျီယံ ပညာရှင်များ တီထွင်
29-Jul-2016

ဘရပ်ဆဲလ်၊ ဇူလိုင် ၂၈

ဘယ်လ်ဂျီယံ တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် လူတို့ စွန့်ထုတ်လိုက်သည့် ဆီး (ကျင်ငယ်ရည်) ကို သောက်သုံးနိုင်သည့် ရေသန့်အဖြစ် ပြုပြင်ပြောင်းလဲနိုင်သော စက်တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ 

လူတို့ စွန့်ထုတ်လိုက်သည့် ဆီးကို နေရောင်ခြည် စွမ်းအင်အား အသုံးပြုပြီး သောက်သုံးရေနှင့် ဓာတ်မြေသြဇာများအဖြစ် ပြောင်းလဲနိုင်သော စနစ်ကို မိမိတို့ တီထွင်နိုင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် သောက်သုံးရန် ရေရှားပါးသည့် ဒေသများအတွက် များစွာ အကျိုးရှိနိုင်မည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ 

Ghent တက္ကသိုလ်မှ ပညာရှင်များသည် အသုံးမပြုဘဲ စွန့်ပစ်လိုက်သည့် ရေဆိုးက တစ်ဆင့် အထူးပြုလုပ်ထားသော အမြှေးပါးများကို အသုံးပြုပြီး ရေသန့်ပြန်ထုတ်သောနည်းကို တွေ့ရှိခဲ့သော်လည်း လျှပ်စစ်ဓာတ်အားကို အသုံးပြုရသည့် စက်ဖြစ်နေသောကြောင့် နေရာတိုင်းတွင် အဆင်ပြေစွာ အသုံးပြုနိုင်မည် မဟုတ်ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

“ယခု ကျွန်တော်တို့ တွေ့ရှိထားတဲ့ နည်းသစ်ကို နေရောင်ခြည်စွမ်းအင်နဲ့ ဓာတ်မြေသြဇာကို သာမက သောက်ရေသန့်ကိုပါ ထုတ်နိုင်ပါတယ်” ဟု Ghent တက္ကသိုလ်မှ သုတေသီ ဆီဘက်စနီးယန်းဒီရိစ်က ပြောကြားသည်။

လူတို့ စွန့်ထုတ်လိုက်သော ဆီးများကို လှောင်ကန်ကြီးတစ်ကန်အတွင်း လှောင်ထားပြီး နေရောင်ခြည်စွမ်းအင်ဖြင့် အပူပေးထားရန်လိုကြောင်း၊ အပူပေးထားသည့် ဆီးများကို အမြှေးပါးများအတွင်း ဖြတ်သန်းစီးဆင်းစေလိုက်သည့် အခါတွင် ပိုတက်ဆီယမ်၊ နိုက်ထရိုဂျင်နှင့် ဖော့စ်ဖောရပ်စ်များကို စစ်ထုတ်ယူထားလိုက်ကြောင်း၊ စစ်ထုတ်ယူထားသော အနည်များကို ဓာတ်မြေသြဇာ ထုတ်နိုင်ပြီး ကျန်အရည်ကို ရေသန့်အဖြစ် ပြောင်းလဲပစ်နိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ဆီးမှ ရေသန့်ထုတ်စက်ကို Ghent တက္ကသိုလ်တွင် လက်တွေ့ပြသထားပြီး၊ ပါတီပွဲတစ်ခု ကျင်းပထားကာ ပွဲလာသောသူများ စွန့်ထုတ်ထားသည့် ဆီးများကို စက်များဖြင့် ရေ ၁၀၀၀ လီတာခန့် လက်တွေ့ပြန်ထုတ်ပြခဲ့ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

ရေသုန့်ထုတ်စက်များကို ဘီယာဆိုင်များနှင့် အခြားအများသုံး အိမ်သာများတွင် တပ်ဆင်ထားခြင်းဖြင့် ရေရှားပါးသည့် ဒေသများတွင် ပြန်လည်အသုံးဝင်သည့် ရေများကို ထုတ်ယူသုံးစွဲနိုင်မည်ဟု ဒီရိစ်က ဆိုသည်။