News

POST TYPE

IT

လောင်စာဆီ မဖြည့်ဘဲ နှစ်ရက်ဆက်တိုက် ပျံသန်းနိုင်သည့် မောင်းသူမဲ့ လေယာဉ် တရုတ်တီထွင်
09-Nov-2016

ပေကျင်း၊ နိုဝင်ဘာ ၈

 

လောင်စာဆီ တစ်ကြိမ် ဖြည့်ပြီးလျှင် နှစ်ရက်တိုင် ကောင်းကင်တွင် ပျံဝဲနိုင်ပြီး မိုင်ပေါင်း ၁၅ဝဝဝ ခန့် မနားတမ်း ပျံသန်းနိုင်သော မောင်းသူမဲ့ လေယာဉ် အမျိုးအစားကို တရုတ်နိုင်ငံ တပ်မတော်က တီထွင်နိုင်ခဲ့ကြောင်း Daily Star သတင်းတွင် ဖော်ပြထားသည်။

 

CH-5 ဟု အမည်ပေးထားသည့် မောင်းသူမဲ့ ယာဉ်သည် တရုတ်တို့ ထုတ်လုပ်သည့် ဒရုန်း ယာဉ်များထဲတွင် အကြီးဆုံးဖြစ်ပြီး အမေရိကန်ထုတ် US MQ-9 လေယာဉ် ပုံစံအတိုင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

 

တရုတ်တို့က CH-5 လေယာဉ်ကို တရုတ်နိုင်ငံ ဇူဟိုင်းမြို့တွင် ကျင်းပသည့် လေကြောင်းပြပွဲတွင် ပွဲထုတ် ပြသခဲ့ခြင်း ဖြစ်သည်။

 

ယင်းမောင်းသူမဲ့ လေယာဉ်ဖြင့် စမတ်ဗုံးများ။ ဒုံးကျည်များနှင့် အဆင့်မြင့် ရေဒါများကိုပါ သယ်ဆောင် သွားနိုင်မည်ဖြစ်ကာ ထုတ်လုပ်ခဲ့သမျှသော မောင်းသူမဲ့ တိုက်ပွဲဝင် ဒရုန်းယာဉ်များတွင် စွမ်းအား အမြင့်ဆုံးဖြစ်ကြောင်း Asia One တွင်လည်း ဖော်ပြထားသည်။

 

တီထွင်သူ ပညာရှင် ရှီဝမ်က မိမိတို့ တီထွင်ထားသော CH-5 ကို နိုင်ငံခြား တိုင်းပြည် အများအပြားမှ ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း ပြောကြားသည်။

 

တရုတ်တို့ယခုနှစ်အတွင်း ပွဲထုတ်သည့် J-20 ရေဒါဖြင့် မဖမ်းနိုင်သော ဖိုက်တာ ဂျက်လေယာဉ်နှင့် CH-5 တို့ကို နိုင်ငံတကာက မျက်စိကျလျက်ရှိပြီး တရုတ်စစ်တပ်၏ စွမ်းရည်ကို အသိအမှတ် ပြုခဲ့ကြရကြောင်း Daily Star တွင် ရေးသားထားသည်။

 

ပဉ္စမမျိုးဆက် တိုက်လေယာဉ်များထဲတွင် အမေရိကန် ပြည်ထောင်စုမှ Lockheed Martin F-22 Raptor အမျိုးအစား လေယာဉ်များအပြင် အခြား စွမ်းအားမြင့် လေယာဉ်များကို ဇူဟိုင်း လေကြောင်း ပြပွဲတွင် ဝင်ရောက်ပြသ ခဲ့ကြသည်။

 

တရုတ် လွတ်မြောက်ရေး တပ်မတော်သည် တစ်ပတ်ကြာ ပြပွဲတွင် လေယာဉ် ပျံသန်းမှုများအပြင် တရုတ်စစ်သားများ၏ စွမ်းအင်များကိုပါ ပွဲထုတ်ပြသခဲ့ကြသည်။

 

တရုတ်တို့သည် တန် ၂ဝဝ ကျော် တင်ဆောင်နိုင်သည့် လေယာဉ်ကြီးများကိုပါ ပွဲထုတ်ထားပြီး ၂ဝ၁၈ ခုနှစ်တွင် သယ်ယူ ပို့ဆောင်ရေးနှင့် တိုက်ခိုက်ရေး လောကကို ဈေးကွက် သိမ်းပိုက်နိုင်ရန် ပြင်ဆင်နေကြောင်း AFP သတင်းတွင်လည်း ရေးသားထားသည်။



  • VIA