News

POST TYPE

IT

ဦးနှောက်အား လျှပ်စစ်ဖြင့် ရှော့ခ်ရိုက်ပြီး ဆူပါစစ်သားများ ဖြစ်အောင် ဖန်တီးနိုင်ဟုဆို
09-Nov-2016

ဝါရှင်တန်၊ နိုဝင်ဘာ ၈

 

အမေရိကန် ပြည်ထောင်စုမှ ပညာရှင်များသည် အနာဂတ် စစ်သည်တော်များကို ဦးနှောက်အား လျှပ်စစ်ဖြင့် ရှော့ခ်ရိုက်ပြီး ဆူပါစစ်သားများ ဖြစ်လာစေရန် ဖန်တီးနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

 

Electrical brain stimulator ဟုခေါ်သည့် လျှပ်စစ် ရှော့ခ်ရိုက်စနစ်ဖြင့် စစ်သားများ၏ စိတ်စွမ်းရည်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ကြောင်း ယင်း သတင်းက ဆိုသည်။

 

ယင်းကုထုံးဖြင့် လေကြောင်းတွင် တာဝန်ယူနေရသူများနှင့် လေယာဉ် မောင်းသူများ၏ စိတ်ကို ပြုပြင်ယူနိုင်ကြောင်း ပညာရှင်များက လက်တွေ့ပြသနိုင်ခဲ့ကြသည်။

 

လေတပ်တွင် အဝေးထိန်း စနစ်များဖြင့် မောင်းနှင်သည့် စစ်ဆင်ရေးများကို ဆင်နွှဲသည့် အခါတွင် အချိန်ကြာမြင့်စွာ တာဝန်ယူရရုံမျှမက စောင့်ကြည့်လုပ်ဆောင်ရမှုများကလည်း အလွန် တာဝန်ကြီးလေးလာကြောင်း၊ တာဝန် များစွာ ယူနေကြရသည့် စစ်သားများ ဦးနှောက်စွမ်းရည် မြင့်မားစေရန်နှင့် တွေးခေါ်ပိုင်းဖြတ်နိုင်စွမ်း ကောင်းစေရန် ဦးနှောက်ကို လျှပ်စစ်ဖြင့် ပြုပြင်ယူနိုင်ကြောင်း အိုဟိုင်းအိုးပြည်နယ်၊ Wright-Patterson လေတပ် အခြေစိုက် စခန်းမှ သုတေသီများက ပြောကြားသည်။

 

လေတပ် စောင့်ကြည့်ရေး တာဝန်များကို ထမ်းဆောင်နေကြရသည့် စစ်သားများသည် ရေရှည်တွင် စိတ်ပျက်ငြီးငွေ့ လာတတ်ကြကြောင်း၊ လုပ်ဆောင်နိုင်စွမ်းများလည်း ကျဆင်းလာတတ်သဖြင့် စစ်သားများကို လျှပ်စစ်ဓာတ်ဖြင့် ရှော့ခ်ရိုက်ခြင်းသည် အကောင်းဆုံး ကုထုံး တစ်ခုဖြစ်ကြောင်း ယင်းတို့ကဆိုသည်။

 

ဦးနှောက်ကို ရှော့ခ်ရိုက်နည်းမှာ အီလက်ထရွန်နစ် လျှပ်ငုတ် ငါးခုပါသည့် ဦးထုပ်ကို ဆောင်းထားပြီး၊ အပျော့စား လျှပ်စစ်ဓာတ်ကို လွှတ်ပေးလိုက်ခြင်းဖြင့် လျှပ်စစ်စီးကြောင်းများက ဦးခေါင်းခွံကတစ်ဆင့် ဦးနှောက်အပြင်လွှာထဲကို ဖြတ်သန်း ဝင်ရောက်နိုင်သည့် ကုထုံး တစ်ခုဖြစ်သည်။

 

အမေရိကန် အာကာသ သိပ္ပံအဖွဲ့တွင် ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ စိုက်ကြည့်နေရသူများ၏ တုံ့ပြန်မှုကို လက်တွေ့ စမ်းသပ်ရာ၌ မော်နီတာ သုံးခုကို တစ်ပြိုင်တည်း ကြည့်နိုင်သည်အထိ စွမ်းအား မြင့်တက်လာသည်ဟု ပြောကြားသည်။

 

ပညာရှင်များက လက်တွေ့ စမ်းသပ်မှုကို Wright-Patterson လေတပ်မှ တပ်သား ၂ဝ အား စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦး ပါဝင်ကာ အသက်မှာ ပျမ်းမျှ ၃၁ နှစ်ဝန်းကျင်ဖြစ်သည်။

 

ဦးနှောက်ကို ရှော့ခ်ရိုက်သည့် ပစ္စည်းအစုံကို ယခုအခါ အွန်လိုင်းပေါ်တွင်လည်း တစ်စုံလျှင် ၅၅ ဒေါ်လာခန့်ဖြင့် ဝယ်ယူနိုင်ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။



  • VIA