News

POST TYPE

IT

ဟွာဝေးဘက်က ရပ်တည်တဲ့ပို့စ်ကို အိုင်ဖုန်းသုံးပြီး ရေးတင်တဲ့ တရုတ်သံတမန်အလှောင်ခံရ
27-May-2019


အမေရိကန်က တရုတ်ပစ္စည်းတွေအပေါ် အကောက်ခွန်စည်းကြပ်မှုတွေ တိုးမြှင့်တာ၊ ကုန်သွယ်မှုဆိုင်ရာ ပိတ်ဆို့မှုတွေ လုပ်တာ အပါအဝင် တရုတ်ကို နှိပ်ကွပ်တဲ့ကုန်သွယ်ရေးထိုးစစ်ကို စတင်လိုက်ချိန်မှာ တရုတ်ဘက်ကလည်း တတ်နိုင်တဲ့နည်းနဲ့ လက်တုံ့ပြန်ဖို့၊ အမေရိကန်က တရုတ်ပစ္စည်းတွေကို ပိတ်ဆို့ရင်၊ တရုတ်တွေကလည်း အမေရိကန်ပစ္စည်းတွေကို မသုံးကြဖို့ ဆော်ဩတာတွေ၊ အမျိုးသားရေး လှုံ့ဆော်မှုတွေ ရှိလာပါတယ်။ 

ကမ္ဘာ့နံပါတ်တစ်စမတ်ဖုန်းထုတ်လုပ်သူဖြစ်ဖို့ တာစူနေပြီး ကမ္ဘာမှာ 5G ကွန်ရက်ကို အကျယ်ပြန့်ဆုံးတပ်ဆင်ဝန်ဆောင်ပေးနိုင်သူဖြစ်လာဖို့ အခြေအနေကောင်းနေတဲ့ ဟွာဝေးဟာ အမေရိကန်ကုမ္ပဏီ ဂူးဂဲလ်ရဲ့ အန်းဒရွိုက်စနစ်သုံးစွဲမှု ကန့်သတ်ခံရတာ အပါအဝင် အရေးယူပိတ်ဆို့မှုတွေ ကြုံခဲ့ရလို့ တော်တော်အခက်ကြုံခဲ့ရပါတယ်။ ဒီအပေါ်မှာ တရုတ်ဘက်က တော်တော် မကျေနပ်ကြပါဘူး။

ဒီအချိန် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မှာ အခြေစိုက်တဲ့ တရုတ်သံတမန်တစ်ဦးက တွစ်တာလူမှုကွန်ရက်မှာ ဟွာဝေးဘက်ကရပ်တည်တဲ့ ပို့စ်တစ်ခု ရေးတင်လိုက်ပါတယ်။ “တရုတ်ပြည်က ပုဂ္ဂလိက ကုမ္ပဏီလေးတစ်ခုကိုများ ဒေါ်နယ်ထရမ့်က မုန်းနေလိုက်တာ၊ နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာပြီး (ပိတ်ရတဲ့အထိပဲ)။ ဟွာဝေးတံဆိပ်ကိုကြည့်လေ၊ ဒါက ပန်းသီး (အက်ပဲလ်) ကို အစိတ်စိတ် အမြွှာမြွှာ ပိုင်းထားတာကိုး”လို့ လိကျန်ရှောင်ဆိုသူ တရုတ်သံတမန်က ရေးသားခဲ့ပါတယ်။

ဟွာဝေးဟာ အက်ပဲလ်ကို နွှာမယ့်ကုမ္ပဏီမို့လို့ အမေရိကန်ကကြောက်ပြီး တိုက်ခိုက်ထိုးနှက်တာလို့ ရေးချင်ပုံပဲ။ ဒါက ကိုယ့်နိုင်ငံဘက်က ကိုယ်ရပ်တည်ရေးတာဖြစ်တဲ့အတွက် ပြဿနာမရှိပေမဲ့ ပြဿနာရှိလာတာကတော့ သူ့ပို့စ်အောက်က စာတန်းလေးပါပဲ။ တွစ်တာမှာ iPhone နဲ့ ရေးတင်ရင်ပို့စ်အောက်မှာ Twitter For iPhone လို့ပေါ်ပါတယ်။ အခု သူ့ပို့စ်မှာလည်း ဒီစာတန်းကြီးပေါ်နေပါတယ်။ အက်ပဲလ်ကို ပုတ်ခတ်၊ ဟွာဝေးဘက်က ရပ်တည်ရေးနေပေမယ့် သူကိုယ်တိုင်ကျ အက်ပဲလ်အိုင်ဖုန်းကြီး သုံးနေတုန်းပါပဲ။ မျိုးချစ်အယောင်ဆောင်တွေက တော်တော်ရယ်ရတာတော့အမှန်ပါ။

ဟွားဝေ စီအီးအိုကိုယ်တိုင်ကတော့ အမေရိကန်က ဟွားဝေကို ဒဏ်ခတ်သလို အက်ပဲလ်ကို တရုတ်က ဒဏ်ခတ်ရမယ်ဆိုတဲ့ အယူအဆကို ကန့်ကွက်သွားပါတယ်။ အက်ပဲလ်ကြောင့် မိုဘိုင်းလ်စမတ်ဖုန်းဆိုတာတွေ ဖြစ်လာတာဖြစ်ပြီး ဟွာဝေးအတွက်တော့ အက်ပဲလ်က ဆရာလိုပါပဲလို့ လေပြည်ထိုးသွားပါတယ်။

F-03