News

POST TYPE

IT

အက်ပဲလ်ထုတ်ကုန်များကို တရုတ်အစိုးရ တားမြစ်ပိတ်သိမ်းရန် စီစဉ်ထား
25-May-2019

ရှန်ဟိုင်း၊ မေ ၂၅

တရုတ်အစိုးရအာဏာပိုင်များသည် အက်ပဲလ်နည်းပညာကုမ္ပဏီ ထုတ်ပစ္စည်းများကို တားမြစ်ပိတ်သိမ်းရန် စီစဉ်နေပြီဖြစ်ပြီး အမေရိကန် အစိုးရဘက်က ဟွားဝေနည်းပညာကုမ္ပဏီကို ထိုးနှက်မှု ထပ်မံ အရှိန်မြင့်တက်လာသည်နှင့် တရုတ်ဘက်ကလည်း အက်ပဲလ်အပေါ် လက်တုံ့ပြန်တော့မည်ဖြစ်ကြောင်း Techdator.com က ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် အက်ပဲလ်အတွက် ဈေးကွက်ဝေစု ဒုတိယမြောက် အများဆုံး ရှာဖွေရရှိထားသည့်နေရာဖြစ်ပြီး ယင်းကဲ့သို တရုတ်အစိုးရဘက်က ပိတ်ပင်မှုများရှိလာခဲ့ပါက အက်ပဲလ်၏အမြတ်ငွေ ရှာဖွေရရှိမှုပမာဏမှာ ၂၉ ရာခိုင်နှုန်းအထိ လျော့ကျသွားတော့မည်လည်းဖြစ်သည်။

အက်ပဲလ်သည် တရုတ်နိုင်ငံတွင် ဈေးကွက်လွှမ်းမိုးမှုပမာဏ ၁၇ ရာခိုင်နှုန်းရရှိထားပြီး လက်ရှိတွင် ဟွားဝေကို အမေရိကန်နှင့် အမေရိကန်နည်းပညာကုမ္ပဏီများက ထိုးနှက်တိုက်ခိုက်မှုများရှိလာသည့်အတွက် တရုတ်လူမျိုးများက အက်ပဲလ်ကုမ္ပဏီထုတ် နည်းပညာပစ္စည်းများကို မဝယ်ယူတော့ဘဲ ဆန့်ကျင်ဆန္ဒပြမှုများ ရှိနေပြီလည်းဖြစ်သည်။

အက်ပဲလ်သည် လက်ရှိတွင် တရုတ်နိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိပြီး တရုတ်အစိုးရဘက်က ၎င်းတို့ကုမ္ပဏီထုတ် ကုန်ပစ္စည်းများကို တားမြစ်ပိတ်ပင်မှုများ ရှိလာခဲ့ပါက ကုန်ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့ဆောင်ရွက်ရန်လည်း အက်ပဲလ်က ပြင်ဆင်နေပြီဖြစ်သည်။

အမေရိကန် စီးပွားရေးလုပ်ငန်း စုပေါင်းများစွာသည် တရုတ်နိုင်ငံတွင် စက်ရုံများတည်ဆောက်ကာ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများကို ယခုအချိန်အထိ ဆောင်ရွက်နေဆဲဖြစ်ပြီး အကယ်၍ တရုတ်အစိုးရဘက်က ယင်းသို့ တားမြစ်ကန့်သတ်မည့် အရိပ်အယောင်များ ရှိလာခဲ့မည်ဆိုပါက ၎င်းတို့က လုပ်ငန်းများ ပိတ်သိမ်းကာ အခြားနိုင်ငံများသို့ ပြောင်းရွှေ့ကြတော့မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် အက်ပဲလ်ကုမ္ပဏီထုတ် နည်းပညာပစ္စည်းများ ဝယ်ယူသုံးစွဲမှု မြင့်တက်လာခြင်းက အက်ပဲလ်ကို ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်ဖြစ်စေရန် လွန်စွာ ဆွဲဆောင်လျက်ရှိသည်။

E-11