News

POST TYPE

IT

အွန်လိုင်းမှ ကွန်ပျူတာတက္ကသိုလ် အောင်စာရင်း ကြည့်ရှုနိုင်မည့် Web App ကို ဖန်တီးရေးဆွဲသူ ဒုတိယနှစ်ကျောင်းသား မောင်ဇော်ဝင်းထွန်းနှင့် တွေ့ဆုံခြင်း
08-Nov-2016

ပြည်တွင်းနည်းပညာကျောင်းများမှ ကျောင်းသားလူငယ်များက နည်းပညာရပ်များကို ကျောင်းသင်ခန်းစာ အတွင်းမှ သာမက အွန်လိုင်းမှပါ လေ့လာသင်ယူနေကြသည်။ ကွန်ပျူတာ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများကလည်း ကျောင်းသားများ၏ တီထွင်မှုများကို မြေတောင်မြှောက်ပေးနေပြီး နည်းပညာ ထုတ်ကုန်ပြပွဲများ ဖန်တီးပေးခြင်း၊ ပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ဖြင့် အားပေးနေသည်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်ဇော်ဝင်းထွန်းကမူ ကျောင်းခေါ်ချိန် ရာခိုင်နှုန်း ပြည့်မီခြင်း မရှိသဖြင့် စာမေးပွဲဝင်ခွင့် မရခဲ့သော်လည်း အောင်စာရင်းကို အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုနိုင်ရန်၊ ခုံနံပါတ် ရိုက်ထည့်ရုံဖြင့် စာမေးပွဲရလဒ်ကို သိရှိနိုင်ရန်အတွက် Web App တစ်ခုကို ဖန်တီးရေးဆွဲခဲ့သည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပယ်ချခံခဲ့ရပြီး ယင်း Web App အသက်မဝင်ခဲ့ပေ။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အောင်စာရင်းကို အွန်လိုင်းမှ ကြည့်ရှုနိုင်မည့် Web App ကို ဖန်တီးရေးဆွဲသူ ဒုတိယနှစ်ကျောင်းသား မောင်ဇော်ဝင်းထွန်းနှင့် တွေ့ဆုံပြီး App ဖန်တီးရေးဆွဲစဉ် ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ်ယောက် အနေနဲ့ ကွန်ပျူတာတက္ကသိုလ်ရဲ့ အောင်စာရင်းကို အွန်လိုင်းကနေ ကြည့်လို့ရအောင် လုပ်ပေးခဲ့တယ်လို့ သိရတယ်။ ဒီလိုလုပ်ပေးဖို့ ဘယ်လိုစိတ်ကူးရခဲ့သလဲ။ 

ZWH : မနှစ်က ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ် အောင်စာရင်းထွက်တဲ့ အချိန်မှာ ကျောင်းကမဟုတ်တဲ့ အပြင်က ကျွန်တော့် ဆရာတစ်ယောက်က ကွန်ပျူတာတက္ကသိုလ် အောင်စာရင်းကို ကျောင်းသားတွေ အကူအညီယူပြီး Web App တစ်ခု ရေးခဲ့ပါတယ်။ ကျောင်းသားတစ်ယောက်က စာမေးပွဲအောင် မအောင် သိချင်ရင် ခုံနံပါတ်ကို ရိုက်ပြီးရှာရုံပါပဲ။ အတော်လေး အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းကထုတ်ပြန်တဲ့ အောင်စာရင်း အချက်အလက်တွေက ကျောင်းပိုင် Facebook Page နဲ့ Website မှာ တင်ထားပေးပေမယ့် ဓာတ်ပုံတွေ ဖြစ်နေပါတယ်။ ကျောင်းသားတစ်ယောက်က သူအောင် မအောင် သိချင်ရင် ကျောင်းက ထုတ်ပေးထားတဲ့ အောင်စာရင်း ဓာတ်ပုံတွေထဲမှာ သူ့ခုံနံပါတ်ကို မနည်းရှာရပါတယ်။ အလွယ်တကူ ရှာလို့မရပါဘူး။ ဒါကြောင့် မနှစ်က လုပ်ခဲ့ဖူးတဲ့ ဒီလို App ကို နမူနာယူပြီး ပိုကောင်းတဲ့ App တစ်ခု ထုတ်ဖို့ စိတ်ကူးရခဲ့တာပါ။ မနှစ်က အပြင်က ကျွန်တော့်ဆရာ ရေးခဲ့တဲ့ App က Open-Source ပေးထားပါတယ်။ 

Voice : ဒီအောင်စာရင်းကို အွန်လိုင်းက ကြည့်လို့ရအောင် လုပ်ဖို့ကျတော့ အောင်စာရင်း အချက်အလက်တွေကို ကျောင်းကနေပေးဖို့ လိုလာတာပေါ့။ တောင်းတဲ့အခါ မရဘူးလို့ သိထားတယ် ဘယ်လိုကြောင့် မရတာလဲ။ 

ZWH : မနှစ်က အောင်စာရင်း အချက်အလက်တွေကို ကျောင်းကနေ မတောင်းဘဲ UCSY ကျောင်းသားတွေနဲ့ပဲ Data Entry လုပ်ပြီး ထည့်ခဲ့တယ်လို့ သိထားပါတယ်။ ယခုနှစ်လည်း မနှစ်ကလိုပဲ လုပ်ဖို့ရည်ရွယ်ထားပါတယ်။ အောင်စာရင်းအတွက် App ကို အဆင်သင့်ဖြစ်အောင် ပြင်နေတဲ့အချိန်မှာ ဆရာမတစ်ယောက်က ကျွန်တော်ရေးနေတာကို တွေ့သွားပြီး မော်ကွန်းထိန်းကို တင်ပြပေးခဲ့ပါတယ်။ မော်ကွန်းထိန်းက ကျွန်တော့်ကို ခေါ်တွေ့ပါတယ်။ ကျွန်တော့်ကို ခေါ်ယူတွေ့ဆုံတဲ့ မော်ကွန်းထိန်း နာမည်က ဒေါ်ခင်စောလင်းပါ။ သူက ကျွန်တော် ဒီလိုရေးထားတာသိတော့ ဝမ်းသာအားရနဲ့ အစစအရာရာ အကုန်ကူညီပေးပြီး ဒီကိစ္စကို တခြားဆရာ၊ ဆရာမတွေနဲ့ ဆွေးနွေးခိုင်းပါတယ်။ အောင်စာရင်း ထုတ်ပြန်ဖို့ တာဝန်ယူထားတဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းပိုင် Website ကို တာဝန်ယူထားတဲ့ ဆရာ၊ ဆရာမတွေအပြင် ပါမောက္ခတွေပါ လာရောက်ဆွေးနွေးပါတယ်။ တချို့ဆရာမတွေကတော့ စိတ်မဝင်စားဘဲ “ကြိုးစားလိုက်ပါဦး သားရယ်” ဆိုပြီး ထွက်သွားတဲ့ ဆရာမတွေလည်း ရှိတယ်။ အတော်များများ ဆရာမတွေက ကျွန်တော့် App ရဲ့ Security ကို စိုးရိမ်မကင်းတဲ့အတွက် Security ပိုင်းကို စစ်ဆေးပြီး စိတ်တိုင်းကျတော့မှ အောင်စာရင်းထွက်တဲ့ အချိန်မှာ ကျွန်တော့် App အတွက် Data ပို့ပေးမယ်လို့ တာဝန်ခံခဲ့ပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့ မနက် ၁၂ နာရီ အောင်စာရင်းထွက်တဲ့ အချိန်မှာ ကျောင်း Facebook Page နဲ့ Website တွေမှာ အောင်စာရင်းကို ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီကို အောင်စာရင်း Data တွေ ရောက်မလာခဲ့ပါဘူး။ ၂ နာရီအထိ စောင့်ပေမယ့် မရောက်လာခဲ့ပါဘူး။ အကြောင်းအရင်းက မော်ကွန်းထိန်း နောက်တစ်ယောက်ကနေ Data တွေကို မပို့ဖို့ စေခိုင်းထားတဲ့အတွက် မပို့တာလို့ ပြောပါတယ်။ မနက် ၆ နာရီမှ Data တွေ ရောက်လာပါတယ်။ အချိန်နဲ့ တစ်ပြေးညီ ထုတ်ရမယ့် App အတွက် အချိန် ၆ နာရီလောက် နောက်ကျပြီး ရောက်လာတဲ့အတွက် အတော်ကြီး အခက်အခဲ ဖြစ်သွားပါတယ်။

Voice : ဒီနှစ်စာမေးပွဲမှာ စာမေးပွဲဖြေခွင့် မရဘူးလို့ သိထားတယ်။ ဘာကြောင့်လဲ။ 

ZWH : ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်တဲ့အတွက် စာမေးပွဲ ဖြေဆိုခွင့် မရတာပါ။ 

Voice : ကျောင်းခေါ်ချိန် မပြည့်ဘူး။ ဒါပေမဲ့ ဒုတိယနှစ် ကျောင်းသားတစ်ယောက် အနေနဲ့ ဒီလို Project ကို လုပ်နိုင်တယ်ပေါ့လေ။ ဘယ်လိုပုံစံမျိုး လေ့လာခဲ့သလဲ။ 

ZWH : ကျွန်တော်ကိုယ်တိုင်က တော်တဲ့လူ မဟုတ်ပေမယ့် ကျောင်းက သင်တာတွေရယ် ပြီးတော့ Application တွေ ရေးရတာ ဝါသနာပါတဲ့အတွက် သေသေချာချာ လေ့လာလိုက်စားဖြစ်ခဲ့ပါတယ်။ အပြင်သင်တန်းတွေ တက်သလို Harvard မှာ သင်တဲ့ CS 50 / CS75 Course ကို Online ကနေ လေ့လာခဲ့ပါတယ်။ ကျောင်းခေါ်ချိန် မပြည့်ရတာလဲ Web အပိုင်းကို သေချာလုပ်ရင်း ဇောကပ်သွားတဲ့ အခါမျိုးရင် အတန်းမတက်ဖြစ်လို့ပါ။ ညဘက် Coding ရေးတဲ့အတွက် မနက်ကျ မထနိုင်လို့ပါ။ 

Voice : အောင်စာရင်း အချက်အလက်တွေကို ဖော်ပြမှာဆိုတော့ တစ်ဖက်က လုံခြုံရေးကြောင့် အချက်အလက်တွေ မပေးရဲတာမျိုးလား။ လုံခြုံရေးကို ဘယ်လောက်အထိ ထည့်လုပ်ထားလဲ။ စမ်းသပ်မှုတွေရော လုပ်ခဲ့လား။ 

ZWH : ကျွန်တော့် Project ကို ဆရာမတွေကို တင်ပြတဲ့အချိန်မှာ ကျွန်တော့်ကို ပြောတယ်။ အောင်စာရင်း Data တွေကို ပေါက်ကြားမှာ စိုးရိမ်တယ်။ အဲ့ဒါကြောင့် အောင်စာရင်း Data ကို ကြိုတော့မပေးချင်ဘူး။ ကျောင်းက ထုတ်ပြန်ပြီးမှ ပေးမယ် ပြောတယ်။ ကျွန်တော့် App အတွက်ကျတော့ အဲ့ဒါလည်း အဆင်ပြေပါတယ်။ Application Security ပိုင်းကို သေချာစနစ်တကျ ပြင်ဆင်ထားပါတယ်။ ဆရာမတွေက Application Security နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ လူတွေနဲ့ စမ်းသပ်တဲ့ အခါမှာလည်း အောင်မြင်ခဲ့ပါတယ်။ ဘာအမှားအယွင်းမှ မရှိပါဘူး။

Voice : ထားပါတော့ အွန်လိုင်းကနေ ကြည့်ဖို့ဆိုတဲ့ နေရာမှာ အောင်စာရင်းစာရွက်ကို တင်ပေးတာမျိုးလည်း ရနိုင်တာပဲလေ။ ဒီမှာကျတော့ ဘယ်လိုလုပ်ပေးထားသလဲ။ ဘာကြောင့် အဲ့ဒီလိုလုပ်ပေးချင်တာလဲ။ 

ZWH : စဉ်းစားကြည့်ရင် နည်းပညာကျောင်းတစ်ကျောင်း ဖြစ်လျက်နဲ့ အောင်စာရင်းကို Facebook မှာ ဓာတ်ပုံတွေအနေနဲ့ ထုတ်ပြန်တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ အောင်စာရင်းကို Web App မှာ ရိုက်ပြီး ရှာလို့ရရင် Smart လည်း ကျသလို မြန်လည်း မြန်သွားမယ်။ ကျောင်းသားတွေ အတွက်လည်း အရမ်းအဆင်ပြေသွားမယ်။ Facebook မှာကျတော့ ဟိုဟိုဒီဒီ သတင်းတွေနဲ့ ရောထွေးနေတဲ့အပြင် Facebook က Data တွေက ပြန်သုံးလို့မရ ပြန်ရှာလို့ မလွယ်ကူပါဘူး။ အောင်စာရင်းထွက်တဲ့အခါ ကိုယ့်ကျောင်း Website မှာ Smart ကျကျ ခုံနံပါတ်လေး ရိုက်ထည့်လိုက်တာနဲ့ အောင်မအောင် သိသွားတာမျိုး ဖြစ်စေချင်တယ်။ ကျောင်းက အခုလုပ်နေတဲ့ စနစ်အရတော့ Facebook က ဓာတ်ပုံတစ်ခုချင်းစီ ကြည့်ပြီး ကိုယ်အောင်လား မအောင်လား ကြည့်ရတာလည်း အရမ်းစိတ်ညစ်ဖို့ ကောင်းပါတယ်။ 

Voice : ကျောင်းတွေမှာ နောက်ပိုင်း Product Show တွေ လုပ်နိုင်လာတယ်။ နယ်ကျောင်းတွေဆိုလည်း လုပ်လာနိုင်ကြတယ်။ ဒါတွေက ကျောင်းရဲ့ အထောက်အပံ့တွေလို့ ပြောလို့ရမလား။ 

ZWH : ကျောင်းရဲ့ အထောက်အပံ့တွေလည်း ပေးပါတယ်။ ဒါပေမဲ့ မလုံလောက်ဘူးဗျ။ ကျွန်တော်တို့ Product Show လုပ်တုန်းက မော်ကွန်းထိန်း တီချယ် ဒေါ်ခင်စောလင်းရဲ့ အထောက်အပံ့တွေ အများကြီး ပါပါတယ်။ တချို့ကိစ္စတွေဆို ကိုယ်တိုင်စိုက်ပြီး လုပ်ပေးရှာတယ်။ ပြီးတော့ ကျောင်းမှာက အားပေးတဲ့ ဆရာမတွေ ရှိတယ်။ ဘာလို့ အဲ့လိုလုပ်ရတာလဲ ဆိုတော့ ကျွန်တော်လည်း အခုထိ အဖြေရှာတုန်းပဲ။ ကျွန်တော်တို့ကျောင်းမှာ နည်းပညာနဲ့ဆိုင်တဲ့ Club လေးတစ်ခု လုပ်ထားတယ်။ ကျွန်တော်တို့ နေ့လယ်ထမင်းစားချိန် တစ်နာရီပဲ အချိန်ရတယ်။ ကျန်တဲ့အချိန် လုပ်ချင်ရင်ကျွန်တော်တို့ အတန်းဖျက်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ရတာ အချိန်တစ်နာရီ။ ကျွန်တော်တို့ အချိန်မရောက်ခင် အဲ့ဒီအခန်းမှာ စာသင်ချိန်ရှိတယ်။ ၁၅ မိနစ် နောက်ကျမှ ဆင်းတယ်။ ပြီးရင် ၁၅ မိနစ်စောပြီး ဝင်တယ်။ ကျွန်တော်တို့မှာ အချိန်နာရီဝက်ပဲ ရှိတယ်။ ကျောင်းက ကျောင်းသားတွေကို ဒီထက်ပိုပြီး အထောက်အပံ့ ပေးသင့်ပါတယ်။

Voice : ကျောင်းက လက်မခံဘူး ဆိုတာက တခြားနာမည်နဲ့ ဖြစ်နေလို့လား။ ကျောင်းကို အပြီးပေးဖို့ရော စဉ်းစားညှိနှိုင်းတာမျိုး လုပ်ခဲ့သေးလား။ 

ZWH : မဟုတ်ပါဘူး။ ကျွန်တော်တို့ ကျောင်းနာမည်နဲ့ပဲ လုပ်တာပါ။ ဖြစ်စေချင်တဲ့ စေတနာလေးပဲ ရှိတာပါ။ အပြီးပေးဖို့ ဆိုတာက ကျွန်တော်ရေးကတည်းက ဘာအကျိုးမှ ယူချင်လို့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ Project ကို ပြကတည်းက သုံးမယ်ဆို ကျွန်တော် အားလုံး အပြီးပေးမယ်လို့ ပြောပါတယ်။ 

Voice : အခုမြင်နေရတာက Product တွေကို လူငယ်တွေ၊ ကျောင်းသားကျောင်းသူတွေ ကြိုးစားပြီး ရေးထုတ်တယ်။ ပြီးတော့ ဘာမှဆက်မဖြစ်တော့ဘူး။ ဘာမှားနေပြီလဲ။ 

ZWH : အောင်စာရင်း App ဖြစ်တဲ့အတွက် အချိန်အရမ်းနောက်ကျသွားတော့ ဘာမှ လုပ်မရတော့ပါဘူး။ အကျိုးသိပ်မထူးတော့ပါဘူး။ အဲ့ဒါကြောင့် App ကို မထုတ်တော့တာပါ။ ကျောင်းကသာ Data ကို အချိန်မီထုတ်ပေးခဲ့ရင် ဒီ Web App က ထွက်လာဦးမှာပါ။ တခြားကျောင်းတွေလည်း အားကျပြီး ဒီလို Web App တွေ လုပ်ချင်လာကြမှာပါ။ 

Voice : ပြည်တွင်းက နည်းပညာကဏ္ဍမှာ လူငယ်တွေ တကယ်ပါဝင်ခွင့် ရနေပြီလား။ အဲ့ဒီအပေါ် ဘယ်လိုအမြင် ရှိမလဲ။ 

ZWH : လူငယ်တွေ ပါဝင်ခွင့်က ရပါတယ်။ ဒါပေမဲ့ ရသင့်သလောက် မရဘူး။ အခုနောက်ပိုင်း ကျွန်တော်တို့ ကွန်ပျူတာကျောင်းသားတွေ သာမက တခြားကျောင်း IT Major က ကျောင်းသား၊ ကျောင်းသူတွေပါ နည်းပညာကဏ္ဍတွေမှာ တော်တော်များများ ပါဝင်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကိုယ့်လမ်းကိုယ်ဖောက်ရတာ ပိုများပါတယ်။ ဒီထက်ပိုပြီး လူငယ်တွေကို မြေတောင်မြှောက်ပေးသင့်ပါတယ်။ နေရာပိုပေးသင့်ပါတယ်။ 

Voice :  လူငယ်နည်းပညာသမား တစ်ယောက် အနေနဲ့ ဘာများဖြည့်စွက်ပြောဖို့ ရှိဦးမလဲ။ 

ZWH : လူငယ်တစ်ယောက် အနေနဲ့ ပြောချင်တာကတော့ အားလုံးကို ကြိုးစားစေချင်တယ်။ ကျောင်းစာမှာ သာမကဘဲ အပြင် Technology အကြောင်းတွေပါ လေ့လာစေချင်တယ်။ တချို့တွေဆို ကျောင်းစာမှ ကျောင်းစာ၊ ကျောင်းစာမှလွဲ၍ တခြားမသိ ဆိုတာမျိုးလည်း မဖြစ်စေချင်ဘူး။         

မောင်မန်း


ABOUT AUTHOR

(မောင်မန်း)