News

POST TYPE

IT

အက်ပဲလ်ကုမ္ပဏီထုတ် နည်းပညာပစ္စည်းများကို တရုတ်တွင် ဆန့်ကျင်သပိတ်မှောက်မှု အရှိန်မြင့်တက်၊ ကမ္ဘာတစ်ဝန်းရှိ တရုတ်လူမျိုးသာ တရုတ်ပစ္စည်းများကို ပိုမိုအားပေးလာကြောင်း ဝါဒဖြန့်
23-May-2019

ရှန်ဟိုင်း၊ မေ ၂၃

တရုတ်ဈေးကွက်တွင် အက်ပဲလ်ကုမ္ပဏီထုတ် နည်းပညာပစ္စည်းများကို ဆန့်ကျင်သပိတ်မှောက်မှု အရှိန်အဟုန် မြင့်တက်လာခဲ့ပြီဖြစ်ပြီး အမေရိကန်အစိုးရနှင့် အမေရိကန် နည်းပညာကုမ္ပဏီများက ဟွားဝေးကုမ္ပဏီကို ရည်ရွယ်ရှိရှိ တိုက်ခိုက်နေသည်ဟု ယူဆမှုများရှိလာအပြီးတွင် တရုတ်နိုင်ငံသားများက အက်ပဲလ်ကုမ္ပဏီထုတ် နည်းပညာပစ္စည်းများကို ဝယ်ယူအားပေးခြင်း မပြုတော့ဘဲ တန်ပြန်ဆန့်ကျင်လိုက်ကြခြင်းဖြစ်သည်ဟု South China Morning Post က ဖော်ပြထားသည်။

တရုတ်သတင်းမီဒီယာများသည် လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ တရုတ်လူမျိုးများမှာ တရုတ်နည်းပညာကုမ္ပဏီများက ထုတ်လုပ်သည့် ကုန်ပစ္စည်းများကိုသာ ပိုမိုအားပေးဝယ်ယူနေပြီဖြစ်ကြောင်း ဝါဒဖြန့်ရေးသားမှုများလည်းရှိနေပြီး ယခုကဲ့သို့ တရုတ်ဈေးကွက်တွင် တရုတ်လူမျိုးများ၏ အားပေးမှုကြောင့် ဝယ်လိုအားများ မြင့်တက်လာသည့်အတွက် လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းမှနေ၍ အမြန်ဆုံးရုန်းထွက် လွတ်မြောက်နိုင်လိမ့်မည်ဟု ဟွားဝေး အပါအဝင် အခြားသော တရုတ်နည်းပညာလုပ်ငန်းစုများက မျှော်လင့်ချက်များ ထားရှိနေကြပြီလည်းဖြစ်သည်။

အက်ပဲလ်နည်းပညာကုမ္ပဏီသည် လက်ရှိ သီတင်းပတ်အတွင်း တရုတ်ဈေးကွက်၌ ဝယ်လိုအား ၂၀ ရာခိုင်နှုန်း လျော့ကျသွားသည့် အခြေအနေကို ရင်ဆိုင်လိုက်ရပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တွက်ချက်ကြည့်မည်ဆိုပါက ဝယ်လိုအားပမာဏ ၃၀ ရာခိုင်နှုန်း လျော့ကျသွားသည်ကို အက်ပဲလ်က ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။

တရုတ်သည် အက်ပဲလ်နည်းပညာကုမ္ပဏီအတွက် ဒုတိယမြောက် အရေးအပါဆုံး ဈေးကွက်ဖြစ်နေပြီး ယခုကဲ့သို့ တရုတ်လူမျိုးများက ဆက်လက် ဆန္ဒပြသပိတ်မှောက်နေမည်ဆိုပါက လာမည့် လအနည်းငယ်အတွင်း၌ပင် တရုတ်ဈေးကွက်မှနေ၍ အင်ပဲလ်၏ဝင်ငွေရရှိမှုမှာ စံချိန်တင် လျော့ကျသွားဖွယ်ရှိနေပြီလည်းဖြစ်သည်။

E-11