News

POST TYPE

IT

Android လိုင်စင်ရုပ်သိမ်းခံရအပြီးမှာ Huawei ဖုန်းတွေ ဘာဆက်ဖြစ်မလဲ
21-May-2019



အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်နည်းပညာကုမ္ပဏီတွေအပေါ် အမေရိကန်အစိုးရရဲ့ နှိပ်ကွပ်မှုဟာ ဇာတ်ရှိန်အမြင့်ဆုံးရောက် လာပါပြီ။ ဂူးဂဲလ်ကုမ္ပဏီက ဟွားဝေကုမ္ပဏီရဲ့ လိုင်စင်ကို ရုပ်သိမ်းလိုက်တာကြောင့် အစောပိုင်းကတည်းက အမေရိကန်ရဲ့ ချောင်ပိတ် တိုက်ခိုက်ခံနေရတဲ့ ဟွားဝေအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ရပ်လို့ ဆိုရမှာပါ။ ဂူးဂဲလ်ဟာ ဟွားဝေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ ရပ်စဲလိုက်တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ အမိန့်အရဆောင်ရွက်ရတာဖြစ်တယ်လို့ ဂူးဂဲလ်ပြောခွင့်ရပုဂ္ဂိုလ်က The Verge သတင်းဌာနကို အတည်ပြုပါတယ်။ အမေရိကန် အစိုးရရဲ့ ခွင့်ပြုချက်မရဘဲ အမေရိကန်ကုမ္ပဏီတွေဆီကနေ နည်းပညာဝယ်ယူပိုင်ခွင့်မရှိတဲ့ အစုအဖွဲ့စာရင်းမှာ ဟွာဝေးကို ထည့်သွင်းဖို့ အမေရိကန် စီးပွားကူးသန်းဌာနက မကြာသေးမီက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိဟွားဝေဖုန်း (နိုင်ငံတကာကိုဖြန့်တဲ့ အလုံးတွေ၊ ပြည်တွင်းအလုံးမပါ) တွေမှာတော့ Google Play နဲ့ Google Play Protect ရဲ့ လုံခြုံရေးအကာအကွယ်ဆက်ရနေမှာဖြစ်တယ်လို့ ဂူးဂဲလ်က အတည်ပြုပါတယ်။ ဒါကြောင့် အခုဆုံးဖြတ်ချက်ဟာ လက်ရှိကမ္ဘာ တစ်လွှားမှာသုံးနေတဲ့ ဟွားဝေဖုန်းတွေအပေါ်မှာ သက်ရောက်မှာမဟုတ်ပေမယ့် ဒီဖုန်းတွေ နောင် Update ရ၊ မရနဲ့ နောင် အသစ်ထုတ်သမျှ ဟွားဝေဖုန်းတွေမှာ အန်းဒရွိုက်စနစ်ကို ဆက်သုံးဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်ကတော့ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

လက်ရှိသိရသမျှတော့ ဟွားဝေဟာ Android Open Source Project (AOSP) ကိုပဲ သုံးစွဲဖို့ ကန့်သတ်ခံလိုက်ရပြီဖြစ်ပြီး တရုတ်ကလွဲလို့ ကျန် တစ်ကမ္ဘာလုံးမှာရောင်းတဲ့ အန်းဒရွိုက်ဖုန်းတိုင်း မပါ မဖြစ်ပါဝင်ရမယ်လို့ အများလက်ခံထားတဲ့ ဂူးဂဲလ် အက်ပလီကေးရှင်းတွေနဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲခွင့်ရတော့မှာ မဟုတ်ပါဘူး။ 

အန်းဒရွိုက်စနစ်ရဲ့ နောက်ဆုံး အပြောင်းအလဲနဲ့ Update တွေကို ဂူးဂဲလ်ကပဲ ဖန်တီးတာဖြစ်ပြီး အဲဒါတွေပြီးမှ Source Code ကို AOSP အဖြစ် လွတ်လွတ်လပ်လပ် သုံးနိုင်အောင် ထုတ်ပေးတာ ဖြစ်ပါတယ်။ အဲဒါကိုမှ Original Equipment Manufacturer (OEM) လို့ခေါ်တဲ့ ပင်ရင်းမူလ ကိရိယာပစ္စည်းထုတ်လုပ်သူတွေဖြစ်တဲ့ ဆိုနီတို့၊ ဆမ်ဆောင်းတို့၊ ဟွားဝေတို့က သူတို့ ဟာ့ဒ်ဝဲ (ဖုန်းတွေ၊ သင်ပုန်းကွန်ပျူတာတွေ) မှာ လိုသလိုမွမ်းမံဖန်တီးပြီး သုံးတာဖြစ်ပါတယ်။ ဒါပေမဲ့ Source Code မှာ အဓိက ဟာ့ဒ်ဝဲအစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ ဂူးဂဲလ်ရဲ့ မူပိုင် Proprietary Device Drivers တချို့ မပါပါဘူး။ ဒါကြောင့် Pure Android ဆိုပြီး OEM ဘက်က ဘာဆော့ဖ်ဝဲမှ ထပ်မထည့်ဘဲ အန်းဒရွိုက် သန့်သန့်ထုတ်တယ်ဆိုတဲ့ ဖုန်းတွေမှာတောင် ဂူးဂဲလ်ရဲ့ မူပိုင်ဆော့ဖ်ဝဲတွေ ထည့်သုံးရပါတယ်။ ဆိုလိုတာက ဂူးဂဲလ်က Open Source ပြောပေမယ့် အညှာကိုတော့ ကိုင်ထားတဲ့သဘောပါ။

အန်းဒရွိုက်ဖုန်းဖြစ်ပြီး ဂူးဂဲလ်ဝန်ဆောင်မှုတွေ မပါရင် သုံးရဘယ်လောက် အဆင်မပြေဘူးဆိုတာ သိကြမှာပါ။ တရုတ်မှာက ဂူးဂဲလ်ဝန်ဆောင်မှုတွေ အသုံးပြုခွင့် ကန့်သတ်ခံထားရပေမယ့်သူ့ အစားထိုး ဝန်ဆောင်မှုနဲ့သူ ဖန်တီးထားပြီး အဆင်ပြေကြပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက်ကျတော့ ဂူးဂဲလ်ဝန်ဆောင်မှုမပါတဲ့ အန်းဒရွိုက်ဖုန်းဆိုတာ တော်တော်အဆင် မပြေတဲ့ပစ္စည်းတစ်ခုပါ။ ဒီမှာ China ROM နဲ့လာတဲ့ တရုတ်ဟွားဝေ၊ ရှောင်းမီဖုန်းတွေကို ဂူးဂဲလ်ဆားဗစ်ရအောင်ထည့်သုံးကြပေမယ့် အဲဒါဟာ အခုအထိ အဆင်ပြေနေသေးပေမယ့် နောင် အဆင်ပြေပါတော့မလားဆိုတာ မသေချာပါဘူး။

နောက်တစ်ချက်က ဟွားဝေဟာ ဂူးဂဲလ်က AOSP ထုတ်ပေးမှ Security Updates တွေ ထုတ်နိုင်မှာဖြစ်တဲ့အတွက် နောင်ကို ကိုယ်ပိုင် Update System တစ်ခုသုံးရမှာဖြစ်ပြီး ဒါဟာ ဟွားဝေအတွက် ပြိုင်ဘက်တွေထက် နောက်ကောက်ကျစရာ အကြောင်းရင်းဖြစ်လာနိုင်ပါတယ်။ 

အမေရိကန်အစိုးရနဲ့ သမ္မတဒေါ်နယ်ထရမ့်ဟာ ဟွားဝေကို တောက်လျှောက်ဖိအားပေးခဲ့ပြီး အစောပိုင်းမှာ အမေရိကန်ဆက်သွယ်ရေးကွန်ရက်တွေကို တရုတ်က ထောက်လှမ်းထိန်းချုပ်မှာ စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟွားဝေပစ္စည်းအသုံးပြုခွင့်ပိတ်ခဲ့ပါတယ်။ 

ဟွားဝေဟာ တရုတ်အစိုးရလက်တံဖြစ်တဲ့အတွက် ဟွားဝေနဲ့ ZTE ကထုတ်တဲ့ နည်းပညာပစ္စည်းတွေ သုံးစွဲမှုနဲ့ပတ်သက်ပြီး သတိပြုဖို့ အမေရိကန် ထောက်လှမ်းရေးက သတိပေးခဲ့အပြီးမှာ ဒီလိုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ ကမ္ဘာမှာ 5G ကွန်ရက်ကို အကျယ်ပြန့်ဆုံးနဲ့ အင်အားအကောင်းဆုံး ဖြန့်ကြက်နိုင်ဖို့ အသင့်ဖြစ်နေတဲ့ ဟွားဝေကို ရည်ရွယ်ချက်ရှိရှိ ဆော်ထည့်လိုက်တာလို့လည်း ဆိုကြပါတယ်။ ဒီနှစ်ချက်စလုံး မှန်ဖို့များပါတယ်။

အခုအခါမှာတော့ ဟွားဝေရဲ့ အဓိက စီးပွားရေး ဖြစ်တဲ့ မိုဘိုင်းလ်ဖုန်းဈေးကွက်ကိုပါ ဆော်ထည့်လိုက် တာဖြစ်ပါတယ်။ ဟွားဝေက ဒီလိုခံရမယ်ဆိုတာ မှန်းဆထားတဲ့အတွက် ကိုယ်ပိုင် OS တစ်ခုကို ပြင်ဆင်နေခဲ့တာကြာပါပြီ။ ဒါပေမဲ့ အမေရိကန်က ဟွားဝေ ဟာ့ဒ်ဝဲတောင် လက်မခံတဲ့အချိန်မှာ ဟွားဝေဆော့ဖ်ဝဲနဲ့ထုတ်တဲ့ဖုန်းကို အဝင်တောင်ခံမယ်မထင်ပါဘူး။ ဟွားဝေအနေနဲ့ အမေရိကန်နဲ့ ဆက်စပ်တဲ့ အနောက်နိုင်ငံတွေကို မထိုးဖောက်နိုင်ရင် တရုတ်ပြည်နဲ့အိမ်နီးချင်းနိုင်ငံတွေလောက်ကိုပဲ ဖြန့်ရတဲ့ဘဝရောက်သွားနိုင်ပါတယ်။ တရုတ်အစိုးရ နောက်ခံရှိတယ်ဆိုတဲ့ ဟွားဝေအနေနဲ့ အလွယ်တကူ ပြိုလဲမှာမဟုတ်ပေမယ့် စီးပွားရေးအရ အကြီးအကျယ်အထိနာမယ့် ထိုးနှက်ချက်ကို ရင်ဆိုင်လိုက်ရပြီလို့ ဆိုနိုင်ပါတယ်။ 

ဟွားဝေဖုန်းသုံးသူများအတွက်တော့ လတ်တလောမှာ အန်းဒရွိုက်စနစ်နဲ့ ဝန်ဆောင်မှုတွေကို ဆက်သုံးနိုင်ဦးမှာဖြစ်တဲ့အတွက် ချက်ချင်းလက်ငင်း အခက်အခဲကြုံစရာတော့ မရှိသေးပါဘူး။

ZWN