News

POST TYPE

IT

Secret Crush ချိန်းဆိုတွေ့ဆုံသည့် Feature အသစ်တစ်ခု ဖေ့စ်ဘွတ်ခ်တွင်ပါဝင်လာတော့မည်
01-May-2019


နယူးယောက်၊ မေ ၁

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာသည့် ချိန်းဆိုတွေ့ဆုံသည့် Dating ကဲ့သို့သော ဝန်ဆောင်မှုတစ်ရပ်ကို ဆောင်ရွက်ပေးမည့် Feature သစ်တစ်ခုကို ၎င်းတို့၏လူမှုကွန်ရက်တွင် ထည့်သွင်းတော့မည်ဖြစ်ပြီး ယင်းဝန်ဆောင်မှုမှာ ပုဂ္ဂလိက (Private) သီးသန့်ဆန်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဖေ့စ်ဘွတ်ခ် အသုံးပြုသူသည် Secret Crush Feature ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ပါက Crush List တွင် မိမိသဘောကျသူ ကိုးဦးထည့်နိုင်မည်ဖြစ်ပြီး မိမိနှင့်အတူ မိမိ၏Crush List တွင် ပါဝင်သူများကလွဲ၍ အခြားမည်သူကမျှ ယင်းကိစ္စကို မသိရှိနိုင်စေရန် ဖေ့စ်ဘွခ်က အချက်အလက်ပိုင်းဆိုင်ရာ ကာကွယ်ပေးထားမည်ဖြစ်သည်။

တစ်စုံတစ်ဦးက မိမိကို ၎င်း၏ Crush List တွင် ထည့်သွင်းလိုက်ပါကလည်း Notifications တွင် သတိပေးချက် ပေါ်လာမည်ဖြစ်ပြီး မိမိကို Crush List ထဲ ထည့်သွင်းလိုက်သူကို မိမိဘက်ကလည်း သဘောကျသည်ဆိုပါက Messenger ကတစ်ဆင့် သွားရောက်စကားပြောဆိုနိုင်လိမ့်မည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ရှင်းပြသွားခဲ့သည်။

ဖေ့စ်ဘွတ်ခ်သည် လက်ရှိတွင် Facebook Dating အသုံးပြုခွင့်ကို နိုင်ငံပေါင်း ၁၄ နိုင်ငံ ထပ်တိုးခွင့်ပြုလိုက်ပြီဖြစ်ပြီး ယင်းနိုင်ငံများမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ လာအို၊ ဘရာဇီး၊ ပီရူး၊ ချီလီ၊ ဘိုလီးဗီးယား၊ အီကွေဒေါ၊ ပါရာဂွေး၊ ဥရုဂွေး၊ ဂူယာနာနှင့် ဆူရီနိမ်းတို့ဖြစ်ကြသည်။

Facebook Dating အသုံးပြုခွင့်ကို ယခုမတိုင်မီတွင် ကိုလံဘီယာ၊ ထိုင်း၊ ကနေဒါ၊ အာဂျင်တီးနားနှင့် မက္ကဆီကိုတို့သာ ရရှိထားခဲ့ပြီး အမေရိကန် ပြည်ထောင်စုတွင်မူ Facebook Dating အသုံးပြုခွင့်ကို လက်ရှိ ၂၀၁၉ ခုနှစ် နှစ်ကုန်ခါနီးအချိန်တွင် ရရှိနိုင်လိမ့်မည်ဟု ဖေ့စ်ဘွတ်ခ်က သတင်းထုတ်ပြန်ထားသည်။

E-11