News

POST TYPE

IT

သက်သေခံကတ်ပြားတစ်ခုဖြင့် ဆင်းမ်ကတ် နှစ်ခုထက် ပိုပြီးမှတ်ပုံမတင်ရန်ကန့်သတ်
23-Mar-2019

ရန်ကုန်၊ မတ် ၂၃ 

လာမည့် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မိုဘိုင်းလ်ဆင်းမ်ကတ်များ ဝယ်ယူမှတ်ပုံတင်ရာတွင် သက်သေခံကတ်ပြားတစ်ခုခုဖြင့် ဆင်းကတ်နှစ်ခုထက် ပိုမို မှတ်ပုံတင်ထားပါက ပိုမိုမှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်အသစ်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းအပြင် ဧပြီလ ၁ ရက်နေ့မှစပြီး သက်သေခံကတ်ပြားတစ်ခုခုဖြင့် အများဆုံး ဆင်းမ်ကတ်နှစ်ခုကိုသာ ဝယ်ယူစေရေးလည်း စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လက်ရှိအချိန်တွင် နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်ခုတည်းဖြင့် ဆင်းမ်ကတ် အမြောက်အမြား မှတ်ပုံတင်ပြီး အခြားသူများအား တစ်ဆင့် ပြန်လည်ရောင်းချနေမှုများ ဖြစ်ပေါ်လာသဖြင့် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက မိုဘိုင်းလ်ဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များအား လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူ လုံခြုံရေးကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန်၊ ဆင်းမ်ကတ် ပျက်စီးပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည် ရရှိသုံးစွဲနိုင်ရန်တို့အတွက် ဆင်းမ်ကတ်များကို စနစ်တကျ မှတ်ပုံတင်၍ သုံးစွဲရန် အများပြည်သူသို့ အသိပေးကြေညာခဲ့ပြီး ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို ၂၀၁၆ ခုနှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်စေခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် သုံးစွဲသူများသည် ဖွံ့ဖြိုးလာသည့် ဆက်သွယ်ရေးဈေးကွက် အခြေအနေအရ ဆင်းမ်ကတ်များကို ဖုန်းခေါ်ဆိုခြင်းအပြင် အင်တာနက် အသုံးပြုရန်အတွက် မိုဘိုင်းလ် ဟန်းဆက်များနှင့် ဝိုင်ဖိုင်စက်များတွင် ဆင်းမ်ကတ်များကို အသုံးပြုနေကြပြီး ယင်းသို့ ကန့်သတ်လိုက်ခြင်းသည် လုံးဝ မဖြစ်သင့်သည့်ကိစ္စဖြစ်ကြောင်း အိုင်တီပညာရှင် ဦးဇော်ဇော်မျိုးလွင်က ပြောကြားသည်။

“သူတို့ထုတ်ပြန်သလို နှစ်ခုထက်ပိုနေတဲ့ ဆင်းမ်ကတ်ကိုဖျက်ပါပြီတဲ့၊ ဘယ်ဟာကိုလိုင်းပိတ်မှာလဲ။ အူရီဒူးလား၊ MPT လား။ အော်ပရေတာတွေဆီကနေ Active ဖြစ်နေတဲ့ ဆင်းမ်ကတ်တွေကို စိစစ်ပြီး လုပ်လို့ရတဲ့ကိစ္စပါ။ စားသုံးသူက သူ့အချက်အလက်တွေနဲ့ ဒီဆင်းမ်ကတ်တွေအပေါ်မှာ တာဝန်ခံမယ်ဆိုရင်ပြီးပြီလေ”ဟု ၎င်းကဆိုသည်။

လတ်တလောတွင် နိုင်ငံသားစိစစ် ရေးကတ်ပြားတစ်ခုဖြင့် ဆင်းမ်ကတ် အမြောက်အမြားကို မှတ်ပုံတင်ပြီး အခြားသူများကို တစ်ဆင့် ပြန်လည်ရောင်းချလျက်ရှိကြပြီး မိမိတို့၏အမည်ဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူသုံးစွဲနေခြင်းသည် အစိုးရက မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူ လုံခြုံရေးကို ထိရောက်စွာ အကာအကွယ်ပေးရန် ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ လုပ်ဆောင်မှုသည် လက်ရှိအချိန်တွင် အများပြည်သူ လုံခြုံရေးအတွက် လုပ်သင့်သည့်အရာ တစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်များ ဖြန့်ချိရောင်းချနေသော ကုမ္ပဏီများနှင့် ဆိုင်များကို ကြပ်ကြပ်မတ်မတ် မလုပ်ဆောင်နိုင်ပါက အဆိုပါလုပ်ဆောင်မှုသည် ရေတိုဖြေရှင်းနည်းတစ်ခုသာဖြစ်နိုင်ကြောင်း ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ သုံးသပ်ချက်ဆောင်းပါးများ ရေးသားနေသူ မောင်မိုးဇွန်က ပြောကြားသည်။

“အဓိကက ရောင်းချတဲ့ဆိုင်တွေကို သေချာစစ်ဆေးမှုတွေ ကြပ်ကြပ်မတ်မတ် မလုပ်ဘူးဆိုရင် နောက်လည်း ပြန်ဖြစ်လာဦးမှာပဲလေ။ ဆင်းမ်ကတ် သေချာမှတ်ပုံမတင်လို့ ကောင်းကျိုးဆိုးကျိုးခံဖူးတဲ့သူလောက်သာ ဒီကိစ္စကို အလေးထားကြတာ”ဟု ၎င်းကဆိုသည်။

J-01