News

POST TYPE

IT

Smart Township ပရောဂျက် ဖန်တီးသူများနှင့်တွေ့ဆုံခြင်း
05-Mar-2019
“ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တဲ့ စနစ်ကို idea ပေးချင်တာပါ”



ပြည်တွင်း၌ လူငယ်နည်းပညာကျောင်းသားများက နည်းပညာဆန်းသစ်တီထွင်မှုများကို ဖန်တီးဆန်းသစ်လျက်ရှိသည်။ အဘက်ဘက်မှ အခက်အခဲများရှိသော်လည်း ရနိုင်သမျှ အထောက်အပံ့နှင့် အခွင့်အရေးကို အသုံးချပြီး နည်းပညာဖန်တီးတီထွင်မှုများကို ကြိုးစားလုပ်ကိုင်နေကြရခြင်းဖြစ်သည်။ ယင်းသို့ဖန်တီးတီထွင်မှုများ ပြုလုပ်နေသူများအနက်မှ ကွန်ပျူတာတက္ကသိုလ် (မအူပင်) မှ နောက်ဆုံးနှစ်ကျောင်းသားများ၏ Smart Township Project နှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းကာ ပြန်လည်ဖော်ပြအပ်ပါသည်။ 

Voice : ပထမဆုံးအနေနဲ့စပြီး မေးချင်တာကတော့ Smart City ကို ကွန်ပျူတာတက္ကသိုလ် (မအူပင်) Product Show 2019 မှာ ပြဖြစ်တဲ့စိတ်ကူးပါ။ ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာလဲ။
Smart Township : ကျွန်တော် ဒီ Smart Township ပရောဂျက်ကို လုပ်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တဲ့စနစ်ကို Idea ပေးချင်တာပါ။ ကျောင်းက Product Show မှာ ပြဖြစ်တာကတော့ ညီငယ်၊ ညီမငယ်တွေအနေနဲ့ တိုးတက်လာတဲ့ နည်းပညာကို စိတ်ဝင်စားလာအောင် တီထွင်ဖန်တီးလိုစိတ်ရှိလာအောင်ပါ။ ပြီးတော့ Product Show ကို ဌာနဆိုင်ရာ အကြီးအကဲတွေ လာရောက် ကြည့်ရှုကြတဲ့အတွက် ကျွန်တော်တို့ Product ရဲ့ Idea ကို သိသွားစေချင်လို့ပါ။

Voice : ဒီပရောဂျက်ရဲ့ အဓိကလုပ်ဆောင်ချက်တွေကရော ဘာတွေပါမလဲ။
Smart Township : ဒီပရောဂျက်မှာပါဝင်တဲ့ စနစ်အကုန်လုံးကိုတော့ Arduino ကို အခြေခံပြီးလုပ်ထားတာပါ။ မြို့အဝင် Toll Gate မှာ ပါဝင်တဲ့ စနစ်ကတော့ Rfid Card နဲ့ ဂိတ်ကြေးပေးပြီး ဝင်ရတာပါဝင်တဲ့ ကားအရေအတွက်ကိုလည်း မှတ်သားထားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မီးပွိုင့် စနစ်ဖြစ်ပါတယ်။ Delay နဲ့ Auto အလုပ်လုပ်တာပါ။ အဲ့မှာ ထပ်ပြီးတော့ CCTV လိုမျိုး ပစ္စည်းတစ်ခုခုကို ထားမယ်။ Traffic Light ကိုလည်း GSM Module နဲ့ ဌာနကနေ လှမ်းထိန်းချုပ်နိုင်ပါလိမ့်မယ်။ Traffic အခြေအနေကိုလည်း သိနိုင်ပါလိမ့်မယ်။ ဒါကတော့ စဉ်းစားမိတာပြောပြတာပါ။
နောက်တစ်ခုက လမ်းမီးစနစ်ပါ။ စိတ်ငြိမ်ရပ်ကွက်တွေ၊ အထူးသဖြင့် လမ်းသွားလမ်းလာ သိပ်မရှိတဲ့လမ်းတွေ၊ အဲ့လိုလမ်းတွေမှာ မီးတွေအဆက်မပြတ် ထွန်းထားမယ်ဆိုရင် စွမ်းအင်ဖြုန်းတီးသလို ဖြစ်နေတယ်လေ၊ နဂိုတည်းက ကိုယ့်နိုင်ငံမှာ လျှပ်စစ်ကပေါ် ပျောက်ဖြစ်နေတာ ဆိုတော့ အဲ့စနစ်ကို စမ်းလုပ်ကြည့် ထားတာပါ။ ဒီစနစ်မှာတော့ လူ၊ ကား တစ်ခုခုလာမှ ကြိုမြင်ရအောင် မီးလင်းပေးမှာဖြစ်ပါတယ်။ ကျန်အချိန်တွေမှာတော့ လင်းနေမှာမဟုတ်ပါဘူး။ 
နောက်ဆုံးတစ်ခုကတော့ ရထားလမ်းနဲ့ ကားလမ်းဆုံရာမှာ Gate တစ်ခု ထားပေးမှာ ဖြစ်ပါတယ်။ ဂိတ်နားကို ရထားဖြတ်ခါနီးရင် ဂိတ်ကို ပိတ်ပေးမှာ ဖြစ်ပြီးတော့ ဂိတ်ကို ကျော်သွားမှ ပြန်ဖွင့်ပေးမှာပါ။ နောက်တစ်ချက်က ရထားအပိုင်းပါ။ ကျွန်တော် ဒီ Project မှာတော့ ရထားလမ်းပေါ်မှာ အတားအဆီး တစ်ခုခုတွေ့ရင် ရပ်အောင်လုပ်ထားပါတယ်။ ဒါပေမဲ့ အဲ့ဒါ ကျွန်တော် အရစ်ခံရဆုံးအပိုင်းပေါ့။ ရထားက တန့်ခနဲနေအောင် ရပ်လို့မရဘူးပေါ့၊ ဟုတ်ပါတယ်။ ဒီစနစ်က လက်တွေ့မှာ သုံးလို့မရပါဘူး။ ရထားရပ်နိုင်မယ့် အကွာအဝေးထက် အာရုံခံနိုင်တဲ့ Sensor မျိုးဆိုရင်တော့ ရပါလိမ့်မယ်။ နောက်တစ်နည်းကတော့ Accident ဖြစ်နိုင်ခြေရှိတဲ့ ဂိတ်နားတွေ၊ တောင်ကြားလိုနေရာတွေ အဲ့နားတွေမှာ Sensor တစ်ခုခုထားမယ်၊ GSM module တို့ပါထားမယ်၊ ရထားလမ်းမှာ အတားအဆီးတွေ့မယ်ဆိုရင် ရထားကို နေရာနဲ့တကွmessage ပို့မယ်ဆိုရင် ရထားရပ်ရမယ့် အကွာအဝေးရောက်ရင် ရပ်နိုင်ပါလိမ့်မယ်။ ဒါကတော့ Idea ထပ်ပေးတာပါ။

Voice : အဓိကအားဖြင့်တော့ မြန်မာနိုင်ငံနဲ့ Smart City ဆိုတာ နည်းနည်းအလှမ်းဝေးနေသလားလို့။ ဒီအပေါ်မှာ ဘယ်လိုအမြင်ရှိမလဲ။
Smart Township : ဝေးနေတယ် ဆိုတာထက် လမ်းစကို မတွေ့သေးတာပါ။ နောက်တော့ ဖြစ်လာမယ်လို့ မျှော်လင့်ရတာပဲ။

Voice : ဒါနဲ့ ဒီ Smart City ပရော့ဂျက်ကို မအူပင်အတွက်လို့ စိတ်ကူးခဲ့တာလား။
Smart Township : စိတ်ကူးတာတော့ မြို့တိုင်းသုံးနိုင်စေချင်တာပါ။ သုံးမယ်ဆိုရင် ဒီထက်ပိုကောင်းအောင် လုပ်ရဦးပါမယ်။

Voice : ဒီမှာ တွေ့ရတာတော့ ရထားလမ်း၊ မီးပွိုင့်နဲ့ လမ်းမီးစနစ်တွေ။ ဒါတွေအတွက်ကို အလိုအလျောက် ထိန်းချုပ်ဖို့အတွက်ကို လက်တွေ့မှာ အသုံးချမယ်ဆိုရင်ရော ကုန်ကျစရိတ်တွေ၊ ဘာတွေက ဘယ်လောက်ရှိမယ်လို့ လေ့လာထားသလဲ။ 
Smart Township : ကျွန်တော်သုံးထားတဲ့ စနစ်တွေထဲမှာ အများစုက Sensor တွေ သုံးထားတယ်။ လက်တွေ့မှာသုံးမယ်ဆိုရင် ပိုကောင်းတဲ့ Sensor  တွေ Device တွေ သုံးရမယ်။ ကုန်ကျစရိတ်တွက်ဖို့ကျတော့ အဆင်မပြေဘူးဗျ။

Voice : ဒီလို ပရောဂျက်မျိုးကို ကျောင်းတော်တော်များများရဲ့ ပွဲတွေမှာတွေ့ရလေ့ရှိတယ်။ တကယ်တမ်း အကောင်အထည်ဖော်ဖို့အတွက်ကျတော့ရော ဘယ်လိုအခက်အခဲတွေရှိလာနိုင်လဲ။
Smart Township : အပြင်မှာသုံးမယ်ဆိုရင်တော့ Sensor အသုံးများတဲ့ Project တွေက Powerful ဖြစ်တဲ့ Device တွေ သုံးနိုင်မှရမယ်။ တချို့ Project တွေကတော့ လက်တွေ့မှာ တစ်ခါတည်း အသုံးပြုလို့ရတယ်။ ဥပမာ - Bluetooth နဲ့ မီးဖွင့်တာမျိုးတို့လိုပေါ့။

Voice : ကျောင်းတွင်းပြပွဲတွေက လူငယ်တွေရဲ့ နည်းပညာဖန်တီးနိုင်မှုကို ဘယ်လောက်အထိ မြှင့်တင်ပေးနိုင်မယ်လို့ ထင်လဲ။
Smart Township : ဒီလိုပွဲတွေ လုပ်ပေးခြင်းက ကျောင်းသားလူငယ်တွေအတွက် ဖန်တီးလိုစိတ် ရှိလာစေပါတယ်။ အဓိကကတော့ ပြပွဲမှာ လုပ်ငန်းရှင်တွေလည်း လာရောက်ကြည့်ရှုကြတဲ့အတွက် သူတို့ရဲ့ Product ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်လာကြတယ်။ ဖန်တီးလာကြတယ်။ အတွေ့အကြုံ၊ ယုံကြည်မှုတွေပါ တိုးတက်လာပါတယ်။

Voice : ကျောင်းသားလူငယ်တွေ တီထွင်ဖန်တီးနိုင်မှုတွေ အများကြီးလုပ်လာနိုင်ဖို့အတွက်ရော ဘယ်လို အထောက်အပံ့တွေလိုမလဲ။
Smart Township : product တွေ များများထွက်ဖို့က ထောက်ပံ့မှုတွေလိုအပ်ပါသေးတယ်။ ပြင်ပအကူအညီတွေ၊ ကျွမ်းကျင်တဲ့ ဆရာတွေရဲ့ Knowledge Sharing တွေ၊ ကျောင်းတွင်း အကူ အညီတွေပေါ့။ အဓိကကတော့ Develop လုပ်ဖို့ ဘတ်ဂျက်ပေါ့။

Voice : လက်ရှိလုပ်ခဲ့တဲ့ ပရောဂျက် အပေါ်မှာရော ကျေနပ်မှုရှိသလား။ ဘာတွေထပ်ပြီး ဖြည့်ချင်သေးလဲ။ ပြီးတော့ တခြားရော ဘာတွေလုပ်ဖို့ စိတ်ကူးထားတာရှိသလဲ။
Smart Township : ကျေနပ်မှုတော့ သိပ်မရှိသေးဘူး။ လုပ်ချင်ပေမယ့် မလုပ်နိုင်တဲ့ အပိုင်းတွေ ရှိနေသေးတယ်။ CCTV နဲ့ Traffic ကိုကြည့်ပြီး Traffic Light ကို Control လုပ်ဖို့တော့ စိတ်ကူးထားပါတယ်။

Voice : အချုပ်အားဖြင့် ပြန်ပြောရရင်တော့ ကျောင်းမှာ နည်းပညာထုတ်ကုန်ပြပွဲတွေ ကျင်းပပေးလာတာကြောင့် လူငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်မှုတွေ၊ စိတ်ကူးတွေကို ပြသခွင့်တော့ ရလာတာပေါ့။ ဒါပေမဲ့ လက်တွေ့နယ်ပယ်ကိုအထိ ဆက်ပြီးသွားနိုင်ဖို့ ဘာတွေဆက်ပြီး လုပ်ဆောင်သွားဖို့ လိုအပ်မလဲ။
Smart Township : အဲဒါကတော့ ပြင်ပလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်မှုတွေလိုအပ်လိမ့်မယ်။ ပြီးတော့ တီထွင်ဖန်တီးထားတဲ့ Product တွေကို သေသေချာချာ လာရောက်လေ့လာပေးစေဖို့တော့ လိုအပ်တယ်လို့ ထင်တယ်။ အကြီးအကဲတွေအနေနဲ့ လာပြီးအပေါ်ယံကြည့်သွားရင် လုပ်ထားတဲ့ လူငယ်တွေအနေနဲ့ စိတ်ဓာတ်ကျနိုင်ပါတယ်။ လူငယ်တွေကိုပိုမို အားပေးဖို့လည်း လိုအပ်ပါလိမ့်မယ်။

မောင်မန်း