News

POST TYPE

IT

ကမ်းခြေအပန်းဖြေသူများ အသုံးတည့်မည့် လမ်းညွှန်မိုဘိုင်းလ် App ရေးသားသူများနှင့် တွေ့ဆုံခြင်း
01-Nov-2016

Beaches In Myanmar မိုဘိုင်းလ် App ရေးဆွဲသူ ကျောင်းသူများနှင့် ဆရာ ဦးဖြိုးကျော်

ပြည်တွင်း၌ နည်းပညာ တိုးတက်လာမှုနှင့်အတူ လူငယ်ပညာရှင်များလည်း အများအပြား ပေါ်ထွက်လာကြသည်။ တက္ကသိုလ်ကျောင်းများ၏ အထောက်အပံ့နှင့် နည်းပညာထုတ်ကုန်များကို ထုတ်လုပ်လာနိုင်ကြသည်။ ယင်းထုတ်ကုန်များအနက်မှ ပွင့်လင်းရာသီ ရုံးပိတ်ရက်ရှည်များတွင် ကမ်းခြေအပန်းဖြေခရီး ထွက်လိုသူများအတွက် အသုံးဝင်မည့် ကမ်းခြေလမ်းညွှန် မိုဘိုင်းလ် App တစ်ခုကို ရေးသားသည့် တောင်ငူ ကွန်ပျူတာတက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ ၃ ဦး အဖွဲ့ကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပြည်တွင်းက ကမ်းခြေတွေကို သွားရောက်လည်ပတ်တဲ့အခါ အဆင်ပြေပြေ ဖြစ်စေဖို့အတွက် လမ်းညွှန် မိုဘိုင်းလ် App တစ်ခု ရေးထားတယ်လို့ သိရတယ်ဗျ။ ဒီ App နာမည်နဲ့ ဘယ်လိုအချက်အလက်တွေကို ထည့်ပေးထားတာလဲ။ ရေးဆွဲခဲ့တဲ့ သူတွေကိုလည်း မိတ်ဆက်ပေးပါဦး။

BIM : မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ကမ်းခြေတွေကို သွားရောက်လည်ပတ်တဲ့ ခရီးသွားတွေ အနေနဲ့ အဆင်ပြေစွာ တည်းခိုစားသောက်နိုင်ဖို့အတွက် ဒီ App ကို ရေးခဲ့တာပါ။ App ရဲ့ အမည်ကတော့ Beaches In Myanmar ဖြစ်ပါတယ်။ အခု App မှာ မြန်မာနိုင်ငံမှာရှိတဲ့ ကမ်းခြေကိုးခုရဲ့ အမည်တွေနဲ့ ကမ်းခြေမှာရှိတဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေရဲ့ အမည် သူတို့ကို ဆက်သွယ်နိုင်မယ့် လိပ်စာတွေကို ထည့်သွင်းပေးထားတာပါ။ ပြီးတော့ ကမ်းခြေအပြင် တခြားနေရာတွေပါ အဆင်ပြေစွာ သွားနိုင်ဖို့ အေဂျင်စီတွေနဲ့ ဆက်သွယ်လို့ရအောင် ရန်ကုန်မှာရှိတဲ့ အေဂျင်စီတွေရဲ့ လိပ်စာဖုန်းနံပါတ် email နဲ့ website တွေကိုပါ ထည့်သွင်းပေးထားတာပါ။ ဒီ App ကို ရေးဆွဲခဲ့တာက မဆုမြတ်ရဲထက်၊ မမာရွှေမြင့်နဲ့ မစကားဝါမော်တို့ ဖြစ်ပါတယ်။ အကုန်လုံးက တောင်ငူကွန်ပျူတာတက္ကသိုလ် တတိယနှစ် (CS) ကျောင်းသူတွေပါ။

Voice : မြန်မာနိုင်ငံမှာက သဘာဝအလှအပတွေ ရှိတဲ့နေရာတွေ အများကြီး ရှိနေတယ်။ ဒီနေရာတွေကို ပြည်တွင်းပြည်ပက လူတွေ ပိုသိလာဖို့အတွက် ဆိုရင် ဘယ်လိုတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲ။

BIM : ဟုတ်ကဲ့ ညီမတို့ မြန်မာနိုင်ငံမှာဆိုရင် သဘာဝကပေးတဲ့ လှပတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ ဒီလိုနေရာတွေကို ပြည်တွင်းက လူတွေအပြင် ပြည်ပက ခရီးသွားတွေပါ သိလာနိုင်စေရန် ကြော်ငြာတွေ ရှိရမှာပေါ့။ အခုခေတ်မှာ နည်းပညာ တိုးတက်လာတာနဲအမျှ လူတိုင်းနီးပါးလိုလို လက်ကိုင်ဖုန်းတွေ ကိုင်ဆောင်လာကြပါတယ်။ စာအုပ်ဖတ်တဲ့သူထက် ဖုန်းသုံးတဲ့ လူအရေအတွက်နဲ့ အချိန်တွေကလည်း များလာကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝအလှတွေ တည်ရှိနေတဲ့ နေရာတွေကို Mobile App တစ်ခုမှာ ရှာဖွေတာနဲ့ သိရှိနိုင်အောင် ရေးသားသင့်တယ် ထင်ပါတယ်။ ညီမတို့ ဖုန်းထဲမှာ App လမ်းညွှန် တစ်ခုသာ ရှိမယ်ဆို ဥပမာ- အခု မန္တလေး ရောက်နေတယ် ဆိုပါစို့ မန္တလေးတိုင်းကိုကြည့်ပြီး အချက်အလက်တွေကို သိစေနိုင်ပါတယ်။ ခရီးသွားရင်း စာအုပ်တစ်အုပ် ယူတာထက် လူတွေရဲ့ အနားမှာ အမြဲဆောင်ထားတတ်တဲ့ Phone ထဲက Application တစ်ခုနဲ့ မြန်မာနိုင်ငံက သဘာဝအလှအပ တရားတွေ ရှိတဲ့နေရာကို လမ်းညွှန်မယ်ဆို ပိုမိုထိရောက်တယ်လို့ မြင်မိပါတယ်။ လူမှုကွန်ရက် Facebook စာမျက်နှာတွေမှာလည်း ဖော်ပြသင့်တယ်လို့ ထင်မြင်မိပါတယ်။

Voice : Beaches In Myanmar App မှာ ပြည်တွင်းက ကမ်းခြေ ဘယ်နှခုရဲ့ အချက်အလက်တွေ ပါဝင်မလဲ။

BIM : ပြည်တွင်းက ကမ်းခြေကိုးခုရဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ မောင်းမကန်၊ စက်စဲ၊ စစ်တွေ၊ ကမ်းသာယာ၊ လက်ခုပ်ကုန်းနဲ့ မြိတ်တို့ ပါဝင်ပါတယ်။

Voice : မိုဘိုင်းလ် App မှာ ထည့်သွင်းဖို့ ကမ်းခြေတွေရဲ့ အချက်အလက်တွေကို ဘယ်လိုစုဆောင်းခဲ့သလဲ။

BIM : ညီမတို့အနေနဲ့ Mobile App မှာ ထည့်သွင်းဖို့ အချက်အလက်တွေကို google ကနေ ရှာဖွေခဲ့ရတာပါ။ Project အတွက် အချိန်ကလည်း ၁၀ ရက်လောက်သာ ရတဲ့အတွက် e-Book တွေ ရှာပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။ ဒါနဲ့ google ကနေ ရှာခဲ့ရတာနဲ့ ရေးထားတာပါ။

Voice : ကမ်းခြေတွေမှာ တည်းခို၊ နေထိုင်ဖို့၊ စားဖို့၊ လည်ပတ်ဖို့ နေရာတွေကို ဘယ်လိုပုံစံမျိုး ဖော်ပြပေးထားသလဲ။

BIM : ကမ်းခြေတွေမှာ တည်းခိုဖို့ စားသောက်ဖို့အတွက် ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေရဲ့ အမည် ဖုန်းနံပါတ်၊ လိပ်စာတွေကို ထည့်သွင်းပေးထားပါတယ်။ ကြိုတင် booking ယူနိုင်ဖို့ အတွက်လည်း ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကို booking ချိတ်ဖို့အတွက် သူတို့ပေးထားတဲ့ website တွေကို ဖော်ပြပေးထားပါတယ်။ ဖုန်းအလွယ်တကူ ခေါ်ဆိုနိုင်ဖို့ အတွက်လည်း တစ်ခါတည်း ထည့်သွင်းရေးပေးထားပါတယ်။ လည်ပတ်ဖို့ အတွက်ကတော့ ကမ်းခြေတွေရဲ့ အကြောင်းတွေကို ဖော်ပြပေးထားပါတယ်။

Voice : တောင်ငူကွန်ပျူတာတက္ကသိုလ်က အခြားအဖွဲ့တွေကိုလည်း မေးဖူးတယ်။ ကျောင်းက ဒီလိုထုတ်ကုန်တွေ ထွက်လာဖို့အတွက် အထောက်အကူ အများကြီး ပေးခဲ့တယ်လို့ ဆိုတယ်။ တကယ်လို့သာ ကျောင်းက မထောက်ပံ့ရင် ဒီလိုထုတ်ကုန်တွေ လုပ်နိုင်မယ်လို့ ထင်လား။

BIM : ဟုတ်ကဲ့ အခုလိုမျိုး ထုတ်ကုန်တွေ ထွက်ဖို့အတွက်က ကျောင်းက ထောက်ပံ့ပေးမှု အများကြီး ရခဲ့ပါတယ်။ တကယ်လို့သာ ကျောင်းက မထောက်ပံ့ဘူးဆိုရင် ဒီလိုထုတ်ကုန်ထွက်လာနိုင်မယ် မထင်မိပါ ူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးတွေ ရေးတတ်ဖို့က ကျောင်းက သင်ပေးခဲ့တာတွေကြောင့်ပါ။ Mobile App အတွက် Android Language က ကျောင်းသင်ခန်းစာမှာ မပါတာ မှန်ပေမယ့် ကျောင်းက Samsung သင်တန်းကို လွှတ်ပေးခဲ့တဲ့ ကျောင်းသားတွေက ပြန်မျှဝေလို့ ဒီလိုမျိုး ထုတ်ကုန်တွေ ထွက်လာခဲ့တာပါ။ ကျောင်းက ထောက်ပံ့မှုတွေကြောင့်ပါ။

Voice : နယ်ကျောင်းကသူတွေအတွက် နည်းပညာတွေ လေ့လာတဲ့နေရာမှာ ကြုံရတဲ့ အခက်အခဲတွေဆိုရင် ဘာတွေဖြစ်မလဲ။

BIM : နယ်ကျောင်းကလူတွေ အတွက် နည်းပညာ လေ့လာရာမှာ အခက်အခဲတော့ အများကြီး ရှိပါတယ်။ ကျောင်းကသင်တာတွေ ကျောင်းမှာ လက်တွေ့ Run နိုင်ပေမယ့် ပြန်လေ့ကျင့်ဖို့ကတော့ စက်အခက်အခဲတွေ ရှိနေပါတယ်။ ပြီးတော့ နယ်မှာက သင်တန်းတွေ မရှိဘူး။ ကျောင်းပိတ်ပြီဆို အိမ်ပြန်။ ကိုယ်ပိုင်လေ့လာဖို့ အတွက်က google ကို အားကိုးရတယ်။ ဒီမှာလည်း Internet လိုင်းတွေ bill ဖိုးတွေနဲ့ အခက်အခဲကတော့ အများကြီးပါပဲ။ ရန်ကုန်လို မြို့ကြီးတွေမှာ အခုလို ကျောင်းပိတ်ရက် သင်တန်းတက် လုပ်ငန်းအတွေ့ကြုံရအောင် အလုပ်သင် သင်တန်းတွေ ရှိပေမယ့် နယ်မှာကတော့ ဒါတွေမရှိဘူးလေ။ တစ်ခုခုဆို google ပဲ အားကိုးရတယ်။ ကိုယ်တိုင် ဆက်လေ့လာချင်တဲ့သူတွေ အတွက်ပါ။

Voice : ပြည်တွင်းက မိုဘိုင်းလ် App တွေကို သုံးတဲ့သူတွေ ဘယ်လောက်ရှိတယ်လို့ ထင်သလဲ။ နောက်ပိုင်းမှာ လူငယ်တွေက တော်တော်လေး ရေးဆွဲထုတ်လုပ်ကြပေမယ့် သုံးတဲ့အရေအတွက်က နည်းနေသလားလို့။ ဖြန့်ချိနိုင်တဲ့ လမ်းကြောင်းတွေက နည်းနေမလား။

BIM : ပြည်တွင်းသုံးစွဲသူ အရေအတွက်တော့ ညီမ မခန့်မှန်းတတ်ဘူး။ အခုနောက်ပိုင်း လူငယ်တော်တော်များများကတော့ Mobile App တွေ ရေးဆွဲလာတာ တွေ့ရပါတယ်။ IT  နယ်ပယ်တင် မကပါဘူး။ တခြားနယ်ပယ်က လူတွေကပါ ရေးဆွဲလာကြတယ်။ ဒါကို ဖြန့်ချိဖို့ အတွက်ကတော့ ညီမတို့ဆို Link လုပ်ပြီးပဲ ဖြန့်တယ်။ သူငယ်ချင်းတွေကို ပြန် Share ပေးပေါ။ google play store ကလည်း ဖြန့်ချိကြတယ်။ အခုလို ဖြန့်တဲ့နေရာမှာလည်း mb ပြဿနာတွေ ရှိနေတယ်။ တော်တော်များများက mb တွေ များရင် Download မလုပ်ချင်ကြဘူး။ ဒီတော့ ရေးတဲ့သူတွေက အတတ်နိုင်ဆုံး mb ကို နည်းအောင် လျှော့ချရတာပေါ။ တချို့လည်း Facebook မှာ Link တွေ တင်ပေးကြပါတယ်။ တချို့ကျတော့ application share ပေးတောင် မယူချင်ကြဘူး။ ဒီလိုမျိုးတွေလည်း ကြုံရပါတယ်။ အဓိကကတော့ File Size တွေကြောင့်ပါ။

Voice : ဒီ App ကတော့ ကျောင်းက ပြပွဲမှာ ဝင်ပြဖို့ ရေးတာပေါ့လေ။ တကယ်လို့သာ ပြည်တွင်း ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်နေတဲ့ အေဂျင်စီတွေနဲ့ ချိတ်ဆက်နိုင်ရင် ဝင်ငွေရနိုင်တဲ့ အနေအထားမှာ ရှိတာပေါ့။ ဒီလိုမျိုးတွေ ဆက်လုပ်သွားဖို့ ရှိသလား။

BIM : အခု App က ကျောင်းက Product Show မှာ ပြဖို့အတွက် ရေးခဲ့တာပါ။ အခု App မတိုင်ခင်က မြန်မာတစ်နိုင်ငံလုံး လမ်းညွှန်ရေးခဲ့သေးပါတယ်။ ဒါပေမဲ့ အချိန်က အခက်အခဲ ဖြစ်တာကြောင့် ကမ်းခြေအပိုင်းကိုပဲ ယူခဲ့ရတာပါ။ နောက်ထပ် ထပ်ပြီး ရေးဖို့ အစီအစဉ် ရှိပါတယ်။ အခုက အချိန်လည်း သိပ်မရတာကြောင့် ကမ်းခြေနဲ့ အေဂျင်စီအချို့ပဲ ဖော်ပြပေးခဲ့ရတာပါ။ ဆက်ရေးဖို့ အစီအစဉ် ရှိပါတယ်။

Voice : ဒီမေးခွန်းကို လူငယ်ပညာရှင်အဖွဲ့တွေကို မေးတဲ့အခါတိုင်း ထည့်မေးလေ့ ရှိပါတယ်။ အဖွဲ့လိုက် ရေးခဲ့တဲ့ အချိန်ကျတော့ တစ်ဦးတစ်ယောက်တည်း လုပ်တာထက် ဘာတွေ ပိုပြီးအားသာလာသလဲ။ နောက် အဖွဲ့ရေရှည်ရပ်တည်နိုင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်ထားသလဲ။

BIM : အဖွဲ့လိုက် ရေးတာနဲ့ တစ်ယောက်ချင်းရေးတာ အများကြီး ကွာခြားပါတယ်။ အဖွဲ့မှာက အဖွဲ့ဝင် လူအရေအတွက်အလိုက် တစ်ယောက်တစ်မျိုး အမြင်တွေ ကိုယ်စီရှိကြပါတယ်။ တစ်ယောက်အကြိုက်နဲ့ တစ်ယောက်လည်း မတူကြဘူးပေါ့။ ဒီအခါမှ တစ်ခါတလေ ပြဿနာတွေ ဖြစ်တတ်ကြတယ်။ ညီမတို့လည်း အကြိုက်မတူကြတော့ အရောင်ရွေးတာတွေ ဘာတွေ ပြဿနာ ရှိခဲ့တယ်။ ဒါပေမဲ့ ဒါတွေက ညှိယူလို့ ရကြပါတယ်။ အဖွဲ့နဲ့ တစ်ယောက်တည်း ကွာတာကတော့ တစ်ယောက်မှာ မရှိတဲ့ အရည်အချင်းက အခြားတစ်ယောက်မှာ ရှိနေတတ်တာပါ။ ဒီလူ Coding ကျွမ်းသလို Marketing မှာလည်း တော်တဲ့သူ ရှိမှာ။ Photoshop လည်း တော်တဲ့သူ ရှိမှပေါ့။ Data ရှာတဲ့သူကလည်း Data ရှာရတာပေါ့။ ဒါတွေအားလုံး တစ်ယောက်တည်းက လုပ်ဆောင်ဖို့က မလွယ်ဘူး ထင်ပါတယ်။ အဖွဲ့နဲ့လုပ်တော့ ခေါင်းဆောင်နဲ့နောက်လိုက် အရည်အသွေးတွေ ရှိပြီး နောင်အချိန် ကိုယ်က နောက်လိုက်ဆိုလည်း နောက်လိုက်ကောင်း တစ်ယောက် ဒါမှမဟုတ် ခေါင်းဆောင်ဆိုလည်း ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိသွားကြတာပေါ့။ အဖွဲ့ရေရှည်ဖြစ်ဖို့ကတော့ အဖွဲ့ဝင်တွေရဲ့ သဘောထားနဲ့ ခေါင်းဆောင်က ခေါင်းဆောင်စိတ်ဓာတ် ရှိပြီး အဖွဲ့ဝင်တွေကလည်း ကိုယ့်တာဝန် ကိုယ်ကျေကြရင် ဒီအဖွဲ့ကတော့ မြဲနေမှာပေါ့။ တစ်ယောက်တစ်ပေါက် ဆိုရင် ခဏလေး ကွဲမှာပါ။

Voice : ပြည်တွင်းက မိုဘိုင်းလ် App ရေးသားတဲ့ လူငယ်အဖွဲ့ အနေနဲ့ ဖြည့်စွက်ပြီး ဘာပြောဖို့ ရှိဦးမလဲ။ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။

BIM : ဟုတ်ကဲ့ ညီမ အကြံပေးချင်တာကတော့ နည်းပညာကို လေ့လာနေကြတဲ့သူတွေ အနေနဲ့ပေါ့ ပြိုင်ပွဲတွေ ရှိလာခဲ့ရင် ဝင်တိုးကြပါ။ ပြီးတော့ သင်တန်းပေါ့။ ဘာတွေသင်သင် တက်ကြပါ။ ညီမတို့ ရေးခဲ့တဲ့ App ရဲ့ Language က ကျောင်းစာမဟုတ်ဘဲ သူငယ်ချင်းအချင်းချင်း ပြန်မျှဝေခဲ့ကြတာပါ။ ဒါကြောင့် ကိုယ်လေ့လာတဲ့အချိန့် ကိုယ့်ထက်ငယ်လို့ မမေးချင်တာ ရှက်တာတွေ မလုပ်ကြဘဲ ကိုယ့်ထက်တော်တဲသူ သိတဲ့သူဆီမှာ ကိုယ်သင်ချင်တဲ့ Language ကို သင်ယူကြပါ။ ပြိုင်ပွဲဆိုလည်း ဆုရမှာ ပြိုင်တာမဟုတ်ဘဲ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပွဲတိုင်း ဝင်တိုးကြပါ။ ဒါတွေက တစ်ချိန်မှာ ကိုယ့်အတွက် အတွေ့အကြုံကောင်းတွေ ဖြစ်လာမှာပါ။ အခက်ခဲတွေကတော့ အများကြီးပါ ဖုန်းဘီလ်ဖိုး အခက်အအခဲကလည်း ရှိသေးတာပေါ့။ နယ်က အင်တာနက်လိုင်းလည်း သိပ်မကောင်းတော့ ရည်ညွှန်းအနေနဲ့ google ကနေရှာရင် အခက်အခဲတွေ ရှိတာပေါ့နော်။ ကိုယ့်ဆီမှာ သင်တန်းမရှိလို့ မတက်နိုင်ဘူး ဒါကထားပါ။ ကိုယ့်ဘယ်လမ်းက လေ့လာလို့ရလည်း ဒါလေးတွေးပြီး ရတဲ့လမ်းက လေ့လာလို့ရသလို ပညာကို ယူကြပါလို့ ပြောချင်ပါတယ်။

မောင်မန်း


ABOUT AUTHOR

(မောင်မန်း)