News

POST TYPE

IT

Smart Restaurant စနစ်ရေးဆွဲသူ ကွန်ပျူတာတက္ကသိုလ် (မအူပင်) ကျောင်းသားများနှင့် တွေ့ဆုံခြင်း
26-Feb-2019

“ကျွန်တော်တို့တည်ရှိနေကြောင်း Product Show 2019 နဲ့ အသိပေးလိုက်ပါတယ်”



ပြည်တွင်း၌ နည်းပညာတီထွင်မှုများကို ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားလူငယ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားလူငယ်များက ဒေသတွင်း ပြည်သူများအတွက် အသုံးဝင်မည့် မိုဘိုင်းလ် App များ၊ Web App များနှင့် Hardware ထုတ်ကုန်များကို ဖန်တီးတီထွင်ခဲ့ကြသည်။ ယင်းတို့အနက်မှ Smart Restaurant စားသောက်ဆိုင်ထိန်းချုပ်စနစ်ကို ရေးသားသည့် ကွန်ပျူတာတက္ကသိုလ် (မအူပင်) မှ ကျောင်းသားများနှင့် စားသောက်ဆိုင်ထိန်းချုပ်စနစ်အကြောင်း၊ ကျောင်းသားလူငယ်များ၏ လိုအပ်ချက်များ အခက်အခဲများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။ 

Voice : ကွန်ပျူတာတက္ကသိုလ် (မအူပင်) အနေနဲ့ ပထမဆုံးလုပ်တဲ့ Product Show မှာ ညီလေးတို့ Smart Restaurant ကို ပြသခဲ့တယ်လို့ သိရတယ်။ ဒီထုတ်ကုန်က ဘာတွေလုပ်ပေးနိုင်မယ်ဆိုတာ အရင်ဆုံး ရှင်းပြပေးပါဦး။
Smart Restaurant : ကျွန်တော်တို့အနေနဲ့ Product Show မှာ ကွန်ပျူတာတက္ကသိုလ် (မအူပင်) ရဲ့ ပထမဆုံးဖြစ်တဲ့ CT နဲ့ CS ပူးပေါင်းပြီး Smart Restaurant ကို ပြသခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်က ပုံမှန်လည်ပတ်နေတဲ့ Restaurant တွေကို ပိုပြီးအဆင်ပြေအောင် ကူညီပေးပါလိမ့်မယ်။ အဓိက ကတော့ Delivery order နဲ့ Table order ပိုင်းကို ပိုပြီး အဆင်ပြေစေဖို့ ပြုလုပ်ထားတာပါဗျ။ Android Application, Web Application, Robotic Car စတဲ့ ၃ မျိုးပေါင်းစပ်ဖန်တီးထားတာပါ။ Android Application ကနေ Menu ကြည့်ပြီး order မှာရတယ်ဗျ။ Web Application ကနေ ရရှိလာတဲ့ order ကို Table ကလား Delivery မှာ တာလားဆိုတာ ခွဲပြထားပေးတယ်။ Table Order တွေကို စားသုံးသူတွေ မှာထားတဲ့ အရာတွေရပြီဆိုရင် Robotic Car လေးပေါ်တင်ပြီး ဘယ် Table ကလဲဆိုတာ ပြောပြလိုက်တာနဲ့ သွားပို့ပေးပြီး သူ့နေရာသူ ပြန်သွားတယ်ဗျ။ ပြောပြတယ်ဆိုလို့ တခြားမထင်လိုက်နဲ့ဗျ။ ဘယ် Table လဲဆိုတာကို ခလုတ်နှိပ်ပြီး ပြောပြရတာပါ။

Voice : ထုတ်ကုန်မှာက Software ရော Hardware ပါ, ပါနေတာတွေ့ရတယ်။ ဒီလိုပေါင်းစပ်မှုမျိုးကိုရော ဘယ်လိုစဉ်းစားပြီးလုပ်ခဲ့သလဲ။
Smart Restaurant : CT က ကိုဖြိုးကောင်းခန့်က စခဲ့တာပါ၊ ကျွန်တော့်ကို “ငါ့မှာ Project တစ်ခု ရှိတယ်၊ ဒီအတိုင်းလည်း မပြချင်ဘူး၊ Server ပိုင်း ဝိုင်းကူပေး၊ ကိုထက်အောင်လင်းကလည်း Android ရေးပေးမယ်တဲ့” ဆိုပြီး စည်းရုံးသွားတာပါ။ ကျွန်တော်တို့ Smart Restaurant က တစ်ပိုင်းချင်းစီကြည့်မယ်ဆိုရင် ဘာမှမဟုတ်ပါဘူး၊ ဒါပေမဲ့အပေါ်ကနေ သုံးမျိုးလုံးကို ခြုံကြည့်မယ်ဆိုရင် အတော့်ကို အသုံးဝင်နိုင်တဲ့ ထုတ်ကုန်တစ်ခုပါ။ Software က Software သပ်သပ်၊ Hardware က Hardware သတ်သတ် လုပ်နေကြတဲ့အချိန်မှာ ကျွန်တော်တို့က နှစ်ခုပူးပေါင်းပြီး လုပ်ပြချင်စိတ်ကြောင့် ဒီပေါင်းစပ်မှု ဖြစ်လာတာပါ။ ကျွန်တော်တို့ စလုပ်တုန်းက စဉ်းစားပုံက အင်မတန် ရိုးရှင်းပါတယ်။ Waiter နေရာမှာ သက်သာအောင် လုပ်ကြမယ်ဆိုပြီး စခဲ့ကြတာပါဗျ။ နောက်ပိုင်းတော့ အများကြီး ဆက်လုပ်သွားဖို့ရှိပါတယ်။

Voice : အဓိကကတော့ ဒီနောက်ပိုင်းနှစ်တွေမှာ ကျောင်းတွေကလုပ်တဲ့ Product Show တိုင်း သတိထားမိတာက Business Idea ပါ။ ဒါတွေပါလာတာ လည်းတွေ့ရပါတယ်။ ဒီထုတ်ကုန်မှာရော အဲဒီအပိုင်းကို ဘယ်လိုမျိုးစဉ်းစားထားသလဲ။
Smart Restaurant : ကျွန်တော်တို့ လုပ်ခဲ့တာကတော့ Restaurant တွေအတွက် ပိုပြီးအဆင်ပြေအောင်ဆိုပြီးတော့ပဲ လုပ်ခဲ့ကြတာဗျ။ အခုလို မေးလိုက်မှပဲ သတိရသွားတော့တယ်။ တကယ်တော့ ကျွန်တော်တို့မှာ ရှိသလောက် အားအင်လေးတွေနဲ့ Creative ဘက်ကို ဦးစားပေးလုပ်လိုက်တော့ Productive ဆိုတာကြီးကို မေ့သွားတာပါ။ Product Show မှာတုန်းက Feedback တစ်ခုရတာရှိတယ်ဗျ။ အဲဒီ Feedback တွေပေါ်မူတည်ပြီး ကျွန်တော်တို့ မအူပင်က Restaurant တွေကို ဒီထုတ်ကုန်အကြောင်း မိတ်ဆက်ဖို့ ကြိုးစားနေပါတယ်ဗျ။

Voice : Software ပိုင်းမှာတော့ ဒီထုတ်ကုန် အတွက် ကောင်းတဲ့ တုံ့ပြန်မှုတွေကို မြင်ရကြားရ ပါတယ်။ ဒီအပေါ်မှာရော ဘာပြောဖို့ရှိမလဲ။
Smart Restaurant : ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကို ကောင်းတဲ့တုံ့ပြန်မှုတွေပေးကြတော့ ဆက်ကြိုးစားဖို့အတွက် အားဆေးတစ်ခုလိုပါပဲဗျ။ ကျွန်တော်တို့ရဲ့ ပထမဆုံး CT, CS ပေါင်းပြီး လုပ်ထားတဲ့ ထုတ်ကုန်ဆိုတော့ အဆင်မပြေမှာ စိုးရိမ်မိသေးတယ်ဗျ။ ဒါပေမဲ့လည်း ဝမ်းသာစွာနဲ့ Product Show မှာ Error ကင်းကင်းနဲ့ ပြသနိုင်ခဲ့ပါတယ်။ Feedback ကောင်းတွေလည်း အများကြီးရခဲ့ပါတယ်။

Voice : ကျောင်းအနေနဲ့ရော ဒီလိုထုတ်ကုန်တွေ ဖြစ်လာဖို့အတွက် ဘာတွေအထောက်အပံ့ပေးထားသလဲ။
Smart Restaurant : ကျောင်းက ကျွန်တော်တို့ကို လိုလေးသေးမရှိ၊ ရှိသမျှ အကုန်ထောက်ပံ့ခဲ့ပါတယ်။ အချို့ ဆရာ၊ ဆရာမတွေဆိုရင် မိုးချုပ်တဲ့အထိ စောင့်ပေးတာတွေရှိတယ်။ ကျွန်တော်တို့အတွက် စက်ခန်း၊ Lab ခန်းတွေ ဖွင့်ပေးထားတယ်၊ လိုအပ်တဲ့ Hardware တွေကိုလဲ ထောက်ပံ့ပေးတယ်ဗျ။

Voice : ကျောင်းသားလူငယ်တွေရဲ့ နည်းပညာထုတ်ကုန်တွေ များများထွက်ပေါ်လာဖို့အတွက်ဆိုရင် ဘယ်လိုအထောက်အပံ့တွေ လိုအပ်ဦးမလဲ။ 
Smart Restaurant : လိုအပ်ချက်တွေကတော့ အများကြီးပဲဗျ။ ကျောင်းရဲ့ ထောက်ပံ့မှုတွေနဲ့တင် မလုံလောက်ပါဘူး၊ ပိုပြီးဆန်းသစ်တာတွေ ဖန်တီးဖို့ ကျတော့ နည်းပညာထောက်ပံ့မှုတွေ၊ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေ အများကြီးလိုအပ်နေပါတယ်။ အခု အခြေအနေတွေက ကိုယ်ကတစ်ခုခု လုပ်ချင်ရင်တောင် ကိုယ့်မှာရှိတာနဲ့ လုပ်လို့ရပါ့မလား၊ ကျောင်းကပေးတာတွေနဲ့ရော လုပ်လို့ရပါ့မလားလို့ အမြဲတွေးနေရတယ်။ ကျွန်တော်တို့ကျောင်းသားတွေ အနေနဲ့ကတော့ နိုင်ငံတော်ကနေ အပြည့်အဝထောက်ပံ့မှုကို လိုချင်တာတော့ အမှန်ပဲဗျ။ ကျောင်းသားအခြေပြု အဖွဲ့တွေများလာပြီး ထောက်ပံ့ကူညီပေးတဲ့သူတွေလည်း များလာမယ်၊ ကျောင်းသား၊ ကျောင်းသူတွေကလည်း ကြိုးစားလာမယ်ဆိုရင် နည်းပညာထုတ်ကုန်တွေ များများပေါ်ထွက်လာမှာပါ။

Voice : ညီလေးတို့ဆိုရင် တခြားပြိုင်ပွဲတွေလည်း ဝင်ဖူးတာရှိမယ်။ တခြားကျောင်းတွေနဲ့လည်း ထိတွေ့ဖူးတာတွေ ရှိမယ်။ ဒီနေရာမှာ ကိုယ်ကမြို့ငယ်လေး ဖြစ်တဲ့အတွက် အထောက်အပံ့တွေရတာ လိုအပ်ချက်တွေ ရှိကောင်းရှိမယ်။ ဒီ ကွာဟမှုကရော ဘယ်လိုရှိသလဲ။ ဒီလိုကွာဟမှုကြောင့် ထုတ်ကုန်ပိုင်းမှာ ကွာဟ မှုမရှိအောင်၊ ပိုပြီးကျဉ်းမြောင်းအောင် ဘယ်လိုတွေအားထုတ်ခဲ့ရသလဲ။
Smart Restaurant : မအူပင်က ရန်ကုန်နဲ့ အရမ်းကြီးမနီးပေမယ့် အခြားကွန်ပျူတာတက္ကသိုလ်ရှိတဲ့ မြို့တွေထက် နီးတယ်လို့ ပြောလို့ရတယ်ဗျ။ ဒါပေမဲ့လည်း ဒီမှာက နည်းပညာနဲ့ နည်းနည်းအလှမ်းဝေးကြတယ်ဗျ။ အခြားမြို့ကြီးတွေမှာရှိတဲ့ ကျောင်းတွေလောက် အထောက်အပံ့တော့မရပေမယ့်၊ ရှိသလောက်လေးနဲ့ပဲ ကြိုးစားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရှိတာ ကျွန်တော်ဂုဏ်ယူမိတယ်ဗျ။ မအူပင်မှာက နည်းပညာနဲ့ နီးစပ်တာဆိုလို့ ကျောင်းကြီးပဲရှိတာဆိုတော့ ကိုယ်ဘာသာပဲ ဖန်တီးယူရတာတွေ အများကြီးဗျ။ ဥပမာ - Self Study လုပ်တာတွေ၊ ရန်ကုန်က ပွဲတွေသွားတက်တာမျိုးတွေလုပ်ရတယ်။ ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ်(မအူပင်)ရဲ့ ပါမောက္ခချုပ်ကလည်း ကျောင်းအတွက် နည်းပညာနဲ့ ကွာဟမှုမရှိအောင် ကျောင်းသား၊ ကျောင်းသူတွေကို တွန်းအားပေးလျက် ရှိပါတယ်။ ဒါကြောင့်လည်း ပါမောက္ခချုပ်ရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်တို့အနေနဲ့ ကျောင်းမှာ IT Club လေး တစ်ခုဖွဲ့ပြီး ကျောင်းသားတွေ လိုအပ်တဲ့ အရာတွေကို တတ်နိုင်သလောက် အချင်းချင်း ကူညီပေးနေကြပါတယ်။ ကျောင်းတိုင်းမှာ ပြင်ပအကူအညီထောက်ပံ့မှုတွေအပြင် ကျောင်းသား၊ ကျောင်းသူ အချင်းချင်း ကူညီထောက်ပံ့ပေးနိုင်တဲ့ အသင်းအဖွဲ့လေးတွေ အများကြီးပေါ်ထွက်လာစေချင်တယ်။ ဒါနဲ့ ဝမ်းသာစရာတစ်ခုတော့ရှိတယ်ဗျ။ ကျွန်တော်တို့ IT Club စပြီးမဖွဲ့ခင်က UCSY CS Club တစ်ခုပဲရှိတယ်။ IT Club ဖွဲ့ပြီးနောက်ပိုင်းမှာ အခြားကွန်ပျူတာတက္ကသိုလ်တွေမှာလည်း Club အသီးသီး ပေါ်ထွက်လာတာကိုမြင်ရတယ်။ ဒီလိုကြိုးစားကြမှပဲ ဝေးကွာမှုတွေ ကျဉ်းမြောင်းလာမယ်လို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်။

Voice : ကျောင်းမှာ ထုတ်ကုန်တွေကို ပြသနိုင်တဲ့အဆင့်အထိရောက်လာပြီပေါ့လေ။ ဒီထုတ်ကုန်တွေကို တကယ့်နယ်ပယ်မှာ အသုံးဝင်ဖို့အတွက်ဆိုရင်ရော ဘာတွေလုပ်သွားဖို့ရှိမလဲ။ ဘယ်လိုစဉ်းစားထားသလဲ။
Smart Restaurant : ဘာတွေဆက်လုပ်ကြမလဲကိုတော့ တိုင်ပင်ထားပြီးကြပါပြီ။ ကျွန်တော်တို့အနေနဲ့ အရင်ဆုံး မအူပင်မှာရှိတဲ့ ဆိုင်တွေမှာ မိတ်ဆက်ပွဲလေးတွေ လုပ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘာသာလုပ်ရင်တော့ ငွေကြေးဆိုင်ရာ အခက်အခဲတွေ တွေ့နိုင်တယ်ဗျ။ ကျွန်တော့်ကို Club  လုပ်ပေးနိုင်မယ့်သူတွေ ပေါ်လာပါစေလို့ ဆုတောင်းရမလားပဲ။
မအူပင်မှာရှိတဲ့ ဆိုင်တွေရဲ့ လုပ်ငန်းစဉ်တွေကို System တစ်ခုဖြစ်အောင် လုပ်ဖို့ရှိပါတယ်။

Voice : လက်ရှိမှာတော့ မအူပင်ကွန်ပျူတာတက္ကသိုလ်က အားနဲ့ခွန်နဲ့ ရှေ့ကို ညီညီလှမ်းနေတာ မြင်သာပါတယ်။ ဒီအခြေအနေမှာ ဒေသဖွံ့ဖြိုးရေးအတွက်ကိုရော နည်းပညာနဲ့ ဘယ်လိုထောက်ပံ့ဖို့ စဉ်းစားထားသလဲ။
Smart Restaurant : လက်ရှိကတော့ မအူပင်မြို့မှာက နည်းပညာလိုအပ်ချက်တွေ အများကြီးပိုတွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် ကူညီနေပါတယ်။ လူမှုရေးအဖွဲ့တစ်ခုနဲ့ ပူးပေါင်းထားပြီးဖြစ်ပြီး Blood Donation အတွက် နည်းပညာနဲ့ ထောက်ပံ့ပေးနိုင်ဖို့ ဆက်လုပ်သွားဖို့လည်းရှိပါတယ်။ အခြားလိုအပ်ချက်တွေကိုလည်း ဆက်လက်ထောက်ပံ့ဖို့ရာ ဆောင်ရွက်သွားဖို့ရှိပါတယ်ဗျ။

Voice : အချုပ်အားဖြင့်ပေါ့လေ။ ဒီလို နည်းပညာထုတ်ကုန်တွေ ပိုပြီးဖွံ့ဖြိုးလာဖို့အတွက် ကျောင်းကရော ပြင်ပကပါ ဘယ်လိုမျိုးအထောက်အပံ့တွေ လိုအပ်ဦးမလဲ။
Smart Restaurant : ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာကတော့ မြင်အောင်ကြည့်ပေးစေချင်ပါတယ်။ ဘာကိုပြောတာလဲဆိုတော့ ကျွန်တော်တို့က နယ်ကျောင်းဖြစ်နေတော့ ပွဲတစ်ခုခုလုပ်ချင်ရင်တောင် Sponsor တောင်းဖို့တောင် အရမ်းခက်တယ်ဗျ။ အဆက်အသွယ်မရှိတော့ ဘယ်ကို ဖမ်းဆွဲရမှန်းမသိတာမျိုးတွေမှ အများကြီးပဲအစ်ကို။ အဲတော့ ရှိသလောက်လေးနဲ့ ဖြစ်အောင်လုပ်ခဲ့ရတာတွေမှ အများကြီးပဲဗျ။ ကျောင်းကလည်း နိုင်သလောက် ထောက်ပံ့ပေးပါတယ်။ ကျောင်းကနေ ကျောင်းသားတွေကို ပိုပြီးထောက်ပံ့နိုင်ဖို့ကတော့ နိုင်ငံတော်ကနေ ကျောင်းကို ပိုပြီးထောက်ပံ့ပေးဖို့ပါပဲ။ 
ပြင်ပအထောက်အပံ့တွေကတော့ လမ်းပေါက်မပွင့်သေးဘူးလို့ပဲပြောရမလား၊ ကျွန်တော်တို့ကပဲ ပျောက်နေတယ်လို့ပဲ ပြောရမလား၊ ဘာမှန်းတော့မသိခဲ့ဘူး။ ခုကတော့ ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ် (မအူပင်) ကို အလင်းပြလိုက်ပါပြီဗျ။ ကျွန်တော်တို့တည်ရှိနေကြောင်း Product Show 2019 နဲ့ အသိပေးလိုက်ပါတယ်။ ပြင်ပအကူအညီတွေနဲ့ လမ်းပေါက်ပွင့်အောင်ကြိုးစားလျက်ရှိပါတယ်ဗျ။ အကူအညီထောက်ပံ့မှုတွေကိုလည်း ကြိုဆိုလျက်ရှိပါတယ်။

မောင်မန်း