News

POST TYPE

IT

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၁၃၀ ကျော် စလွှဲ
20-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ထိုင်း- မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းငါးခုမှ ဒုက္ခသည် ၆၀၀ ကျော်အနက် ၁၃၃ ဦးကို မြန်မာဘက်သို့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးစန်းမောင်ဦးက ပြောကြားသည်။

“မယ်လလို ဒုက္ခသည်စခန်းကလည်း ပါတယ်။ ကျန်တဲ့ဒုက္ခသည်စခန်းတွေတော့ ကျွန်တော်လည်း အလွတ်မရဘူး။ မနက်က သံအမတ်နဲ့ ဖုန်းရတယ်။ ဒီနေ့တော့ ပထမအသုတ်အနေနဲ့ ၁၃၃ ယောက်ကို လွှဲပေးလိုက်တယ်။ မြဝတီဘက်ကို ၂ နာရီလောက်က လွှဲပေးတယ်”ဟု ၎င်းကပြောဆိုသည်။

ပထမအသုတ်အနေဖြင့် ဒုက္ခသည် ၁၃၃ ဦးကို ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်တွင် မြဝတီဘက်ခြမ်းသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် UNHCR ၏ ထိုင်းနိုင်ငံတာဝန်ခံတို့က ထိုင်းရောက် ဒုက္ခသည်များကို ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ပြန်လည်ရောက်ရှိလာမည့် ဒုက္ခသည်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက နေရာပြန်လည်ချထားရေး၊ အလုပ်အကိုင်ပြန်လည်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ပေးမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးစန်းမောင်ဦးက ထပ်မံ ပြောကြားသည်။

လွှဲပြောင်းရန်ကျန်ရှိသူများကိုလည်း အသုတ်လိုက် ထပ်မံလွှဲပြောင်းပေးသွားမည်ဟု ၎င်းကပြောဆို သည်။

J-18