News

POST TYPE

IT

ထိုင်းနိုင်ငံသူတစ်ဦးကို တရားမဝင် လုပ်သားပို့မှုဖြင့် ဖမ်းဆီး
18-Feb-2019
ရန်ကုန်၊ ဖေဖောဝါရီ ၁၈

ပြည်ပ အလုပ်အကိုင် လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား တစ်ရာကျော် ပို့ဆောင်ပေးခဲ့သည့် ထိုင်းနိုင်ငံသူ Miss Vena Phubut ကို ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် ရွှေပြည်သာ ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း မြန်မာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်ထံမှ သိရသည်။

“ဒီအမှုက မပြီးသေးဘူး။ စစ်နေတုန်း နောက်ဆက်တွဲ အေဂျင်စီတွေလည်း ပါနေတယ်။ အဲ့ဒီအေဂျင်စီတွေက ကိုယ်စားလှယ်လုပ်ခိုင်းပြီး လူရှာခိုင်းတာ”ဟု မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းစည်သူက ပြောကြားသည်။

ထိုင်းနိုင်ငံသို့ လုပ်သားပို့ဆောင်ရန်အတွက် လူစုဆောင်းခိုင်းသည့် အေဂျင်စီများကိုလည်း စစ်ဆေးနေသည်ဟု ၎င်းကပြောဆိုသည်။

မြန်မာလုပ်သား ၁၀၉ ဦးကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးရန် ရွှေပြည်သာမြို့နယ်ရှိ ရွှေမြန်မာမိုတယ်တွင် ကြိုတင်လူစုဆောင်းထားပြီး တစ်ဦးလျှင် ကျပ်ငါးသိန်းခွဲမှ ခြောက်သိန်းအထိ ကောက်ခံခဲ့သည်ကို စစ်ဆေးတွေ့ရှိထားသည်ဟု ဦးစိုင်းစည်သူက ရှင်းပြသည်။

အလုပ်ရှင်၊ အလုပ်သမား ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်းမရှိဘဲ တရားမဝင် ငွေကြေးတောင်းခံမှုများကြောင့် အလုပ်သမား ၃၆ ဦးက တိုင်းကြားခဲ့သဖြင့် ထိုင်းနိုင်ငံသူကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံသူ Miss Vena Phubut နှင့် ဦးသူရအောင်တို့ကို ရွှေပြည်သာ မြို့မရဲစခန်းက ဖမ်းဆီးကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသာ ဦးသန်းအောင်ကို ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။

ထိုင်းနိုင်ငံသူ Miss Vena Phubut သည် ပြည်တွင်းမှ လိုင်စင်ရ အကျိုးဆောင်အေဂျင်စီ လေးခုနှင့်ပူးပေါင်းကာ အလုပ်သမားများ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းရှင်များ အဖွဲ့ချုပ်ထံမှ ထပ်မံသိရသည်။

J-18