News

POST TYPE

IT

သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် နိုင်မည်ဟု ကွန်ပျူတာ ခန့်မှန်း
31-Oct-2016
နယူးဒေလီ၊ အောက်တိုဘာ ၃၀

အိန္ဒိယနိုင်ငံမှ ပညာရှင်များသည် ကွန်ပျူတာဉာဏ်ရည်တု (AI) စနစ် တီထွင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု၏ ပြီးခဲ့သည့် သမ္မတ သုံးယောက်ကို အဖြေမှန် ရှာခဲ့ကြရာ၊ နောက်လာမည့် အမေရိကန် သမ္မတမှာ ဒေါ်နယ်ထရမ့်သာ ဖြစ်မည်ဟု ယင်းကွန်ပျူတာက အဖြေထုတ်ခဲ့ကြောင်း CNBC သတင်းတွင် ဖော်ပြထားသည်။ 

MoglA ဟု အမည်ပေးထားသည့် အိန္ဒိယနိုင်ငံမှ AI စနစ် ဆော့ဖ်ဝဲ ထည့်သွင်းထားသော ကွန်ပျူတာသည် Google, Facebook, Twitter နှင့် YouTube စသည့် ဆိုရှယ်ကွန်ရက်များပေါ်က အချက်အလက်များအပေါ် အခြေခံကာ အမေရိကန်ပြည်ထောင်စု၏ နောက်တက်လာမည့် သမ္မတကို ခန့်မှန်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အိန္ဒိယနိုင်ငံမှ ကွန်ပျူတာ ပညာရှင်များသည် The Jungle Book စာအုပ်ထဲမှ စာရေးဆရာ ကစ်ပလင်၏ ဇာတ်ကောင်ဖြစ်သော မောဂ္ဂလိ၏ အမည်ကို အစွဲပြုပြီး သူတို့၏ ကွန်ပျူတာ AI စနစ်ကို MoglA ဟု အမည်ပေးထားခြင်း ဖြစ်သည်။

MoglA ကွန်ပျူတာစနစ်ကို Genic.ai ကုမ္ပဏီက ၂၀၀၄ ခုနှစ် ကတည်းက တီထွင်ခဲ့ပြီး၊ တီထွင်သူ ဆန်ဂျေးရိုင်း ဆိုသူသည် အမေရိကန်ပြည်ထောင်စု၏ သမ္မတ ရွေးကောက်ပွဲများကို တောက်လျှောက်လေ့လာ အကဲဖြတ် ခန့်မှန်းခဲ့သူတစ်ဦး ဖြစ်သည်။

ရိုင်းက သူတီထွင်ထားသည့် ကွန်ပျူတာ၏ အွန်လိုင်းပေါ်ရှိ အချက်အလက်များကို အခြေခံထားချက်အရ အမေရိကန်ပြည်ထောင်စု၏ နောက်တက်မည့် သမ္မတသည် ဒေါ်နယ်ထရမ့်ြ ဖစ်သည်ကို ပြနေကြောင်း၊ ၂၀၀၈ ခုနှစ် ကတည်းက ဒီမိုကရက်ပါတီသည် ရီပတ်ဘလီကန်တို့နှင့် ယှဉ်လျှင် လူကြိုက်များမှု ၂၅ ရာခိုင်နှုန်းအောက် ကျဆုံးနေကြောင်း ပြောကြားသည်။

ထရမ့်သာ ရှုံးခဲ့မည်ဆိုလျှင် မိမိတို့ လေ့လာခဲ့သော ၁၂ နှစ်တာကာလ ဒေတာများ၏ ကိုးစားနိုင်မှုအပေါ် ပထမဆုံး ပြန်လည်သုံးသပ်ရတော့မည်ဟု ရိုင်းက ပြောကြားကြောင်း CNBC တွင် ဖော်ပြထားသည်။

ကွန်ပျူတာဆော့ဖ်ဝဲ၏ လုပ်ဆောင်နိုင်စွမ်းများသည် အကန့်အသတ်ရှိသည် မှန်သော်လည်း ကောက်ခံရရှိထားသော အချက်အလက်များက ထရမ့် အနိုင်ရမည့်ဘက်ကို ညွှန်ပြနေကြောင်း၊ လက်ရှိအနေအထားတွင် ထရမ့်သည် ရှုံးနိမ့်နိုင်သည့် အနေအထားတွင် ရှိနေသော်လည်း ကွန်ပျူတာက ထရမ့်သာ အနိုင်ရမည်ဟု ပြဆိုနေကြောင်း ရိုင်းက ဆိုသည်။ 

ရိုင်းသည် ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တို့၏ ရွေးကောက်ပွဲဆိုင်ရာ ဒေတာအချက်အလက်ပေါင်း သန်း ၂၀ ကျော်ကို MoglA  ကွန်ပျူတာထဲ ထည့်သွင်းပြီးနောက် AI၏ ဆုံးဖြတ်ချက်အရ ထရမ့်သာ အမေရိကန်ပြည်ထောင်စု၏ သမ္မတသစ် ဖြစ်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။