POST TYPE

IT

အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်နှင့် တွေ့ဆုံခြင်း
22-Jan-2019

“ဆိုက်ဘာတိုက်ခိုက်မှုခံရရင် ဘယ်လိုတုံ့ပြန်ဆောင်ရွက်ရမလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ မရှိကြဘူး”



ပြည်တွင်း၌ ဆိုက်ဘာလုံခြုံရေးကို ကျောင်းသားလူငယ်များ စိတ်ပါဝင်စားမှု မြင့်တက်လာသည်။ ထို့အတူ တာဝန်ရှိ အဖွဲ့အစည်းများကလည်း လူငယ်များ နည်းပညာကို မှန်ကန်စွာ အသုံးပြုနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသိပညာပြန့်ပွားရေးများအတွက် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲများ ကျင်းပပေးနေသည်။ ပြည်တွင်း၌ Myanmar Cyber Security Challenge ပြိုင်ပွဲများကို ၃ ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများသို့လည်း စေလွှတ်ယှဉ်ပြိုင်စေခဲ့သည်။ ၂၀၁၉ ခုနှစ်အတွက် Cyber Security Challenge ပြိုင်ပွဲကိုလည်း ကျင်းပသွားရန်ရှိနေသည်။ ဤကဲ့သို့အခြေအနေတွင် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲများ ကျင်းပရသည့်ရည်ရွယ်ချက်များ၊ နိုင်ငံအဆင့်ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် လူငယ်များပါဝင်နိုင်ခွင့်၊ ပြည်တွင်းဆိုက်ဘာလုံခြုံရေးဆောင်ရွက်ထားမှု အစီအမံများကို အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : မင်္ဂလာပါ Myanmar Cyber Security Challenge 2019 ကို ဒီလထဲမှာကျင်းပ သွားဖို့ရှိတယ်လို့သိရပါတယ်။ ပထမဆုံးအနေနဲ့ ဒီပြိုင်ပွဲကျင်းပတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာ ဘယ်နှကြိမ် ရှိသွားပြီဆိုတာလေး ပြောပြပေးပါဗျ။
UMMH : မင်္ဂလာပါ။ ပြိုင်ပွဲကျင်းပခဲ့တဲ့ရည်ရွယ် ချက်ကတော့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ လူငယ်တွေအကြားမှာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပြန့်ပွားစေဖို့နဲ့ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းတွေ တိုးတက်လာစေဖို့အတွက် ဒီပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပပြီးစီးခဲ့တာကတော့ (၃) ကြိမ်ရှိပြီးသွားပါပြီ။ ခုပြိုင်ပွဲကတော့ (၄) ကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။

Voice : ပြည်တွင်းမှာ လူငယ်တွေက ဒီဆိုက်ဘာလုံခြုံရေးကို တော်တော်လေးစိတ်ဝင်စားလာပါတယ်။ အထူးသဖြင့်ကျောင်းသားလူငယ်တွေပေါ့။ ဒီပြိုင်ပွဲတွေကနေပြီး ဒီလိုဆိုက်ဘာလုံခြုံရေးကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် ဘယ်လောက်အထိ အထောက်အပံ့ပေးနိုင်မယ်လို့မျှော်လင့်သလဲဗျ။
UMMH : ဆိုက်ဘာလုံခြုံရေးဟာ လူငယ်တွေမှ မဟုတ်ပါဘူး။ လူတိုင်းစိတ်ဝင်တစား အလေးထားသင့်တဲ့အရာပါ။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိအမြင်တွေ နည်းပါးမှုကြောင့် ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခံရဖို့ အခွင့်အရေးတွေ များလာတယ်။ ဒီတော့ ဒီလိုပြိုင်ပွဲတွေ ကျင်းပခြင်းအားဖြင့် လူငယ်တွေအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟုသုတတွေ၊ အတွေ့အကြုံကောင်းတွေရရှိလာမယ်။ နောက်ဆိုက်ဘာ လုံခြုံရေးကို တစိုက်မတ်မတ်လေ့လာသွားရင် ကောင်းမွန်တဲ့ ဆိုက်ဘာလုံခြုံရေးနယ်ပယ်ထဲကို ရောက်ရှိလာမယ်၊ သူတို့အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒီပွဲကို စည်ကားသိုက်မြိုက်စွာနဲ့ လူငယ်တွေ ပိုမိုအာရုံစိုက်နိုင်အောင် ကြိုးစားထားသလို ဆုကြေးကိုလည်း ယခင်နှစ်ကထက်ပိုမို တိုးမြှင့်ပြီး ချီးမြှင့်နိုင်အောင် Ooredoo၊ Nokia၊ MPT၊ Mytel၊ Linn နဲ့ Naung Yoe ကုမ္ပဏီတို့ကလည်း ကျွန်တော်တို့ကို ပံ့ပိုးကူညီထားပါတယ်။

Voice : ပြည်တွင်းက လူငယ်တွေ နိုင်ငံတကာပြိုင်ပွဲတွေကို ထွက်ပြိုင်တာလည်း မြင်ရကြားရပါတယ်ဗျ။ သူတို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အောင်မြင်မှုအခြေအနေကရော ဘယ်လိုရှိမလဲ။
UMMH : Myanmar Cyber Security Challenge ပြိုင်ပွဲမှာ ဆုရရှိတဲ့ ပြိုင်ပွဲဝင်တွေကို ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ Cyber SEA Game ပြိုင်ပွဲကို စေလွှတ်ပေးတာရှိသလို၊ မနှစ်ကဆိုရင် စင်ကာပူဆိုက်ဘာပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်ခဲ့တာ ရှိပါတယ်။ ယခင်ကျင်းပခဲ့တဲ့ ဆိုက်ဘာပြိုင်ပွဲတွေက အလွတ်တန်းအဆင့်ဆိုတော့ ဆုရရှိတဲ့သူတော်တော် များများက တက္ကသိုလ်ကျောင်းပြီးသွားတဲ့သူတွေ များပါတယ်။ ဒီတော့ စင်ကာပူဆိုက်ဘာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ လူရွေးတဲ့အခါကြတော့ အခက်အခဲလေးရှိတာပေါ့။ စင်ကာပူဆိုက်ဘာပြိုင်ပွဲက တက္ကသိုလ်ကျောင်းသားတွေပဲ တက်လို့ရတဲ့ပြိုင်ပွဲဖြစ်နေတယ်။ ဒီတော့ ဆုရတဲ့ထဲက ကျောင်းသား ၂ ဦးကို ရွေးပြီး သွားရောက်ယှဉ်ပြိုင်ပါတယ်။ ပြိုင်ပွဲဝင် တက္ကသိုလ် အသင်း (၃၆) သင်းမှာ ကျွန်တော်တို့မြန်မာအသင်းက အဆင့် (၂၁) ရပါတယ်။ အလွတ်တန်းအဆင့်ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့ရတဲ့အခြေအနေမှာတော့ အသင်း (၁၀) သင်းမှာ အဆင့် (၆) ရပါတယ်။ အဆင့် (၆) ဆိုပေမယ့် အဆင့် (၅) နဲ့ ကျွန်တော်တို့က အမှတ်ကွာခြားချက်များပါတယ်။ ကျွန်တော်တို့နောက်မှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နဲ့ လာအိုအသင်းတို့ ရှိပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာတော့ ကျွန်တော်တို့ အများကြီး မျှော်လင့်ထားပါတယ်။ ဒီပြိုင်ပွဲက ဆုရရှိတဲ့သူတွေဟာ ဒေသတွင်းပြိုင်ပွဲမှာ အဆင့်မီမီ အကြိတ်အနယ် ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Voice : တချို့အမြင်ကကျတော့ ဆိုက်ဘာလုံခြုံရေးလို့ ပြောလိုက်ရင် Black Activity တွေလုပ်တဲ့သူလို့ ပြေးမြင်တာလည်းရှိမယ်။ နောက်တစ်ခုက ဒီ Black Hacking ကမှ အစစ်အမှန်လို့ ထင်တာလည်းရှိမယ်။ ဒါက ဖြစ်ကိုဖြစ်နေတာ မြင်သာပါတယ်။ ဒီအပေါ်မှာရော ဘာပြောဖို့ ရှိမလဲဗျ။
UMMH : ဒီလိုမြင်ကြတယ်ဆိုတာက အွန်လိုင်းမှာ မြင်ရကြားရတဲ့အပိုင်းမှာ Black Activity တွေကို ပိုမိုတွေ့ မြင်နေရလို့ပဲဖြစ်ပါတယ်။ ဆိုလိုချင်တာက ဘယ်သူက ဘယ် Web Site ကို Deface လုပ်လိုက်ပြီ၊ ဘယ်သူ့ရဲ့ Facebook Account၊ ဘယ် Facebook Page ကို recovery ဆွဲလိုက်ပြီဆိုတာတွေကို တွေ့ရဖန်များလာတော့ ဆိုက်ဘာလုံခြုံရေးဆိုတာ ဒါမျိုးတွေကိုကာကွယ်ဖို့ဆိုတာထက် ဒါမျိုးတွေပါလားလို့ နည်းပညာလောကကို စဝင်ခါစ လူငယ်အချို့နဲ့ နည်းပညာနဲ့ပတ်သက်ပြီး သိပ်ပြီးအကျွမ်း မဝင်သေးတဲ့သူအချို့မှာ ဒီလိုအမြင်မှားလာတာလေးတွေ ဖြစ်လာပါတယ်။ ဒါတွေကတော့ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တဲ့ Law ထွက်လာခဲ့ရင်၊ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်တဲ့ ပညာရှင်တွေ အားကောင်းလာရင်၊ ဆိုက်ဘာမှုခင်းတွေကို ဖော်ထုတ်နိုင်တဲ့ နည်းပညာတွေ ရှိလာရင်တော့ ဒီလိုကိစ္စရပ်တွေ လျော့ပါးသွားမှာပါ။

Voice : ကျွန်တော့်အနေနဲ့ မကြာခဏမေးဖြစ်ပါတယ်။ ဒီနိုင်ငံကလူငယ်တွေအနေနဲ့ ဆိုက်ဘာလုံခြုံရေးကို စိတ်ဝင်စားမယ်၊ လေ့လာမယ်။ တစ်ချိန်မှာ ဒီလူငယ်တွေက ဆန္ဒရှိတယ်ဆိုရင် ဥပမာ mmCERT လို နေရာမျိုးမှာ ပူးပေါင်းပါဝင်နိုင်ခွင့်က ဘယ်လောက်ရှိမလဲဗျ။
UMMH : ဆိုက်ဘာလုံခြုံရေးဆိုတာ နိုင်ငံတော်ရဲ့ လုံခြုံရေးကိစ္စရပ်လိုပဲ တိုးသထက်တိုး၊ လုံခြုံသထက် လုံခြုံရအောင် အမြဲပြုလုပ်နေရမယ့်အရာပါ။ နည်းပညာဖွံ့ ဖြိုးတိုးတက်လာတာနဲ့အမျှ၊ e-Government လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဆိုက်ဘာလုံခြုံရေးကိစ္စတွေက ပိုပြီးအရေးပါလာမှာပါ။ ဒီတော့ ဆိုက်ဘာ လုံခြုံရေးနဲ့ပတ်သက်တဲ့ Firm တွေ ပေါ်ပေါက်လာမယ်၊ Criticial Infrastructure တွေမှာ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး ခန့်ထားမှုတွေ ပိုမိုများပြားလာပါမယ်။ ဒီတော့ mmCERT အနေနဲ့မှ မဟုတ်ပါဘူး။ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် နေရာတစ်နေရာက ရှိပြီးသား ဖြစ်ပါတယ်။ ယခင်နှစ်တွေတုန်းက ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ mmCERT အနေနဲ့ ပြည်တွင်းက လူငယ်နည်းပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့တာတွေရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ အခြားသောနိုင်ငံတွေရဲ့ CERT တွေလိုပဲ အချို့သောကိစ္စရပ်တွေမှာ လက်တွဲဆောင်ရွက်တာတွေတော့ ရှိနေဦးမှာပါ။

Voice : ပြိုင်ပွဲကျင်းပရေးအကြောင်းဘက်ကို ပြန်သွားရအောင်ပါ။ ဒီပြိုင်ပွဲတွေက ပြည်တွင်းမှာ ဘယ်လောက်အထိ ရှိလာဖို့လိုအပ်ဦးမလဲဗျ။ ဆရာတို့အနေနဲ့ရော ဒီလိုပြိုင်ပွဲတွေ ဆက်ပြီးစီစဉ်သွားဖို့ ဘယ်လိုမျှော်မှန်းထားသလဲ။
UMMH : ကျွန်တော်တို့အနေနဲ့ ယခင်တုန်းကတော့ ဒီလိုပြိုင်ပွဲတွေကိုတစ်နှစ်မှာ တစ်ကြိမ်လောက်ပဲ ကျင်းပပေးနိုင်ခဲ့တာပါ။ တက္ကသိုလ်အဆင့်ပြိုင်ပွဲနဲ့ အလွတ် တန်းအဆင့်ပြိုင်ပွဲတွေကိုတော့ တစ်နှစ်မှာ (၂) ကြိမ် ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

Voice : လက်ရှိမှာတွေ့ရသလောက်က ပြည်တွင်းကွန်ပျူတာတက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေ အဓိကဝင်ပြိုင်ကြတာတွေ့ရတယ်ဗျ။ ပြင်ပက စိတ်ဝင်စားတဲ့လူငယ်တွေအတွက်ရော သူတို့အတွက် ဘယ်လိုမျိုး စီစဉ်ထားသလဲဗျ။
UMMH : ဒီနှစ်ပြိုင်ပွဲတွေကိုတော့ အများဆုံးဝင်ပြိုင်ဖို့ စာရင်းပေးထားကြတာက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) နဲ့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တို့ပါ။ ထူးခြားတာက ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) ဆိုရင် ဒီနှစ်ကျမှပဲအသင်းမြောက်မြားစွာနဲ့ စတင်ယှဉ်ပြိုင်တာပါ။ အလားတူပဲ အခြားသော ကွန်ပျူတာတက္ကသိုလ်တွေ၊ နည်းပညာတက္ကသိုလ်တွေက စိတ်ပါဝင်စားစွာနဲ့ လာရောက်စာရင်းပေးကြတာ စုစုပေါင်း (၃၅) သင်းတောင် ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲကျင်းပတဲ့ သမိုင်းတစ်လျှောက်မှာ ဒါဟာစာရင်းပေးသွင်းမှု အများဆုံးနှစ်လို့တောင် ပြောလို့ရပါတယ်။ ဆိုက်ဘာလုံခြုံရေးကို စိတ်ဝင်စားကြတဲ့ အခြားသော လူငယ်တွေအတွက်လည်း ကျွန်တော်တို့ နှစ်လယ်လောက်မှာ ကျင်းပတဲ့ အလွတ်တန်းအဆင့် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိမှာဖြစ်တဲ့အတွက် ဒီပြိုင်ပွဲကို မယှဉ်ပြိုင်လိုက်ရလို့ စိတ်မပျက်ကြပါနဲ့လို့ ပြောကြားချင်ပါတယ်။

Voice : နိုင်ငံအနေနဲ့ကြည့်ရင်ကျတော့ ဒီဆိုက်ဘာလုံခြုံရေးကို အစိုးရအနေနဲ့ မျက်ကွယ်ပြု ထားတဲ့သဘောများ ဖြစ်နေလားဗျ။ တစ်ခုခုဟေ့ဆိုရင် အစိုးရဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေက Deface တော့ လုပ်ခံရတာမျိုးလေ။ အချက်အလက်တွေ ပေါက်ကြားဖို့မရှိရင်တောင် ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေက ဒီထက်ပိုပြီး လုံခြုံမှုမရှိသင့်ဘူးလားဗျ။
UMMH : ဆိုက်ဘာလုံခြုံရေးကို ဖိဖိစီးစီးလုပ်နိုင်တယ်ဆိုတာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပိုမိုလုပ်ဆောင်နိုင်ကြတာ သတိထားမိကြမှာပါ။ ဌာနတွေရဲ့ ဖွဲ့စည်းပုံအရ CSIRT တွေက မရှိမဖြစ်လိုတယ်၊ CSIRT ကို ဦးဆောင်ဖို့ CISO ဆိုတဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အရာရှိချုပ်လိုတယ်။ CISO လိုမျိုးက ဌာနတွေမှာထက် အချို့သော Enterprise ကြီးတွေမှာတောင် မခန့်ထားသလို အချို့အဖွဲ့အစည်းကြီးတွေဆိုရင်လည်း CSIRT တောင်မရှိပါဘူး။ ဒီတော့ ဆိုက်ဘာ တိုက်ခိုက်မှုခံရရင် ဘယ်လိုတုံ့ပြန်ဆောင်ရွက်ရမလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ မရှိကြဘူး။ ဆိုက်ဘာ လုံခြုံရေးအားနည်းချက် ရှိ၊ မရှိကို အမြဲတမ်းစစ်ဆေးနေဖို့ Capacity မရှိကြဘူး။ ဒီတော့ တိုက်ခိုက်မှုဖြစ်တယ်၊ ဖြစ်တဲ့အခါ Upgrade လုပ်တယ်၊ နောက်ထပ်လုံခြုံရေးအားနည်းချက်တစ်ခု ထပ်ပေါ်ရင် ထပ်ပြီးတိုက်ခိုက်ခံရတယ်ဆိုတဲ့ သံသရာကလည်နေတယ်။ ဒီလိုမျိုးကိစ္စရပ်တွေက လျော့နည်းစေဖို့က သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ စနစ်တကျဖွဲ့စည်းထားတဲ့ CSIRT တွေ၊ ကာကွယ်မှုစနစ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ Capacity ပြည့်ဝတဲ့လူတွေ ရှိဖို့လိုပါတယ်။

Voice : ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်ရော။ မြန်မာနိုင်ငံအနေနဲ့ ဆိုက်ဘာလုံခြုံရေးအဆင့်အတန်းက ဘယ်လောက်မှာ ရှိမလဲဗျ။ အဲ့ဒါလေး နှိုင်းယှဉ်ချိန်ထိုးပေးပါဦး။
UMMH : ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ ကျွန်တော်တို့ နောက်ကျကျန်နေပါတယ်။ ITU ရဲ့ Global Rank အရဆိုရင်တော့ ကျွန်တော်တို့က ဒေသတွင်းနိုင်ငံတွေမှာ Rank မြင့်ပါတယ်။ ဒါပေမဲ့ CERT တွေရဲ့ ဖွဲ့စည်းပုံ၊ Capacity၊ Rules and Regulation အပိုင်း၊ အခြားသောအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုပိုင်းတွေမှာတော့ လာအိုတို့၊ ကမ္ဘောဒီးယားတို့က ကျွန်တော်တို့ထက် သာသွားပါပြီ။

Voice : အချုပ်အနေနဲ့ပေါ့လေ။ ဒီဆိုက်ဘာလုံခြုံရေးအခန်းကဏ္ဍမှာ လူငယ်တွေရဲ့ ပါဝင်နိုင်ခွင့်၊ နိုင်ငံအဆင့် အလေးထားဆောင်ရွက်မှု စသည်ဖြင့်ပေါ့လေ။ ဒီဆိုက်ဘာလုံခြုံရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမှာတွေကို ပြောပေးပါဦးဗျ။
UMMH : ယခင်ကထက်စာရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စွမ်းဆောင်မှုတွေ ပိုမိုတိုးတက်ကောင်းမွန်လာတာ၊ ဆိုက်ဘာလုံခြုံရေးပိုင်းမှာ လူငယ်တွေကို အလေးပေးလာတာကို တွေ့ရမှာပါ။ ကျွန်တော်တို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆိုက်ဘာမှုခင်းတွေ လျော့ကျဖို့၊ ဆိုက်ဘာလုံခြုံရေးတိုးတက်ကောင်းမွန်စေဖို့ ပထမဆင့်ဖြစ်တဲ့ ဆိုက်ဘာ Law ထွက်ရှိနိုင်အောင် ကြိုးစားနေပါတယ်။ အလားတူ လူငယ်တွေအတွက် ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တဲ့အလုပ်အကိုင်၊ အခွင့်အလမ်းတွေကလည်း ပေါ်ပေါက်လာဦးမှာဖြစ်ပါတယ်။

မောင်မန်း